ဇွန်၊၁
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန်၊ ကဇူးယန်နဲ့ ဂါးရာယန်ကျေးရွာက နေရပ်ပြန်ကျေးရွာ ဒေသခံတွေ အမှီပြုနေတဲ့ ဒဘတ်ချောင်းမှာ ရွှေတူးဖော်တာတွေ အလွန်အကျွံ ပြုလုပ်နေကြတဲ့အတွက် သက်ဆိုင်ရာက လာရောက် တားဆီးပေးဖို့ ဒေသခံတွေ တောင်းဆိုနေကြပါတယ်။
ဒေသခံရွာသားမဟုတ်ဘဲ ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့နယ်ဘက်ကလာကြတဲ့ သူတွေနဲ့ တရုတ်လုပ်ငန်းရှင်တွေဟာ ရှရော်ကန်(ဒေသအခေါ်) အထက်နားဘက်မှာ ဖောင်ကြီးတွေနဲ့ ရေငုတ်ကျင်းတွေတူးပြီး ရွှေကျင်နေကြတာ ဖြစ်တယ်လို့ ဒဘတ်ယန်ကျေးရွာနေ ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။
“ရွာသားတွေက မတူးဘူး။ ကျွန်မတို့ စစ်ရှောင်နေစဉ်ကာလအတွင်း မြေတွေကုန်သွားပြီ။ လယ်ကွင်းကြားတွေ၊ ရွာကနေ ၃/၄ မိုင်လောက်သွားရတဲ့ နေရာတွေမှာ ရွှေတူးနေကြတယ်။ အခုက ကျွန်မတို့ မြေနေရာတွေကို ပြောင်းဆန်အောင် လုပ်ပစ်လိုက်ပြီ။ တစ်ဖက်မှာက ငှက်ပျောကုမ္ပဏီဝင်တယ်။ လယ်ကွက်တွေမှာက ရွှေတူးတဲ့သူတွေဝင်တယ်။”လို့ ဆိုပါတယ်။
မတ်လအတွင်း ပြုလုပ်ခဲ့တဲ့ ရွာအစည်းအဝေးတစ်ခုမှာ အခုလိုရွှေတူးဖော်တာနဲ့ ပတ်သက်ပြီး ဒဘတ်ယန်ကျေးရွာ အုပ်ချုပ်ရေးမှူးပြောပြချက်အရ ရွှေတူးဖော်ကြတဲ့ ကုမ္ပဏီတွေက အထက်ကခွင့်ပြုချက်နဲ့ လက်မှတ်တွေရရှိပြီး လာရောက်တူးဖော်ကြတာ ဖြစ်တဲ့အတွက် ရွာ ၃ ရွာကပြည်သူတွေအနေနဲ့ ကန့်ကွက်လို့မရတဲ့ အခြေအနေကို ရောက်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ကုမ္ပဏီတွေ မဝင်သေးတဲ့ မြေနေရာတွေကို ဒေသခံတွေအနေနဲ့ အမြန်ဆုံးအခင်းတွေ သွားရောက်ပြုလုပ်ပြီး လက်ဦးမှုရယူထားတာဟာ ရွာမြေကို ကာကွယ်နိုင်မှာဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာသားတွေကို အကြံပြုပြောဆိုတယ်လို့လည်း ဆိုပါတယ်။
အထက်ကခွင့်ပြုချက်ဆိုပြီး ရွှေတူးဖော်တဲ့ သူတွေဟာ ရွာ ၃ ရွာစလုံးကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းမှာ သုံးစွဲဖို့ ဆိုပြီး ကျပ်သိန်း ၁၀၀ စီပေးအပ်ခဲ့တယ်လို့ ကြားသိရကြောင်း အထက်ပါ ဒဘတ်ယန်ကျေးရွာအမျိုးသမီးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပြပါတယ်။
“ရွှေတူးလို့ ပျက်စီးသွားတဲ့ဟာကို ရွှေတူးဖော်ရေးကုမ္ပဏီတွေ ပေးတဲ့ငွေနဲ့ ပြန်လုပ်မယ်ပြောတာ အခုထိလမ်းလုပ်တာလည်း မတွေ့မိသေးဘူး။ ဘယ်မှာ ဘာလုပ်သလဲဆိုတာ မသိဘူး။”လို့ ဆိုပါတယ်။
အခုအချိန်မှာ ဒဘတ်ချောင်းတစ်လျှောက်မှာ တချို့က တဲထိုးပြီး ရွှေကျင်တဲ့သူတွေရှိသလို ချောင်းပေါ်မှာ ဖောင်နဲ့ မျှောပြီး ရေငုတ်ကျင်းတူးတဲ့သူတွေလည်း ရှိနေတယ်လို့ သိရပြီး အဆိုးဆုံးက ဖောင်နဲ့ တူးတဲ့သူတွေဟာ ကျောက်တွေကို ရေလယ်မှာ ပုံထားတဲ့အတွက် ချောင်းပုံစံပျက်တာတွေ ဖြစ်နေတာပါ။
ဒါ့အပြင် ရေလယ်ခေါင်မှာ တူးနေကြတာဖြစ်လို့ ချောင်းကမ်းပါးပြိုတာမျိုးတွေအထိ ဖြစ်နေတဲ့အတွက် ဒဘတ်ယန်ကျေးရွာဘက်က လယ်နဲ့ ခြံမြေတွေတင်မက ကဇူးယန်ကျေးရွာဘက်က လယ်နဲ့ ခြံမြေတွေလည်း ပြိုကျတာတွေ ဖြစ်နေတယ်လို့ ကဇူးယန်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
“လိမ္မော်သီးခြံမြေတွေ၊ ကမ်းပါးတွေ ပြိုကျသွားတယ်။ သူတို့က ဘက်ဟိုးတွေနဲ့ ရေလယ်မှာ တူးနေတဲ့အတွက် သူများတွေရဲ့ မြေနေရာတွေ၊ တမင်ဘက်ဟိုးနဲ့ မကုပ်ပေမဲ့ ရေလယ်မှာတူးထားတဲ့ အရှိုန်တွေနဲ့ ပါသွားတယ်။ ရေကြီးရင်က ကမ်းပါးတွေပြိုလာတယ်။ အဲဒီလိုဖြစ်နေတယ်။”အထက်ပါအမျိုးသမီးက ရှင်းပြပါတယ်။
ဒဘတ်ယန်ကျေးရွာဘက်ခြမ်းကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ရွှေတူးဖော်ကြတဲ့အပြင် ရွာသားတွေ စစ်ရှောင်နေတဲ့ ကာလအတွင်းမှာလည်း ချောင်းတစ်လျှောက်က ဒေသခံတွေရဲ့ မြေတွေကို အားလုံးရွှေတူးဖော်လိုက်ကြတဲ့အတွက် ရွှေတွင်းတွေကြီးဖြစ်ကုန်ပြီလို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီကျေးရွာတွေဟာ ပြန်လည်ထူထောင်ရေးကာလဖြစ်တာကြောင့် တချို့ဒေသခံတွေက ချောင်းရေကို တစ်ကိုယ်ရေသန့်ရှင်းရေး အတွက်သာမက ချက်ပြုတ်ရာတွေမှာလည်း သုံးစွဲနေကြတာဖြစ်ပေမဲ့ အထက်ဘက်မှာ ရွှေတူးဖော်နေတဲ့အတွက် ရေနောက်နေတဲ့အပြင် စက်သုံးဆီတွေ ရောနှောနေတဲ့အတွက် အဆင်မပြေမှုတွေ ကြုံတွေနေရတာပါ။
ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာလူကြီးတွေ၊ ဘာသာရေးခေါင်းဆောင်တွေ ပိတ်ပင်ထားတဲ့အတွက်အဲဒီကျေးရွာတွေထဲက ဒေသခံတွေက ရွှေတူးဖော်တာမလုပ်ကြပေမဲ့ တစ်ခြားဒေသက သူတွေကနေ ဒဘတ်ယန်ကျေးရွာဘက်ကနေ ဝင်ပြီး ရွှေတူးဖော်တာတွေကို လုပ်နေကြတယ်လို့ ကဇူးယန်ကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
“အများပိုင်းက ဒဘတ်ယန်ကျေးရွာဘက်က ဝင်တာ၊ ကဇူးယန်ဘက်ကတော့ မဝင်ခိုင်းပေမဲ့ ဒဘတ်ယန်က ဝင်သွားတော့ ဒဘတ်ချောင်းက ကဇူးယန်နဲ့ ဒဘတ်ကြားကဆိုတော့ ဘာမှပြောလို့မရတော့ဘူး။ ကျွန်မတို့ဘက်ကလည်း အားလုံးပါသွားတယ်။” လို့ဆိုပါတယ်။
အဲဒီလို အနည်းအကျဉ်းလာပြီး တူးဖော်ကြတဲ့သူတွေက အုပ်ချုပ်ရေးဆိုဒ်ကို တစ်လမှာ ၅ သောင်းကျပ်ပေးပြီး တူးကြတယ်လို့ ကြားခဲ့ရတယ်လို့ ကဇူးယန်ကျေးရွာမှာနေထိုင်တဲ့ နောက်ထပ် အမျိုးသမီးတစ်ဦးဆီက သိရပြီးတော့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒဘတ်ယန်ကျေးရွာအုပ်ချုပ်ရေးမှူးကို မြစ်ကြီးနားသတင်းဂျာနယ်က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိပါဘူး။
အဲဒီကျေးရွာတွေဟာ မြစ်ကြီနား-ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်မှာ တည်ရှိပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ မြန်မာစစ်တပ်တို့ရဲ့ ၂၀၁၁ ခုနှစ်က တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ၁၀ နှစ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်ခဲ့ရတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။