လုံရှာယန်ကျေးရွာအနီး လက်နက်ကြီး/ငယ် ပစ်ခတ်သံများ ပြန်ကြားရ၊ ထပ်မံတိမ်းရှောင်ရမည်ကို ဒေသခံများစိုးရိမ်

507
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

ဖေဖော်ဝါရီ၊၁၅

ကချင်ပြည်နယ်၊ ပူတာအို မြို့နယ် လုံရှာယန်ကျေးရွာနှင့် ဖတ်မာကျေးရွာကြားတွင် ယနေ့ည(၇)နာရီဝန်းကျင်ခန့်ကနေ လက်နက်ကြီး/ငယ် ပစ်သံများ ပြန်လည် ကြားလာရသောကြောင့် လုံရှာယန်ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။

လုံရှာယန်ကျေးရွာနှင့် (၃)မိုင်ဝန်းကျင် ဝေးသည့် နေရာတွင် လက်နက်ကြီး/ငယ်ပစ်သံကြားနေရခြင်း ဖြစ်ပြီး ယင်းဒေသခံများအနေဖြင့် ပြန်လည်ထွက်ပြေးရမည်ကို စိုးရိမ်နေကြကြောင်း သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဖတ်မာ၊ လုံရှာယန်ကြားမှာ (၇)နာရီကျော်လောက်က ကြားရတယ်။ လက်နက်ကြီး/ငယ်သံ ကြားရတာ။ အချက်(၂၀)ကျော်မကတော့ဘူး။ ဆက်တိုက်ကို ပစ်တာ။ ဖတ်မာကျေးရွာမှာတော့ စစ်ကောင်စီတပ်သားတွေ ရှိတယ်။ အပြန်အလှန် ပစ်ကြတာလား အတိအကျဘယ်လိုလဲဆိုတာ မသိရသေးဘူး။ မနက်ဖြန်လောက် ပစ်သံတွေ ပြန်ကြားရပြီး အရမ်းစိုးရိမ်လာရရင်တော့ ပြန်ပြေးဖို့ လုပ်ထားတယ်။ မနက်ဖြန်တော့ မိုးလင်းတာနဲ့ ပြေးရမယ့် သဘောပဲ။ လေယာဉ်လာမှာလည်း ကြောက်တော့”ဟု ၎င်းက ပြောသည်။

လုံရှာယန်ကျေးရွာနေပြည်သူများသည် စစ်ရေးအခြေအနေအရ တောတောင်များတွင် ထွက်ပြေးတိမ်းရှောင်‌နေရာမှ တိုက်ပွဲသံ ငြိမ်ခဲ့သဖြင့် စား၀တ်နေရေး အခက်အခဲကြောင့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ကစပြီး မိမိတို့ နေရပ်၌ ပြန်လည် နေထိုင်နေကြခြင်း ဖြစ်သည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဖေဖော်ဝါရီလ(၁) ရက်နေ့က ဆွမ်ပီယန်ကျေးရွာနှင့် လုံရှာယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်မှ Jet Figther လေယာဥ် (၂) စင်းဖြင့် လာရောက်ဗုံးကြဲခဲ့‌သောကြောင့် ပြည်သူများ ထိခိုက်မှု ရှိခဲ့သည့်အပြင် နေအိမ်ပျက်စီးမှုများလည်း ရှိခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here