စစ်ရေးအခြေအနေတွေကြောင့် ဝူယန်ကျေးရွာအုပ်စုအတွင်းက ဒေသခံတွေ နီးစပ်ရာတိမ်းရှောင်

29

 

ဧပြီ၊၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာအုပ်စုအတွင်းက ပြည်သူ့စစ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေကြောင့် ဒေသခံပြည်သူအချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ (ဧပြီလ ၅ ရက်နေ့) ညနေပိုင်းက ဝူယန်ပြည်သူ့စစ်ဂိတ်ဘက်ကို KIA တပ်သားတွေကနေ သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

အဲဒီနောက် မနေ့က(ဧပြီလ ၇ ရက်နေ့)မှာ ပြည်သူ့စစ်တပ်သားတွေကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့အတွက် မုတ်ကျိတ်ရွာအနီးက ဓမ္မကျမ်းစာကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ဧပြီလ ၅ ရက်နေ့က ဝူယန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ နေအိမ်မီးရှို့ခံရပြီးနောက် ပြည်သူ့စစ်တပ်သားတွေကလည်း ဝူယန်ကျေးရွာအတွင်းက KIA တပ်သားတွေရဲ့ မိသားစုဝင်တွေနေထိုင်တဲ့ နေအိမ်သုံးလုံးကို မီးရှို့လိုက်ကြတယ်လို့ သိရပါတယ်။

ဝိုင်းမော် ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရလည်း လီဆူရပ်ကွက်ဘက်က ပြည်သူ့စစ်တွေရဲ့ နေအိမ်အချို့လည်း မီးလောင်မှုရှိခဲ့ပေမဲ့ လူထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။

အဲဒီလို နှစ်ဖက်တပ် စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ဝူယန်ကျေးရွာအုပ်စုအတွင်းက ဝေယင်၊ လမြန်၊ ဝူယန်ကျေးရွာအတွင်းက ဒေသခံပြည်သူအချို့ဟာ နီးစပ်ရာဆွေမျိုးတွေဆီနဲ့ ဘုရားကျောင်းတွေဘက် မနေ့က ၇ ရက်နေ့ကနေစပြီး စတင်ထွက်ပြေး တိမ်းရှောင်နေကြပြီလို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

အခုက ပြည်သူတွေကတော့ ကြောက်လို့ ရှောင်ကြတာပေါ့။ ဝူယန်ကလူ တွေကတော့ ဆန်တွေ သယ်ထုတ်တဲ့သူတွေက ထုတ်နေတယ်လို့ ဆိုပါတယ်။

အသင်းတော်ကျောင်းဝင်းတွေမှာသာမက နောင်းချိန်း၊ ဝါရှောင်အစရှိတဲ့ ကျေးရွာဘက် ထွက်ပြေးသူတွေပါရှိပြီး လမြန်ကျေးရွာမှာရှိတဲ့ အိမ်ခြေ ၃၀ က လူဦးရေ ၁၀၀၊ ဝေယင်ကျေးရွာ အိမ်ထောင်စု ၁၁ စုက လူဦးရေ ၅၀ နဲ့ ဝူယန်က အိမ်ထောင်စု ၂၉ စု၊ လူဦးရေ ၁၆၀ လောက်ကတော့ ဝိုင်းမော် လော်ဝေါ်နှစ်ခြင်းအသင်းတော်ကျောင်းဝင်းထဲ မနေ့က ရောက်ရှိနေပြီး ဒီကနေ့မနက်မှာလည်း အဲဒီကျေးရွာသုံးခုက အိမ်ခြေ ၅၀ လောက် ထပ်မံရောက်ရှိခဲ့တယ်လို့ နောက်ထပ် ဒေသခံပြည်သူတစ်ဦးက အခုလို ပြောပါတယ်။

လမြန်၊ ဝူယန်ဘက် ပစ်ခတ်လာကြတဲ့အတွက် ထွက်ပြေးလာကြတာပေါ့။ ဒီနေ့တောင် ထွက်ပြေးလာတဲ့သူတွေ ရှိတယ်။ တစ်ချို့ကတော့ ထွက်မပြေးသေးဘူး။ တစ်ချို့က နောင်းချိန်းဘက် ရောက်နေတယ်။ ဒီနေ့က လမ်းတွေ ပြန်ဖွင့်ပြီလို့ ပြောနေကြတယ်။ ဒါပေမဲ့ ဒေသခံတွေတော့ မပြန်ရဲသေးဘူးပေါလို့ ဆိုပါတယ်။

စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေရှိသလို အကြောင်းအမျိုးမျိုးကြောင့် ထွက်မပြေးသေးတဲ့ သေခံတွေလည်း ကျန်နေသေးတဲ့အတွက် ထွက်ပြေးတိမ်းရှောင်သူ စာရင်းအတိအကျကိုတာ့ မသိရှိရဘူးလို့ ဆိုပါတယ်။

ဝူယန်ကျေးရွာဟာ ဝိုင်းမော်-ဝါရှောင်လမ်းပေါ်မှာ တည်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ဝူယန်ကျေးရွာအုပ်စုအတွင်း လူဦးရေ ၅,၀၀၀ ကျော် နေထိုင်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here