ဒီနေ့ သင့်ကိုယ်သင် အစိုးရလို့ မှတ်ယူလိုက်ပါ။ နောက်ပြီး လုပ်စရာ ဘာတွေရှိလဲ စဉ်းစားကြည့်လိုက်ပါ။ ပြီးတော့ ဘယ်အရာကို ဦးစားပေး ရွေးချယ်လုပ်ဆောင်မလဲဆိုတာ စဉ်းစားကြည့်ပါ။
ဒီနေ့ အစိုးရဖြစ်နေပြီဖြစ်တဲ့ သင့်ကို ပြည်သူတွေတောင်းဆိုနေတာက လတ်တလောဖြစ်နေတဲ့ ကျန်းမာရေးပြဿနာ အခက်အခဲတွေ၊ တစ်နိုင်ငံလုံး ဆိုးရွားစွာဖြစ်နေတဲ့ သွေးလွန်တုပ်ကွေး၊ ရာသီပေါ်တုပ်ကွေး၊ ဆင်တုပ်ကွေး စတာတွေကို ဖြေရှင်းပေးဖို့…၊ သဘာဝဘေးအန္တရာယ်တွေကြောင့် ဖြစ်နေတဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက မိုးကြီးရေလျှံ၊ မြေပြို၊ တောင်ပြိုတာတွေကြောင့် အသက်အိုးအိမ် ပျက်စီးဆုံးရှုံးပြီး ဒုက္ခပင်လယ်ဝေနေရသူတွေအတွက် ကယ်ဆယ်ရေးကိစ္စတွေ….။
နိုင်ငံအနာဂတ်ကောင်းစားဖို့ ပညာရေးအခန်းကဏ္ဍကို မြှင့်တင်ဖို့၊ သင်ရိုးညွှန်းတမ်းတွေ ပြောင်းလဲဖို့ အကောင်အထည်ဖော် ဆောင်ရွက်ရမှာတွေ…။ ပြည်တွင်းစစ်မီးတွေကြောင့် အိုးအိမ်စွန့်ခွာ ပစ်ပြေးလို့ ဒုက္ခသည်ဘဝရောက်နေသူတွေကို ကူညီထောက်ပံ့ဖို့နဲ့ လုံခြုံစိတ်ချစွာနေရပ်ပြန်ပြီး လုပ်ကိုင်စားသောက်နိုင်အောင် ကူညီဖေးမ လုပ်ဆောင်ဖို့ လိုအပ်ချက်တွေ….။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်ပြီး ထာဝရငြိမ်းချမ်းရေးရဖို့ အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် လုပ်ငန်းဆောင်တာတွေနဲ့ ကျင်းပရမယ့် ပင်လုံညီလာခံကိစ္စရပ်တွေ…ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေဖြစ်အောင် လုပ်ဆောင်နေသူတွေနဲ့ အမုန်းစကားဖြန့်ချိနေသူတွေကို ရှာဖွေဖော်ထုတ် အရေးယူဆောင်ရွက်ဖို့ လိုအပ်နေတာတွေ…။
တိမ်းစောင်းနေတဲ့ တရားရေးမဏ္ဍိုင် တည့်မတ်ဖို့နဲ့ အကျင့်ပျက်ခြစား ဝန်ထမ်းတွေကို ဖော်ထုတ်အရေးယူဖို့ လိုအပ်နေတာတွေ…၊ တရားဥပဒေစိုးမိုးရေးနဲ့ ခိုင်ခံ့တည်မြဲ ကောင်းမွန်ပြည့်စုံတဲ့ဥပဒေတွေ ဖြစ်လာဖို့အတွက် ပြင်ဆင်ဖို့ လိုအပ်နေတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စတွေ…။
တိုင်းနဲ့ ပြည်နယ်အသီးသီး၊ တိုင်းရင်းသားဒေသအသီးသီးနဲ့ နယ်စပ်ဒေသတွေ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် လုပ်ဆောင်ရမယ့်အရာတွေ…၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးနေမှုတွေနဲ့ လယ်ယာမြေပြဿနာတွေ…၊ သဘာဝသယံဇာတတွေကို ပွင့်လင်းမြင်သာစွာ တူးဖော်ထုတ်လုပ် ရောင်းချတင်ပို့နိုင်ဖို့ အကောင်ထည်ဖော် လုပ်ဆောင်ရမှာတွေ…။
အိမ်နီးချင်းနိုင်ငံတွေရဲ့ မတရားနယ်ချဲ့ ဝင်ရောက်လုပ်ဆောင်လာနေတဲ့ မမျှတတဲ့ စီးပွားရေး လုပ်ကွက်တွေ ဖြစ်တဲ့ သဘာဝဓါတ်ငွေ့တူးဖော်မှု၊ ရေအားလျှပ်စစ်ထုတ်လုပ်မှု၊ မြေပေါ်မြေအောက် သတ္တုတူးဖော်နေမှုတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ လိုအပ်ချက်တွေ…။
မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုပြဿနာတွေ၊ နယ်စပ်ကုန်သွယ်ရေးကိစ္စနဲ့ တရားမဝင် ရွှေ့ပြောင်း လုပ်သားတွေရဲ့ ပြဿနာဖြေရှင်းနိုင်ဖို့ လိုအပ်ချက်တွေ…၊ ခရိုနီ၊ခရိုပြာတွေရဲ့ လက်ဝါးကြီးအုပ် လုပ်ဆောင်နေတဲ့ မတရားတဲ့ စီးပွားရေးကိစ္စရပ်တွေကို စောင့်ကြည့်ကိုင်တွယ်ဖို့ လိုအပ်နေတာတွေ…။
တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ဖို့ အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကူးသန်းရောင်းဝယ်ရေး စတဲ့လိုအပ်ချက်တွေနဲ့ နိုင်ငံတကာက ဝင်ရောက်လာတဲ့ စီးပွားရေးကုမ္ပဏီတွေကို ကြပ်မတ်ကိုင်တွယ်ဖို့…။
ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်၊ ဖိအားပေးနေတဲ့ နိုင်ငံတကာရဲ့ ထိုးနှက်ဝင်ရောက်လာမှုတွေနဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကဏ္ဍတွေ…၊ တပ်မတော်နိုင်ငံရေး၊ ပါတီနိုင်ငံရေးကိစ္စရပ်တွေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်လုပ်ဆောင်ရမယ့် အချက်တွေ…။
တိုင်းသူပြည်သားအပေါင်း လေ၊ ရေ၊ မီး ပြည့်စုံလို့ သူခိုးဓါးပြရန် မပူရဘဲ လုံခြုံစိတ်ချစွာနဲ့ လုပ်ကိုင်ရင်းနှီးစားသောက်နေနိုင်ဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးဖို့ …။
စတဲ့စတဲ့ အချက်တွေ ဖြစ်ပါတယ်။ သင့်အတွက်ပဟေဠိက သင် ဘယ်လိုအကောင်အထည်ဖော်လို့ ဘယ်အရာကို ဦးစားပေးဆောင်ရွက်သွားမှာလဲ ဆိုတာပါ။





