ဝှေခါမှော်တွင် ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျခြင်းကြောင့် လုံ/နယ်ဝန်ကြီးကို အရေးယူမှု ပြုခြင်းသည် ထိရောက်သည့် အကျိုးသက်ရောက်မှု မဟုတ်ဟုဆို

837

ဇူလိုင် ၇

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါမှော်တွင် ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျပြီး လူဦးရေရာချီ သေဆုံးခြင်းကြောင့် တပ်မတော်မှ ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို မူလစစ်ဖက်ဆိုင်ရာ တာဝန်ထမ်းဆောင်စေသည့် အရေးယူမှုပြုခြင်းသည် ယခုဖြစ်ပျက်နေသည့် ကိစ္စအပေါ် ထိရောက်သော အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့က အထွေထွေအတွင်းရေးမှူး ဦးစားဂျီက သုံးသပ်ပြောဆိုသည်။

ဖားကန့်ကျောက်စိမ်းတွင်း ဒေသတွင် တပ်မတော်နှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်သည့် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများရှိသော်လည်း ယခုလိုဖြစ်ပွားခဲ့သည့် ကိစ္စသည် သဘာ၀ သယံဇာတနှင့် ပတ်သက်ပြီး အစိုးရ အုပ်ချုပ်ရေးပိုင်းများနှင့်သာ ပိုမိုသက်ဆိုင်သည်ဟု ဦးစားဂျီက ပြောသည်။

“အခု အရေးယူတယ် ဆိုတာကလည်း ထွေထွေထူးထူး မဟုတ်ပါဘူး။ နေရာပြောင်းတာလောက်ပဲ ဆိုတော့ ကျွန်တော်တို့ ပြည်သူလူထုတွေအတွက်တော့ ဘာမှ ထူးမလာဘူးပေါ့။ ဥပမာ ဖားကန့်မှာ တာဝန်ကျတာကို စစ်ရေးဘက်ပြန်ရွှေ့တယ်ဆိုတာကတော့ ခေါင်းစဉ်နဲ့ အရေးယူတယ်လို့ မြင်တယ်။ တစ်ခုခု ဥပဒေပိုင်းဆိုင်ရာအရ ဗခအငသည ပိုင်းဆိုင်ရာအရ အရေးယူမှုရှိရမယ်ပေါ့”ဟု ဦးစားဂျီက ပြောသည်။

ယခုကဲ့သို့ တပ်မတော်၏ အရေးယူဆောင်ရွက်မှုနှင့် ပတ်သက်ပြီး မည်သည့်ပုံစံဖြင့် အရေးယူသွားမည် ဖြစ်ကြောင်းကို ပြည်သူများထံ တိတိကျကျ ရှင်းပြရန်လိုအပ်ကြောင်း၊ အစိုးရပိုင်းမှလည်း အုပ်ချုပ်ရေး တာဝန်ရှိသူများကို အရေးယူမှုများ ပြုလုပ်သင့်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးဂွမ်ဂရောင်အောင်ခမ်းက ပြောသည်။

“ဘာကြောင့်အရေးယူတယ်။ ဘယ်လိုဖြစ်တယ် ဆိုတဲ့ဟာကို တိတိကျကျ ပြောဖို့လိုပါတယ်။ အဲဒီ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ လွတ်လပ်တဲ့ ကော်မရှင်ဆိုပြီး ဖွဲ့ပြီးမှ စုံစမ်းသင့်တယ်။ အစိုးရကနေ စုံစမ်းတယ် ဆိုတာလောက်လေး လုပ်တာကတော့ သိပ်ပြီး ထိရောက်မှာ မဟုတ်ဘူး ထိကိုမထိရောက်ဘူး။ စကားပြောဆိုတာကအစ အကုန်လုံး ပြည်သူလူထုအပေါ်မှာ ထိခိုက်တဲ့ဟာမျိုးတော့ ကျွန်တော်တို့ လုံး၀ လက်ခံမှာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ မြေပြိုပြီး လူအသက်များစွာ ဆုံးရှုံးမှုသည် ခေတ်အဆက်ဆက် အစိုးရများ၏ ပေါ်လစီမှားယွင်းမှုများ၊ လက်ရှိအစိုးရ၏ စီမံခန့်ခွဲမှု လိုအပ်ချက်များကြောင့် ဖြစ်ကြောင်း၊ အစိုးရအဖွဲ့နှင့် ကုမ္ပဏီများတွင် တာဝန်ရှိကြောင်း ဦးဂွမ်ဂရောင် အောင်ခမ်းက ဆက်လက်ပြောသည်။

“အစိုးရရဲ့ ပေါ်လစီဟာ လုံးဝကို မှားယွင်းနေတယ်။ လွန်ခဲ့တဲ့ အစိုးရလက်ထက်ကတည်းက သယံဇာတနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ လုပ်ဆောင်ချက် ဖြစ်တယ်။ လက်ရှိအစိုးရလည်း မှားယွင်းပြီးမှ အခုထိ လုပ်ဆောင်နေတယ်။ ပေါ်လစီနဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ အပိုင်းဖြစ်တယ်။ ဒါကြောင့် မဖြစ်သင့်ဘဲ ဖြစ်လာတဲ့ ပြဿနာဖြစ်တယ်။ အစိုးရဆီမှာ တာဝန်ရှိတယ်။ လုပ်ဆောင်တဲ့ ကုမ္ပဏီတွေမှာ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်”ဟု ဦးဂွမ်ဂရောင် အောင်ခမ်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဇူလိုင် (၆)ရက်နေ့တွင် တပ်မတော်က လုံခြုံရေးဆိုင်ရာ အဓိက တာဝန်ရှိသော တပ်မှူးတစ်ဦးနှင့် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ကို မူလ စစ်ဖက်ဆိုင်ရာတာဝန်ကို ပြန်လည်ထမ်းဆောင်စေသည့် အရေးယူမှု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ဝှေခါ ကမ်းပါးပြိုမှုတွင် လက်ရှိအချိန်ထိ သေဆုံးသူရုပ်အလောင်း (၁၇၂)လောင်းနှင့် ဒဏ်ရာရသူ (၅၀)ကျော် တွေ့ရှိထားပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့တွင်လည်း တစ်သုံးလုံး မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ (၁၁၄)ဦး သေဆုံးခဲ့ပြီး လူပေါင်းရာချီ ပျောက်ဆုံးခဲ့ရသည်။

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here