လုံရှာယန်ကျေးရွာအုပ်စု၊ မဇွပ်ယန်ကျေးရွာတွင် ပြည်သူ့စစ်နှင့် စစ်ကောင်စီ ပူးပေါင်းတပ်များ ဝင်ရောက်တပ်စွဲပြီး စစ်ကြောင်းဆက်လက်ထွက်ခွာ

195

ဇွန်၊၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ လုံရှာယန်ကျေးရွာအုပ်စု၊ မဇွပ်ယန်ကျေးရွာမှာ ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေ မေလ ၃၁ ရက်နေ့က ဝင်ရောက်လာပြီးရွာခံတွေရဲ့ နေအိမ်တွေမှာ လူစုခွဲဝင်ရောက်တပ်စွဲပြီး တန်ဂျာကျေးရွာဘက်ကို ဆက်လက်ထွက်ခွာသွားပါတယ်။

အင်အား ၅၀ လောက်ရှိတဲ့ အဲဒီစစ်ကြောင်းဟာ မနေ့က မနက် ၈ နာရီလောက်က ပူတာအိုမြို့ဘက်ကနေ ခြေလျင်နဲ့အပြင် ကားတစ်စီးပေါ် လူအချို့နဲ့ပစ္စည်းတွေ တင်ဆောင်ပြီး ဝင်ရောက်လာခဲ့ကြတာလို့ ဆိုပါတယ်။

ဒေသခံတွေရဲ့နေအိမ် ၆ အိမ်မှာ လူစုခွဲပြီ နေထိုင်နေကြပြီး ဒီကနေ့ မနက် ၆ နာရီလောက်မှာ တန်ဂျာကျေးရွာဘက်ကို စစ်ကြောင်းထွက်ခွာသွားပြီ ဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီရွာ(မဇွပ်ယန်)တော့ ကျော်သွားပြီ။ ဒီမနက် တန်ဂျာဘက် ထွက်သွားပြီ။ ခြေကျင်နဲ့ပဲ”လို့ ဆိုပါတယ်။

လက်ရှိ ဒေသခံတွေဟာ တောင်ယာ/ လယ်လုပ်ရမယ့် အချိန်ဖြစ်ပေမဲ့ စစ်ကြောင်းဝင်ရောက်လာတာနဲ့ တောင်ယာသွားသူတွေလည်း နေအိမ်ကိုပြန်လာပြီး သတိထား နေနေကြရတယ်လို့ အထက်ပါ ဒေသခံက ဆိုပါတယ်။

တောင်ယာ/လယ်လုပ်ဖို့ မသွားရဲတဲ့အပြင် ညအချိန် သွားရေးလာရေးတွေကအစ သတိထား သွားထားနေရတယ်လို့လည်း ဆိုပါတယ်။

မေလဆန်းပိုင်းကစပြီး ပူတာအိုမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေ စစ်ရေးလှုပ်ရှားမှု ဆက်တိုက်ဆိုသလို ပိုမိုလုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က တန်ဂျာကျေးရွာဘက်ကို ဝင်ရောက်တပ်စွဲခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်း(အင်အား ၁၀၀ ခန့်) ဟာ မေလ ၂၉ ရက်နေ့ကနေစပြီး ဆွမ်ပီယန်ကျေးရွာဘက် ထွက်ခွာသွားကြပြီလို့လည်း သိရပါတယ်။

ဒါ့အပြင် မေလ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေဟာ ပူတာအိုမြို့နယ်၊ ဖတ်မာကျေးရွာကနေ အနီးအနားကျေးရွာတွေဆီ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် လုံရှာယန် ရွာအနီးအနားမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုတွေ ရှိခဲ့တဲ့အပြင် မတ်လ ၁၈ ရက်နေ့ကလည်း ဖွန်ကျန်းကျေးရွာဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ KIA/PDFပူးပေါင်းတပ်တွေ လုံရှာယန်ကျေးရွာအနီး နှစ်ကြိမ်တိုင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဓါတ်ပုံဟောင်းဖြစ်ပါသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here