လိုင်ဇာကို ဝင်ရောက်မည်ဆိုပါက Quarantine (၁၄) ရက် ဝင်ရမည်

732

မြစ်ကြီးနား၊ စက်တင်ဘာ ၈

ကေအိုင်အိုထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့သို့ ဝင်ရောက်မည်ဆိုပါက Quarantine (၁၄)ရက် ဝင်ရမည်ဖြစ်ကြောင်း ကေအိုင်အို ဗဟို ခသလငိ ၁၉ ရောဂါကာကွယ်နိမ်နှင်းရေး ကော်မတီမှ သိရပါသည်။

ခရီးသွား ရာဇဝင်မရှိပဲ Covid-19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုများ ရှိနေသည့်အတွက် စက်တင်ဘာလ(၉)ရက်နေ့မှ စပြီး ယခုလိုပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ကေအိုင်အို ဗဟို Covid-19 ရောဂါ ကာကွယ် နှိမ်နှင်းရေး ကော်မတီမှ အတွင်းရေးမှူး ဦးဟိန်းဝေါမ်က ပြောသည်။

“အရင်ကတော့ ရောဂါပိုးတွေ့တဲ့ နေရာဒေသကနေဝင်လာသူတွေ Quarantine ဝင်ရမယ်လို့ သတ်မှတ်ထားတာ။ အခုတော့ မနက်ဖြန်ကစပြီး ဒီဘက်ကို ဝင်လာသူတွေ အကုန်လုံး (၁၄)ရက် Quarantine ဝင်ရမယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် Covid-19 ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် စက်တင်ဘာ (၉)ရက်နေ့မှ စတင်၍ စားသောက်ဆိုင်များကို ပါဆယ်ယူစနစ်ဖြင့် သတ်မှတ်ထားကြောင်းနှင့် ည(၉)နာရီအချိန်အထိသာ ဆိုင်များကိုရောင်းချခွင့် ပေးထားကြောင်း ဦးဟိန်းဝေါမ်က ဆက်လက် ဆိုသည်။

“ဒီနေ့ကတော့ ပြည်သူတွေကို အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်။ မနက်ဖြန်ကစပြီးတော့ ထိုင်စားတဲ့စနစ်မရတော့ဘူး။ ပါဆယ်ယူစနစ်သွားရမယ်လို့ ညွှန်ကြားထားပြီ”ဟု ၎င်းက ပြောသည်။

အပြင်သွားသည့် အချိန်တိုင်း နှာခေါင်းစည်းကို အမြဲတပ်ထားရန် ညွှန်ကြားထားကြောင်းနှင့် လူစုလူဝေးကို လူဦးရေ(၅၀)ဦးထက်မပိုရန် စသည့် စည်းမျဉ်းစည်းကမ်းတွေလည်း ချမှတ်ထားကြောင်း လည်း သိရသည်။

လွန်ခဲ့သည့် သြဂုတ်လက ကေအိုင်အိုထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့တွင်းကို ဝင်ရောက်မည်ဆိုပါက သတ်မှတ်ထားသည့် ကိုယ်အပူချိန် (၃၇.၅) စင်တီဂရိတ် ထက်ကျော်လွန်ပါက Munglai Hkyet ဆေးရုံ၌ အနည်းဆုံး(၅) ရက်ဆေးရုံတက်ရမည် ဖြစ်ကြောင်း ကေအိုင်အိုဗဟိုခသလငိ-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးကော်မတီ ထုတ်ပြန်ထားခဲ့ရာမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်းကြောင့် ယခုကဲ့သို့ ပြန်လည်ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်သည်။

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here