အမျိုးသားညီညွတ်ရေးအစိုးရကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့တာ ဒီကနေ့မှာ တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်သလို စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပြိုကွဲနေတဲ့ စစ်ကောင်စီတပ်ကို အရှိန်မြင့် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ဒီကနေ့ မေလ (၅) ရက်နေ့မှာကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်မိန့်ခွန်းမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသွားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ အစိုးရကို အတင်းအဓမ္မဖယ်ရှားပြီး ပြည်သူ့အာဏာကို မြန်မာစစ်တပ်က လုယူခဲ့ပါတယ်။အာဏာသိမ်းမှုကိုလက်မခံနိုင်တဲ့ ပြည်သူလူထုတစ်ရပ်လုံးကလည်း မြန်မာစစ်တပ်ရဲ့ မတရားမှုကိုဆန့်ကျင်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ဒါပေမယ့် အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး လက်နက်အားကိုးနဲ့ အဆုံးစွန်ထိ ဖိနှိပ်ရက်စက်တာတွေကို ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာနဲ့ လုံလောက်မှုမရှိဘူးဆိုတဲ့ အတွေးတွေဝင်လာပြီး လက်နက်စွဲကိုင်တော်လှန်ရတဲ့အထိ ဖြစ်လာခဲ့ရတဲ့အကြောင်းကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ဖားကန့်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်းက အခုလိုပြန်ပြောင်းပြောပြပါတယ်။
“စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့ ပြည်သူလူထုက ချက်ချင်းလက်နက်ကိုင်ပြီးမှ တော်လှန်ခဲ့ကြတာ မဟုတ်ဘူး ။ ဒီအကြမ်းမဖက်တဲ့နည်းပေါ့နော်။ ဆန္ဒပြတယ် သပိတ်မှောက်တယ် CDM လှုပ်ရှားမှုမှာပါဝင်တယ်။ ဒီနည်းနဲ့ကျနော်တို့က အရင်ဆုံးဆန့်ကျင်တော်လှန်ခဲ့ကြတာဖြစ်တယ် ။ အကြမ်းမဖက်လှုပ်ရှားမှုတစ်ခုထဲနဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့ရာမှာ လုံလောက်မှုမရှိသေးဘူးလို့ ကျနော်တို့ ယူဆလာကြတယ် ။ အဲ့ဒီနောက်ပိုင်းမှာ ပြည်သူလူထုက လက်နက်စွဲကိုင်လာကြတယ်ပေါ့နော် ။ အဲ့ဒီမှာ ပြောစရာရှိတာက ပြည်သူ့ကာကွယ်ရေး တပ်မတော်တည်ထောင်တာက ဒီကနေ့ဆိုရင် တစ်နှစ်ပြည့်ပြီပေါ့နော် ဒီလိုအချိန်မှာတည်ထောင်ခဲ့တယ်ဆိုပေမယ့် ပြည်သူလူထုရဲ့ လက်နက်စွဲကိုင်တော်လှန်မှုကကြတော့ မနှစ်က ဒီလိုမဖွဲ့စည်းခင် အချိန်ကတည်းကပေါ့နော် “လို့ ကိုအောင်ဟိန်းမင်း ဆိုပါတယ်။
ဒါ့ကြောင့် မိမိကိုယ်ကို ခုခံကာကွယ်နိုင်ဖို့နဲ့ စစ်ကောင်စီကို ပြန်လည်တွန်းလှန်တိုက်ခိုက်နိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတည်ထောင်နိုင်ခြင်းမရှိသေးတဲ့ အစောပိုင်းကာလကနေ လူငယ်တွေဟာ လွတ်မြောက်နယ်မြေတွေမှာ စစ်ပညာကို စနစ်တကျ ဆည်းပူးသင်ယူပြီး လေ့ကျင့်ပြင်ဆင်နေခဲ့ကြတာ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်တာ (၁) နှစ်ပြည့်လာတဲ့အချိန်မှာတော့ တပ်ရင်း ၊ တပ်ဖွဲ့ပေါင်း (၂၅၇) ရင်းထိ ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီဖြစ်ပြီး စစ်ရေးအရနုနယ်သေးတဲ့ တပ်မတော်တစ်ရပ်ဖြစ်ပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အင်မတန်ရင့်ကျက်ပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့ တပ်မတော်ဖြစ်နေပြီလို့ ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF တပ်ဖွဲ့ဝင်တစ်ဦးက အခုလိုပြောပါတယ်။
” ကျွန်တော်တို့နောက်ဆုံး အဖြေရှာခဲ့တဲ့နိုင်ငံရေးက သွေးထွက်တဲ့ နိုင်ငံရေးကို ကျနော်တို့က ရွေးချယ်ခဲ့တာဖြစ်တယ်။ ရွေးချယ်ခဲ့တဲ့အတိုင်း သွေးတွေလည်း ဒီနှစ်အတောအတွင်းမှာ ထွက်ခဲ့တယ် ။ အသက်တွေလည်းအများကြီး စတေးခဲ့တယ်။ ဒါပေမယ့်ထွက်သွားတဲ့သွေးတွေ ပေးဆပ်ရတဲ့အသက်တွေ တန်အောင်အထိတော့ ဒီနှစ်အတောအတွင်းမှာ များစွာခရီးရောက်ခဲ့တယ်လို့ မှတ်ချက်ချချင်တယ်။ “လို့ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကပြည်သူတွေ တရားမျှတမှုမရှိသေးသ၍ နေ့ရက်တိုင်းဟာ တော်လှန်ရေးနေ့ ဆက်ဖြစ်နေမှာလို့ ပကဖ ဖွဲ့စည်းတာ တစ်နှစ်ပြည့်အထိမ်းမှတ် အနေနဲ့ အခုလိုပြောပါတယ်။
“အဲ့ဒီတော့ PDF တပ်မတော် တစ်နှစ်ပြည့်တဲ့ အထိမ်းအမှတ်နေ့မှာ ကျနော်တို့ပြောချင်တာက ကျနော်တို့တပ်မတော် တစ်နှစ်ပြည့်ကနေပြီးတော့ နှစ်တိုင်းနှစ်တိုင်းပေါ့နော် ဒီမတရားမှု လူကိုလူလို အုပ်ချုပ်မခံရမှုပေါ့နော်။ လူ့အခွင့်အရေးဆုံးရှုံးမှု အပါအဝင် နိုင်ငံတော်မှာ တရားမျှတမှု မရှိသေးသ၍ ကျနော်တို့ရဲ့ တော်လှန်ရေးနေ့ ဆက်ဖြစ်နေမှာပဲဆိုတာ မှတ်မှတ်ရရ ပြောချင်ပါတယ်။” လို့လည်း KPDF တပ်ဖွဲ့ဝင်က ဆိုပါတယ်။
လက်ရှိအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကနေ မြို့နယ်ပေါင်း (၂၅၀) မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို စနစ်တကျဖွဲ့စည်းနိုင်ခဲ့ပြီး ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့၊ မြို့ပြပျောက်ကျားအဖွဲ့ (၄၀၀) ကျော်နဲ့လည်း တိုက်ပွဲတွေ ဖော်ဆောင်နိုင်တဲ့အထိ ချိတ်ဆက် နိုင်ခဲ့ပြီ ဖြစ်တယ် လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။
အခုလို အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ စနစ်တကျစုဖွဲ့ပြီး ခုခံတွန်းလှန်စစ်ကို ဆင်နွှဲနိုင်နေတာဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ စိတ်အားထက်သန်မှုအပြည့်နဲ့ ပါဝင်နေတာကြောင့်ဖြစ်တယ်လို့ ကိုအောင်ဟိန်းမင်းက ပြောပါတယ်။
” ဒါတွေကို ကြည့်ချင်းအားဖြင့် ကျနော်တို့ တစ်နှစ်တာနဲ့ လိုက်လျောညီထွေတဲ့ လုပ်ဆောင်နိုင်တာထက်ပိုပြီးတော့ပေါ့နော် လုပ်နိုင်တဲ့အချက်တွေကို ကျနော်တို့မြင်ရမှာဖြစ်ပါတယ်။ ဒီမှာအရေးကြီးဆုံးပြောချင်တာက ဒီလိုလုပ်နိုင်တယ်ဆိုတာက ကာကွယ်ရေးဝန်ကြီးဌာန တစ်ခုထဲရဲ့ ဆောင်ရွက်မှုကြောင့်တော့မဟုတ်ဘူး ။ အဓိကက ဒီတော်လှန်ရေးမှာ ပြည်သူလူထုက စိတ်နှစ်ကိုယ်နှစ်ပြီးတော့မှ အားကောင်းမောင်းသန် စိတ်အားထက်သန်မှုအပြည့်နဲ့ ပါဝင်နိုင်နေလို့ ဖြစ်တယ်ပေါ့နော် ။ ဆိုတော့ ပြည်သူလူထုပါဝင်နေတဲ့ လုပ်ဆောင်မှုပေါ့နော်အားလုံးက နောက်ဆုံးမှာတော့ အောင်မြင်ရမှာပါပဲ။ လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စိတ်ဓာတ်ရေးရာပိုင်းတွေ တိုက်ရည်ခိုက်ရည်ပိုင်းတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကွာခြားပုံကိုလည်း KPDF အဖွဲ့ဝင်တစ်ဦးက အခုလို ရှင်းပြ ပြောဆိုထားပါတယ်။
” ကျနော်တို့က ဒီတိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုနဲ့ ဒီတိုင်းပြည်ရဲ့ အနာဂတ်ပေါ့နော် မျိုးဆက်သစ်တွေရဲ့ ဆက်လက်ကျန်နေတဲ့ခရီးတွေကို ကျနော်တို့က ကိုယ့်အသက်နဲ့စတေးပြီးတိုက်တာပေါ့နော် ။ သူတို့က ဘာအတွက် စတေးပြီးတိုက်သလဲဆိုတာ သူတို့ကိုသူတို့လည်းမသိဘူး။ အဲ့ဒီတော့ တော်တော်များများက ဒီတိုက်ရည်ခိုက်ရည်မှာ ဒီစိတ်ဓာတ်က ကျကျတယ်ပေါ့နော် ။ တစ်ခုခုဆိုရင်ရွာထဲပြေးကပ်လာတယ်။ လူသားဒိုင်းတွေကာလုပ်တယ်။ သူတို့က စစ်သားဆိုပေမယ့်လို့တောင်မှ စစ်တိုက်ချင်တဲ့ စစ်သားမဟုတ်ဘူး စစ်ရှောင်စစ်သားတွေဖြစ်လာတာပေါ့ ။”လို့ ဆိုပါတယ်။
အမျိုးသာညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဇွန်လ (၁) ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဧပြီလ (၂၅) ရက်နေ့အထိ ပြည်သူ့ခုခံတော်လှန်စစ်ဆင်နွှဲခဲ့တဲ့ (၁၁) လတာကာအတွင်းမှာ စစ်ကောင်စီတပ်သား (၁၃၀၀၀) ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ (၄၂၈၀) ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။







