ဧပြီ၊ ၂၃
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာက စစ်ရှောင်စခန်းတွေမှာ လူဦးရေ ၁,၀၀၀ နီးပါးရှိနေပြီဖြစ်တဲ့အတွက် အိမ်သာအသုံးပြုရာမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ စစ်ရှာင်တွေက ပြောပါတယ်။
စခန်းဝင်းတွေထဲမှာ မြေတွင်းအိမ်သာ ၁၀ ခုလောက်ရှိပြီး နှစ်လလောက်ကြာရင် ပြည့်သွားတဲ့အတွက် နေရာပြန်ရွှေ့ပြီး တူးမယ်ဆိုရင်လည်း အဆင်မပြေတာကြောင့် ဆားဗစ်ကန်လိုမျိုး တည်ထားနိုင်မှ အဆင်ပြေမှာဖြစ်တယ်လို့ နောင်းချိန်းစစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။
“လူကများတယ်ဆိုတော့ ကျွန်တော်တို့က ဆားဗစ်ကန်ဖြစ်မှ စုပ်ထုတ်လိုက်လို့ရတာ ဖြစ်တယ်။ အိမ်သာခဏခဏတူးဖို့ကလည်း မဖြစ်ဘူး။ “လို့ ဆိုပါတယ်။
လက်ရှိနိုင်ငံရေးအနေအထားအရ ရေရှည်နေထိုင်ရမယ့် အခြေအနေမျိုးဖြစ်နေတဲ့အတွက် အိမ်သာ၊ ရေတွင်းနဲ့ ရေလှောင်ကန်တွေ လိုအပ်နေတယ်လို့လည်း တာဝန်ခံက ဆက်လက်ပြောပါတယ်။
စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အိမ်သာဆောက်ဖို့နဲ့ အိမ်တန်းလျားတွေ ဆောက်ဖို့အတွက် ဘတ်ဂျတ်ချပေးထားတာရှိပေမဲ့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် ချက်ပြုတ်စားသောက်ကြဖို့အတွက်လည်း ရေပိုက်လိုင်းတွေကို အဆောင်အလိုက် တပ်ဆင်ပေးမှ အဆင်ပြေမှာဖြစ်တယ်လို့လည်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ရေတွင်းကပဲ အားလုံးခပ်သုံးနေရင်တော့ အဆင်မပြေဘူး။ လူအရမ်းများတဲ့အတွက် ရေပိုက်လိုင်းတွေ တပ်ပေးလိုက်ရင်တော့ ခဏအတွင်း အားလုံးရေသုံးစွဲနိုင်မှာဖြစ်သလို အဲဒီလိုဆိုရင် ပိုအဆင်ပြေမယ်လို့ ထင်တယ်လေ။“လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-ဝိုင်းမော်လမ်း ပေါ်မှာရှိတဲ့ အောင်မြေ ၁၊ အောင်မြေ ၂၊ ကဇူးယန်၊ ဂါးရာယန်၊ စတဲ့ကျေးရွာတွေဘက်က ဒေသခံ ၁,၀၀၀ လောက်ဟာ နောင်းချိန်းကျေးရွာတွင်းက ခရစ်ယာန်ဘုရားကျောင်းဝင်း၊ စာသင်ကျောင်းဝင်းတွေနဲ့ သာသနာဝင်းအတွင်းမှာ မတ်လ တတိယပတ်လောက်ကစပြီး ခိုလှုံနေကြတာပါ။
လတ်တလော စာကျောင်းဝင်းအတွင်းမှာ ခိုလှုံနေကြတဲ့ စစ်ရှောင်တွေကိုတော့ ကျောင်းမဖွင့်မီအထိပဲ နေခိုင်းရမှာဖြစ်တဲ့အတွက် ပြောင်းရွှေ့နေထိုင်ဖို့ ခြံဝင်းကျယ်ရှိတဲ့ ဒေသခံရွာသားတွေနဲ့ ညှိနှိုင်းပြီး ဝါးတဲတွေ ဆောက်လုပ်နေကြတယ်လို့လည်း သိရပါတယ်။
အဲဒီတဲတွေအတွက်လည်း ဝါးတွေအပြင် မိုးကာနဲ့သွပ်တွေပါ လိုအပ်နေသေးတဲ့အတွက် ကူညီပေးကြဖို့အတွက် စစ်ရှောင်တာဝန်ခံက တောင်းဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ မြစ်ကြီးနား- ဗန်းမော်လမ်းပိုင်းက စစ်ကောင်စီရဲ့တပ်စခန်းတွေကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံတွေ တိမ်းရှောင်ခဲ့ရတာပါ။
ဝိုင်းမော်-လိုင်ဇာလမ်းပေါ်မှာ ဝိုင်းမော်-ခါးရှိ-အင်းလေး-အောင်မြေ ၁- အောင်မြေ ၂- ရွှေညောင်ပင်- ဂါးရာယန်- ကဇူးယန်- ဒဘတ်ယန်-ကန်တော်ယန်- နန်ဆန်ယန် စတဲ့ကျေးရွာတွေတည်ရှိပြီး KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာအနီးမှာ တည်ရှိတာဖြစ်ပါတယ်။







