ဒီမိုကရေစီ အစိုးရသစ်လက်ထက်မှာ အထက်တန်းကျောင်းသူတွေအတွက် အသစ်ပြဋ္ဌာန်း သင်ကြားတော့မယ့် Sex Education နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေအပေါ်မှာ ဝေဖန်တာတွေ ရှိနေပေမယ့်လည်း သတ်မှတ်စံနှုန်းတွေနဲ့ကိုက်ညီအောင် ပြဋ္ဌာန်းသင်ကြားသင့်တာ ကြာခဲ့ပါပြီ။
နိုင်ငံတကာမှာ မျိုးဆက်ပွားကျန်းမာရေး သင်ခန်းစာတွေကို အသက် ၃ နှစ်လောက် အရွယ်ကတည်းက ဆရာ/မတွေရော မိဘ/ဘိုးဘွားတွေကပါ နားလည်လွယ်အောင် သင်ကြားပေးကြပါတယ်။ ဒါဟာ ရှက်စရာတစ်ခုတော့မဟုတ်ပါဘူး။ အပျိုလူပျိုအရွယ်တွေဖြစ်လာခဲ့ရင် မိမိကိုယ်မိမိ လိင်ပိုင်းဆိုင်ရာမှာ ရှောင်ကြဉ်ထိန်းသိမ်းရမယ့် အပိုင်းတွေကို ငယ်ကတည်းက သင်ခန်းစာတစ်ခုအဖြစ် မှတ်ယူသင်ကြားပေးနေတာပါ။
မြန်မာနိုင်ငံမှာ ဒီပညာပေးတွေကို သင်ကြားရတော့မယ်ဆိုရင် ပထမဦးဆုံး လိင်လို့ ပြောဆိုလိုက်တာနဲ့ အရိုင်းဖက်ကို အရင်မတွေးမိစေဖို့ပါပဲ။ ကိုယ်ခန္ဓာဖြစ်တည်လာမှုအပေါ်မူတည်ပြီး အသွေးအသားတွေရဲ့ ဖြစ်တတ်တဲ့သဘောတရားတွေကို သင်ကြားရမှာဖြစ်လို့ တကယ်လို့ သဘောပေါက်မမှားဘူးဆိုရင် မိဘတွေအနေနဲ့ သားသမီးကို စိတ်ချလက်ချထားနိုင်တဲ့ အခြေအနေရောက်မှာပါ။
မြန်မာနိုင်ငံအနေနဲ့ မျိုးဆက်ပွားကျန်းမာရေးသင်ခန်းစာတွေကို ထဲထဲဝင်ဝင် သင်ကြားတော့မယ် ဆိုရင် အောင်မြင်နေတဲ့နိုင်ငံတကာက ကျင့်သုံးတဲ့စနစ်တွေကို လေ့လာထည့်သွင်းရမယ့်အပြင် သင်ကြားမယ့် ဆရာ/မ တွေကိုယ်တိုင်ကလည်း အကောင်းဆုံးနားလည်ပြီး တိကျသေချာတဲ့ သင်ကြားမှုစနစ်တွေနဲ့ ကလေးတွေ နားလည်လွယ်အောင် သင်ကြားပေးနိုင်ရမှာပါ။
လူတစ်ဦးရယ်လို့ဖြစ်လာရင် ငယ်ကတည်းက သူ့အလေ့အထသူ ရှိလာပြီးသားပါ။ ဒါကိုတားလို့မရပါဘူး။ စိတ်ကစားတဲ့ အရွယ်ကစလို့ တဏှာရာဂစိတ်ကုန်တဲ့အထိ လူ့သဘောသဘာ၀ အခြေအနေတွေကို ဖြတ်သန်းရမှာပါ။ ဒါကြောင့်မမှားသင့်တာ၊ မမှားရအောင် ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းရှိအောင်၊ ကိုယ်ပိုင်တစ်ဦးတည်း လျှောက်ရမယ့်လမ်းတွေမှာကိုယ်ပိုင်အသိပညာတွေ ငယ်ကတည်းကသိနေအောင် မိမိအန္တရာယ်ကို ကြိုတင်သိမြင်နိုင်အောင် မဖြစ်မနေသင်ကြားပေးရမှာပါ။
နားလည်ဖို့ နောက်တစ်ခုလိုအပ်တာက လိင်နဲ့တဏှာကိုကွဲကွဲပြားပြားသိမြင်ဖို့ပါပဲ။ ငယ်စဉ် ကတည်းက စေ့စေ့စပ်စပ်မသင်ကြားခဲ့ရ၊ အသိပညာမရ၊ ကွဲကွဲပြားပြား မသိခဲ့ဘူးဆိုရင် အသက်အရွယ် ကြီးရင့်လာတဲ့အခါမှာ မိမိကိုယ်ကိုယ် မိမိတန်ဖိုးထားတတ်ဖို့က အရမ်း ခက်ခဲသွားပါလိမ့်မယ်။
ဒါကြောင့် ကောက်ချက်ချလွယ်၊ အယူမှားစိတ်လွယ်၊ ဒီမိုကရေစီမရင့်ကျက်သေးတဲ့ ဒီနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာပညာပေးတွေကို သင်ကြားမယ်ဆိုရင် အထူးဂရုပြုဖို့လိုပါလိမ့်မယ်။ တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ အတွေးကိုယ်စီ ရှိကြပါလိမ့်မယ်။ ဒါကြောင့်ပဲ ဒီပညာတွေရဲ့ အရေးကြီးပုံကို ကလေးတွေတင်မကဘဲ ကျောင်းသားမိဘတွေ၊ လူကြီးလူငယ်တွေ အကုန်လုံး နားလည်နိုင်အောင် အသိပညာပေးတွေကို တစိုက်မတ်မတ်လုပ်ဖို့ကလည်း အရေးကြီးနေပါတယ်။
ဒီပညာသင်ကြားရရင် အဓိကရရှိနိုင်မယ့် အခွင့်အရေးကမိမိကိုယ်မိမိ တန်ဖိုးထားတတ်ခြင်းပါပဲ။ “ဒီဟာရှက်ရှက်၊ ဘယ်သူမှ ထိလို့မရဘူးနော်” ထိလာရင် ဘယ်လိုနေထိုင်ကျင့်ကြံရမယ်ဆိုတာတွေကို နေ့စဉ်နဲ့အမျှ သေသေချာချာသင်ကြားပေးနေရင် အရွယ်ရောက်တဲ့အခါ သင်စရာမလိုတော့ဘဲ မိမိကိုယ်မိမိ ကာကွယ်နိုင်သွားပါလိမ့်မယ်။
နောက်တစ်ချက်က လိင်အင်္ဂါနဲ့ အခြားနေရာတွေကို အန္တရာယ်ရှိတဲ့နေရာတွေဆိုပြီး ကြောက်စိတ်မဝင်အောင် လက်လွတ်စံပယ် မသင်ဘဲ သဘာဝကျကျ သင်ပေးနိုင်အောင် လုပ်ရပါမယ်။ အဓိကသင်ကြားပေးရမှာက မိမိကိုယ်ကိုယ်ကာကွယ်ချင်စိတ်ပေါက်အောင်၊ တန်ဖိုးထားတတ်အောင် သင်ကြားပေးနိုင်ဖို့က အဓိကပါ။
မြန်မာနိုင်ငံမှာ မျိုးဆက်ပွားကျန်းမာရေးအသိပညာတွေ အားနည်းနေလို့ သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှုနဲ့ အမျိုးသမီးတစ်ဦးကို နိုင်ထက်စီးနင်းလုပ်တာတွေက ဒုနဲ့ဒေးပါ။ နှစ်တိုင်းလိုလိုလည်း မုဒိမ်းမှုကျူးလွန်တာတွေ မကြားချင်လည်းကြားနေရပါတယ်။ နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာဖြစ်ခဲ့တဲ့ သက်ငယ်မုဒိမ်းက သက်သေပါပဲ။ ဒါကြောင့် လူကြီးမိဘတွေအနေနဲ့ ဒီလိုကိစ္စမျိုးတွေ မကြားချင်တော့ရင် ဒီသင်ခန်းစာတွေ သင်ကြားမယ့်အပေါ်မှာ အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်ကြပါလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။





