သမ္မတအသစ်ကို ကြိုဆိုထောက်ခံကြောင်း မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ခုနှစ်ဖွဲ့ သဘောထားထုတ်ပြန်

1509
U Win Myint
သမ္မတ ဦးဝင်းမြင့်

ဧပြီ ၂

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ခုနှစ်ဖွဲ့က နိုင်ငံတော်သမ္မတသစ်ဦးဝင်းမြင့်အား ကြိုဆိုထောက်ခံကြောင်း မတ်လ၂၈ ရက်က သဘောထားထုတ်ပြန်ခဲ့သည်။

u win myint

မတ်လ ၂၈ ရက်တွင်သမ်္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးဝင်းမြင့်အား ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)မှ ကြိုဆိုကြောင်းနှင့် သမ်္မတသစ်၏ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးကို ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ကြောင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ထုတ်ပြန်ချက်တွင် ကချင်၊ တအာန်း၊ ကိုးကန့်နှင့် ရခိုင်ဒေသများတွင် ထိုးစစ်နှင့် စစ်ဆင်ရေးများကိုပြုလုပ်နေသော မြန်မာ့တပ်မတော်၏လုပ်ရပ်ကို ကန့်ကွက်ရှုံ့ချကြောင်းနှင့် တိုင်းရင်းသားပဋိပက္ခပြဿနာကို  နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့်နည်းဖြင့်သာ ဖြေရှင်းရန် မြောက်ပိုင်းအဖွဲ့ ၇ ဖွဲ့က တောင်းဆိုခဲ့ကြသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)ကလည်း နိုင်ငံတော် သမ္မတသစ်အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းဦးဝင်းမြင့်အား ကြိုဆိုကြောင်းနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဖော်ဆောင်ရန် တိုက်တွန်းကြောင်းကြေညာချက် ထုတ်ပြန်ထားသည်။

FPNCC ၏ ဒုတိယအကြိမ် အမြဲတမ်းကော်မတီအစည်းအဝေးကို အဖွဲ့ဝင် ၇ ဖွဲ့ဖြင့်ပန်ခမ်းမြို့တွင် မတ်လ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ပြုလုပ်ကာယခုကဲ့သို့ သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

FPNCC သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ  တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၇ ဖွဲ့ဖြစ်သည့်  ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရက်္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး(PSLP)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ (MNTJP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းပြည်နယ်အရှေ့ပိုင်းငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC)၊ ၀ ပြည်သွေးစည်းညီ ညွတ်ရေးပါတီ (UWSP) တို့ဖြင့်ဖွဲ့စည်းထားသည့် ကော်မတီဖြစ်သည်။

နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကို မတ်လ ၂၈ ရက်က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပခဲ့သည်။

Salai  

LEAVE A REPLY

Please enter your comment!
Please enter your name here