ဇွန် ၇
လီဆူတိုင်းရင်းသားများအနေဖြင့် ကချင်လူမျိုးမိသားစုတွင်း ပြဿနာကို ညှိနှိုင်းဆွေးနွေး အဖြေရှာရမည်ကို ဆန္ဒပြ တောင်းဆိုရန်မလိုကြောင်း ကေအိုင်အို/ကေအိုင်အေမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လီဆူတိုင်းရင်းသားများက ၎င်းတို့လူမျိုးများကို ကေအိုင်အို/ကေအိုင်အေက ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး မကျေနပ်၍ ဇွန်လ ၃ ရက်နေ့က မြစ်ကြီးနားမြို့တွင် ကေအိုင်အို/ ကေအိုင်အေကို ဆန္ဒပြခဲ့ပြီးနောက် ကေအိုင်အိုဘက်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“သူတို့ကတော့ နိုင်ငံရေးပါတီနဲ့ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ နိုင်ငံရေးပါတီနဲ့ တိုက်ရိုက် ဆက်သွယ်ပြီးမှ အလုပ်လုပ်ဖို့ကတော့ ကျွန်တော်တို့ ကေအိုင်အို/ကေအိုင်အေအနေနဲ့တော့ အဆင်မပြေဘူး။ သူတို့က နိုင်ငံရေးပါတီဖြစ်နေပါတယ်။ ဒါ တစ်ချက်၊ ဒီ လီဆူတိုင်းရင်းသားတွေ အားလုံးဟာ ကျွန်တော်တို့ လူမျိုးတွေ ဖြစ်ပါတယ်။ ကချင်လူမျိုး အချင်းချင်း အခုလိုမျိုး ဆန္ဒပြပြီးမှ တောင်းဆိုဖို့ကတော့ မလိုဘူးလို့ကျွန်တော်တို့ ပြောလိုပါတယ်။ လိုအပ်တာရှိလို့ရှိရင်တော့ အားလုံး စည်းစည်းလုံးလုံး ညှိညှိနှိုင်းနှိုင်း ဆွေးနွေးအဖြေရှာပြီး လုပ်ရင်ကောင်းပါတယ်။ လီဆူအမျိုးတွေလည်း ကျွန်တော်တို့ ကေအိုင်အေ/ကေအိုင်အို မှာ အများကြီး ရှိပါတယ်။ လူကြီးတွေလည်း အများကြီးပါပါတယ်။ အဲ့ဒါကြောင့် တကယ်လို့များ လီဆူတိုင်းရင်းသားအားလုံးနဲ့ ကိုယ်စားပြုပြီးမှ ပြောလိုတဲ့ကိစ္စတွေ ရှိလို့ရှိရင်တော့ ဒါက ကျွန်တော်တို့ မိသားစုတွင်းဖြစ်ပါတယ်။ အားလုံးညှိနှိုင်းဖြေရှင်းလို့ရတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ကျွန်တော်က အဲ့လိုပဲ ပြောလိုပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။

လီဆူ တိုင်းရင်းသားများကို ကေအိုင်အို/ကေအိုင်အေမှ သတ်ဖြတ်သည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍လည်း ကေအိုင်အို/ကေအိုင်အေ ဗဟိုအနေဖြင့် စစ်ဆေးရေးအဖွဲ့ စေလွတ်ကာ စိစစ်၊ စစ်ဆေးမှုများကို ပြုလုပ်လျက် ရှိနေကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကျွန်တော်တို့ ဘက်က ဝန်ထမ်းတွေ မှားတာလားပေါ့။ ဘာဖြစ်လို့ ဒီလိုဖြစ်သွားတာလဲ။ ဒါတွေကို စိစစ်ဖို့၊ စစ်ဆေးဖို့ ကျွန်တော်တို့ စစ်ဆေးရေး အဖွဲ့တွေကို ကျွန်တော်တို့ ဗဟိုကနေ စေလွတ်ပြီးမှ တာဝန်ပေးလိုက်တာ ရှိပါတယ်။ သူတို့ဘက်က ကျွန်တော်တို့ ဗဟိုဌာနချုပ်ကိုတော့ အခုထက်ထိ ပြန်မရောက်လာသေးဘူး”ဟု ၎င်းကပြောသည်။
ကေအိုင်အို/ ကေအိုင်အေ လက်အောက်ဝန်ထမ်းများမှ ယခုကဲ့သို့ ခြေလွန်လက်လွန် ဖြစ်ပွားခဲ့သည့် ကိစ္စအပေါ် စိစစ်ပြီးပါက ဝန်ထမ်းများကို စည်းမျဉ်းစည်းကမ်းအတိုင်း ထိုက်သင့်သည့် ပြစ်ဒဏ် ပေးသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကျွန်တော်တို့ ဘက်က ကေအိုင်အို/ကေအိုင်အေရဲ့ ဝန်ထမ်းကိုလည်း စိစစ်နေတုန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း တကယ်လို့များ မလုပ်သင့်တဲ့ဟာတွေ လုပ်လို့ရှိရင်တော့၊ ခိုင်လုံမှုမရှိတဲ့ အလုပ်တွေကို လုပ်ပြီးဆိုရင်တော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေကို ပေးရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဇွန်လ ၃ ရက်နေ့က ကေအိုင်အို/ကေအိုင်အေ အပေါ် ဆန္ဒဖော်ထုတ်ရခြင်းသည် မိမိတို့ လီဆူတိုင်းရင်းသားများအပေါ် မတရားဖမ်းဆီး သတ်ဖြတ်နေမှုများကို မခံမရပ်နိုင်သည့်အတွက် ဆန္ဒပြရခြင်း ဖြစ်သည်ဟုလည်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်း(ခ)ဆီဖာလာလူးက ပြောသည်။
“ဒီလို ဆန္ဒဖော်ထုတ် လှည့်လည်ရတဲ့ ရည်ရွယ်ချက်ကတော့ ကေအိုင်အို/ကေအိုင်အေကနေ ကျွန်တော်တို့ လီဆူတွေအပေါ်မှာ မတရားဖမ်းဆီး နှိပ်စက် သတ်ဖြတ်ပြီးတော့ လုပ်တဲ့အတွက် မခံမရပ်နိုင်လို့ လုပ်ရခြင်းဖြစ်ပါတယ်။ သူတို့ကို တောင်းဆိုချက် ၄ ချက်တောင်းဆိုထားပါတယ်”ဟု ဦးရွှေမင်းက ပြောသည်။

၎င်းတို့ တောင်းဆိုသည့် အချက် ၄ ချက်မှာ – (၁)လီဆူလူမျိုးများအပေါ် ကေအိုင်အို/ကေအိုင်အေ အဖွဲ့က မတရားဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့မှုအတွက် ကေအိုင်အို/ကေအိုင်အေဗဟိုမှ တရားဝင် တောင်းပန်ကြောင်း ကြေညာချက် ထုတ်ပြန်ပေးရန်။ (၂)နောက်နောင် လီဆူလူမျိုးများအပေါ် မတရားညှဉ်းပန်း သတ်ဖြတ်မှုများ မပြုလုပ်ရေးအတွက် ကေအိုင်အို/ကေအိုင်အေ ဗဟိုမှ တာဝန်ယူ၊ တာဝန်ခံ ကတိကဝတ်ပြုပေးနိုင်ရန်၊ (၃) သတ်ဖြတ်ခံရသူ လီဆူမိသားစုဝင်များကို နစ်နာကြေးနှင့်အတူ ရိုးရာဓလေ့ထုံးတမ်း၊ ဘာသာရေး ထုံးတမ်းဆိုင်ရာ လူမှုရေး ဆောင်ရွက်မှုများ ဆောင်ရွက်ပေးရန်။ (၄) လီဆူလူမျိုးများအပေါ် အတင်းအဓမ္မ လူသစ်စုဆောင်းပြီး ငွေညစ်ခြင်းမျိုးကို မပြုလုပ်ရန်အတွက် ကေအိုင်အို/ကေအိုင်အေ ဗဟိုမှ ကြပ်မတ်ဆောင်ရွက်ပေးရန် စသည့် အချက် ၄ ချက်ကို တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ကေအိုင်အို/ကေအိုင်အေ လက်အောက်ဝန်ထမ်းများမှ ကျူးလွန်ခဲ့သည့် လုပ်ရပ်များအပေါ် ဗဟိုမှ တာဝန်ယူသည့်အနေဖြင့် သတ်ဖြတ်ခံရသည့် သုံးဦး၏ မိသားစုများကို နစ်နာကြေး ကျပ်သိန်း ၁၅၀ စီနှင့် ထွက်ပြေးခဲ့သူကို ကျပ်သိန်း ၄၀ တို့ကို မြန်မာနိုင်ငံလီဆူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် တွေ့ဆုံကာ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ကေအိုင်အိုဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကျွန်တော်တို့ ဝန်ထမ်းတွေ အခုလိုမျိုး မှားတယ်။ ခြေလွန်လက်လွန် ဖြစ်သွားတယ်ပဲဖြစ်ဖြစ်၊ ဘာလိုပဲဖြစ်ဖြစ် သတ်ဖြတ်ခံရတဲ့မိသားစုတွေကိုတော့ လီဆူရပ်မိရပ်ဖတွေ ရိုးရာယဉ်ကျေးမှုကော်မတီတွေ အားလုံးနဲ့ ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီးမှ သူတို့ကို နစ်နာကြေးတွေလည်း သူတို့ ကျေနပ်တဲ့အထိ ပေးလိုက်ပြီဖြစ်ပါတယ်”ဟု ၎င်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ ရှင်းပြပြောဆိုသည်။

ဒူးလေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းက ၎င်းင်းတို့ တောင်းဆိုထားသည့် အချက် ၄ ချက်မှ နစ်နာကြေးဆိုသည့် အချက် ၃ တွင် လတ်တလော ဖြစ်ပွားခဲ့သည့် လီဆူတိုင်းရင်းသား ၃ ဦးကို သတ်ခဲ့မှုကိုသာ ဖြေရှင်းဆောင်ရွက်ပေးခြင်း ဖြစ်ပြီး ထိုဖြစ်စဉ်မတိုင်မီက ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုများကို အလုံးစုံ ပြီးပြတ်အောင် ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း၊ ကေအိုင်အို/ကေအိုင်အေအနေဖြင့် ကျန်အချက် သုံးချက်ကိုလည်း ဆောင်ရွက်ပေးမည်ဆိုပါက လီဆူနဲ့ ကေအိုင်အိုတို့အကြား မပြေလည်မှုများ ငြိမ်းအေးသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ ၃ ယောက် သတ်မှုကတော့ တစ်စိတ်တစ်ပိုင်း ဖြေရှင်းပြီးပြီလို့ ကြားသိရပါတယ်။ ဒါပေမဲ့ အလုံးစုံကိုတော့ မပြီးသေးပါဘူး။ ဆဒုံးမှာ သတ်ခဲ့တာအတွက် နစ်နာကြေးတွေ မပေးရသေးဘူး။ လူမှုရေးထုံးတမ်း ဆိုင်ရာတွေ မလုပ်ပေးရသေးသလို ဝိုင်းမော် ခါးရှိကိစ္စကလည်း ဘာမှ တစ်စုံတစ်ရာဖြေရှင်းပေးခဲ့ခြင်းလည်း မရှိပါဘူး။ အဲ့ဒီအတွက် ၃ ချက်မြောက်က နစ်နာကြေးဆိုတဲ့နေရာမှာ အလုံးစုံတော့ ပြည့်စုံသေးတာ မဟုတ်ပါဘူး။ သို့သော် ဖြေရှင်းပေးတဲ့အတွက် တစ်စိတ်တစ်ဒေသတော့ ပြေလည်သွားပါပြီ။ ကျန်တဲ့ တောင်းဆိုချက် ၃ ချက်ကိုသာ လိုက်လျောပေးမယ်ဆိုရင် ကျွန်တော်တို့ လီဆူနဲ့ ကေအိုင်အေကြားမှာ သံသယတွေ မယုံသင်္ကာမှုတွေ ငြိမ်းအေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ကျန်ရှိသည့် အချက် ၃ ချက်ကိုလည်း ကေအိုင်အို/ကေအိုင်အေမှ စေလွတ်သည့် စိစစ်ရေးအဖွဲ့ ပြန်လည် ရောက်ရှိခြင်းမရှိသေးကြောင်းနှင့် ဆန္ဒပြတောင်းဆိုမှုတွင်လည်း နိုင်ငံရေးပါတီ ဖြစ်နေသည့်အတွက် မိမိတို့ ကေအိုင်အေနဲ့ တိုက်ရိုက် ဆက်သွယ်ရန် အဆင်မပြေကြောင်း လီဆူတိုင်းရင်းသားများ အားလုံးကိုယ်စားပြုကာ ယခုကဲ့သို့တောင်းဆိုလာပါက တိုင်းရင်းသား ကိုယ်စားလှယ်များအားလုံးနှင့် တွေ့ဆုံပါက အဆင်ပြေမည့် ကိစ္စရပ်ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ထပ်မံပြောဆိုသည်။

“စိစစ်ရေး အဖွဲ့တွေလည်း ပြန်မရောက်သေးဘူး။ နောက်ပြီး သူတို့က နိုင်ငံရေးပါတီ ဖြစ်နေတယ်။ တိုက်ရိုက် ကျွန်တော်တို့နဲ့ ဆက်သွယ်ဖို့တော့ အဆင်မပြေဘူး။ ဒါကြောင့် လီဆူတိုင်းရင်းသားတွေ အားလုံးကိုယ်စားပြုပြီးမှ ခုလိုမျိုးတောင်းဆိုတယ် ဆိုလို့ရှိရင်တော့ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ အားလုံးတွေ့ဆုံညှိနှိုင်းရင် အဆင်ပြေမယ်လို့ ပြောလိုပါတယ်။ ညှိနှိုင်းလို့လည်း ရတဲ့ကိစ္စဖြစ်ပါတယ်။ ခုလိုမျိုး အပြင်ကနေ ဆန္ဒပြပြီးမှ လုပ်စရာတော့ မလိုဘူးလို့ ပြောလိုပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ကျန် အချက် ၃ ချက်အပေါ် ယခုကဲ့သို့ ပြောဆိုခဲ့သည်။

ကချင်နိုင်ငံရေး ပါတီဖြစ်သည့် ကချင်အမျိုးသားကွန်ဂရက် ပါတီကလည်း ဒူးလေးပါတီ၏ ဇွန်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲကို မိမိတို့ပါတီမှ ဆန့်ကျင်ရှုံချကြောင်း ဇွန်လ ၄ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် “ဆန္ဒထုတ်ဖော်ပွဲတွင် ကိုင်ဆောင်သည့် ဆိုင်းဘုတ်တွင် ငြိမ်းချမ်းရေးကို ဆွေးနွေးနေဆဲဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည့် ကေအိုင်အို/ကေအိုင်အေကို အမြစ်ပြတ်ချေမှုန်းပေးရန် တပ်မတော်ထံတောင်းဆိုချက်အပေါ် နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် စစ်ရေးထက် နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံအဖြေရှာနေမှုကို ဆန့်ကျင်ကာ လှုံ့ဆော်ချက်ဖြစ်စေသောကြောင့် ကန့်ကွက်ပါသည်”ဟု ထည့်သွင်းရေးသားထားသည်။

ထို့အပြင် အစိုးရထိန်းချုပ်မှု ဧရိယာပြင်ပအတွင်း ဖြစ်ပွားသော ကိစ္စရပ်များအတွက် ရပ်တည်တောင်းဆိုချက်မှာ ကချင်မျိုးနွယ်စုအားလုံးအတွက် နှစ်ဖက်လက်နက်ကိုင် (၂) ဖွဲ့လုံးထံ တောင်းဆိုရမည်ဖြစ်ပြီး လူမျိုးတစ်စုအတွက်သာ ရွေးချယ် ရပ်တည်တောင်းဆိုမှုသည် ကချင်မျိုးနွယ် ၆ မျိုးစလုံးအတွက် တည်ငြိမ်မှုကို ပျက်ပြားစေသည့် လုပ်ရပ်အဖြစ် ကချင်အမျိုးသားကွန်ဂရက်ပါတီမှ ဆန့်ကျင်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
သို့ဖြစ်၍ ဒူးလေးပါတီမှ တာဝန်ရှိသူများ အနေဖြင့် ကချင်ယဉ်ကျေးမှု ဗဟိုကော်မတီနှင့် သော်လည်းကောင်း ကချင်နိုင်ငံရေး အစုအဖွဲ့များနှင့် သော်လည်းကောင်း ဆန္ဒပြပွဲနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် မိမိတို့ပါတီမှ တောင်းဆိုကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ကေအိုင်အို/ ကေအိုင်အေအပါ်ဆန္ဒဖော်ထုတ်ခြင်းကို လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ဦးဆောင်ကာ ပြုလုပ်ခြင်းဖြစ်ပြီး ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်မှ လီဆူ တိုင်းရင်းသား ၃၀၀၀ ကျော်တို့က ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ယင်း ဆန္ဒထုတ်ဖော်ပွဲတွင် လီဆူတိုင်းရင်းသားများအပြင် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့တို့ကလည်း ပါဝင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ထို့အပြင် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကလည်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ပြုလုပ်သည့် ကေအိုင်အို/ကေအိုင်အေအဖွဲ့ကို ဆန့်ကျင်ရှုတ်ချသည့် ဆန္ဒဖော်ထုတ်ပွဲကို ကြိုဆိုထောက်ခံကြောင်း ဇွန်လ ၁ ရက်နေ့က သဘောထား ထုတ်ပြန်ထားသည်။အမေရိကန်ရောက် လီဆူအဖွဲ့ချုပ်မှလည်း “လီဆူပြည်သူများအား သတ်ဖြတ်ခြင်းနှင့် လီဆူလူငယ်များအား မတရားတပ်သားစုဆောင်းမှုအပေါ် ဆန္ဒပြ တောင်းဆိုမှုကို ကြိုဆိုထောက်ခံကြောင်း”သဘောထား ထုတ်ပြန်ခဲ့သည်။

Salai

LEAVE A REPLY

Please enter your comment!
Please enter your name here