လုံရှာယန် စစ်ရှောင်ပြည်သူများ စစ်ရေးတင်းမာလာမည်ကို စိုးရိမ်နေ၊ စစ်ရှောင်နေစဉ် နေရာထိုင်ခင်းနှင့် အစားအသောက် ခက်ခဲမှုများလည်း ရှိနေ

513
ဓါတ်ပုံ- လုံရှာယန်ကျေးရွာကို အပေါ်စီးက တွေ့ရစဉ်။

ဖေဖော်ဝါရီ၊၉

ကချင်ပြည်နယ်၊ ပူတာအို မြို့နယ် လုံရှာယန်ကျေးရွာရှိ ပြည်သူများသည် လက်ရှိစစ်ရေးအခြေအနေအရ ထွက်ပြေးတိမ်း‌‌ရှောင်နေရပြီး နှစ်ဖက်တပ်က စစ်ရေးအခြေအနေ ပိုမိုတင်းမာလာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ကျေးရွာနေပြည်သူ ထောင်ချီဝန်းကျင်က မိမိမျက်နှာမူရာ ထွက်ပြေးနေကြရပြီး တောတွင်းထဲတွင် နေရာထိုင်ခင်းခက်ခဲမှုတွေသာမက ကလေးနှင့် သက်ကြီးရွယ်အိုများ ဖျားနာနေကြကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။

“ခုလည်း ထွက်ပြေးနေရဆဲပါပဲ။ တစ်ပတ်လောက်တော့ ရှိပြီ။ မနေ့တစ်နေ့ကလည်း မချမ်ဘော့ဘက်ကနေ လက်နက်ကြီး ပြန်ပစ်တယ်။ ရွာအနီးတွေမှာ ကျတယ်။ မရွှေ့ဘူးဆိုရင် လူတွေ ထိကုန်မှာတော့ အသေချာပဲ။ မိုးရွာတဲ့ အချိန်ဆို တဲနဲ့ပဲဆိုတော့ ကလေးရော၊ သက်ကြီး ရွာ်အိုတွေရော ချမ်းပြီး နေနေကြကတယ်။ ဖျားတာတောင် ရှိလာပြီ။ ပိုဆိုးလာမှာလည်း စိုးရိမ်‌နေကြရပါတယ်။ ရေတွေဆိုလည်း မသန့်တော့လေ။ ချောင်းဆိုးတာလည်း ရှိတယ်။ မီးမွေးလို့လည်း မရဘူးဆိုတော့။ အစားအသောက်ကတော့ ဖြစ်သလို စားနေကြရတယ်။ ဒီထက်ပိုပြီး စစ်ရေးတင်းမာလာရင်တော့ မတွေးဝံ့စရာပဲ။ အကုန်လုံးက မျက်နှာမူရာဘက် ထွက်ပြေးကြကုန်တာပေါ့။ လုံရှာယန်မှာက လူဦးရေ(၄)ထောင်လောက်တော့ ရှိတယ် “ဟု ၎င်းက ပြောသည်။

ယင်းအပြင် ဆွမ်ပီယန်နှင့် လုံရှာယန် ကျေးရွာကြားက ဖတ်မာကျေးရွာနေပြည်သူများသည် စစ်ကောင်စီတပ်ကနေ ထွက်ပြေးတိမ်းရှောင်ခွင့်မပေးသောကြောင့် ကျေးရွာနေပြည်သူများ စိုးရိမ်နေကြကြောင်း ၎င်းက ဆက်လက် ပြောသည်။

“ဖတ်မာဘက်လူတွေကျတော့ စစ်ကောင်စီဘက်က မပြေးခိုင်းလို့ ထွက်ပြေးလို့ မရဖြစ်နေတဲ့ သူတွေ ရှိတယ်။ ထွက်ပြေးလာနိုင်တဲ့ သူတွေလည်း ရှိတာပေါ့။ လူက(၃၀၀၀)ထောင်လောက်တော့ ရှိမယ်။ သူတို့ကို ပြန်လာပစ်မှာ ကြောက်လို့ မထွက်ပြေးခိုင်းတာ နေမှာပေါ့”ဟု ၎င်းက ဆိုသည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဆွမ်ပီယန်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်မှ Jet Figther လေယာဥ် (၂) စင်းဖြင့် လာရောက်ဗုံးကြဲခဲ့‌သောကြောင့် ပြည်သူများ ထိခိုက်မှု ရှိခဲ့သည့်အပြင် နေအိမ်ပျက်စီးမှုများလည်း ရှိခဲ့သည်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here