ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကျွန်တော်သည် NLD အစိုးရသက်တမ်း တစ်လျှောက်လုံး ဝေဖန်လာခဲ့သူ တစ်ယောက်ဖြစ်ပါသည်။
သို့သော် ယခုအချိန်တွင် ကျွန်တော်တို့သည် ပြည်သူ့ဘက်တော်သား နှင့် အာဏာရှင်ဘက်တော်သားဟူသော တစ်ဖက်ဖက်တွင်သာ ရပ်တည်ရမည်။
နိုင်ငံရေးဟူသည်မှာ ငြင်းခုံရခြင်း ရှိသကဲ့သို့ ပူးပေါင်းဆောင်ရွက်ရခြင်းလည်း ရှိတတ်ပါသည်။ ပူးပေါင်းဆောင်ရွက်ရာတွင် သဘောတူခြင်း/မတူခြင်းကို ပဓာန မထားဘဲ ဘုံ အကျိုးစီးပွားကို ရှေးရှုဦးတည်ရသည်လည်း ရှိပါသည်။
ယနေ့ မြန်မာပြည်သူ ပြည်သား အားလုံး လိုချင်တောင့်တနေသည့်အရာသည် အဓမ္မဝါဒ၏ အကြောက်တရားမှ ကင်းလွတ်ပြီး လူတိုင်းလူတိုင်း မြို့ကြီးပြကြီး ကျေးလက်တောရွာပါ မကျန် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရပြီး လွတ်လပ်ပျော်ရွှင်သည့် ဘဝမျိုးကို ရယူခံစားရန် ဖြစ်ပါသည်။ ထိုကဲ့သို့ဘဝမျိုးကို ရရှိခံစားနိုင်ရေးတွင် စစ်မှန်သည့်ဖက်ဒရယ် ပြည်ထောင်စုစနစ်သည်သာလျှင် အားလုံး၏ဘုံအကျိုးစီးပွားကို အာမခံပေးနိုင်ပါမည်။
ဖက်ဒရယ်စနစ်သည် ခွဲထွက်ခြင်း မဟုတ်ဘဲ၊ ပေါင်းစည်းခြင်းသာ ဖြစ်ပါသည်။ အထက်မှ အောက်သို့ အာဏာ စီးဆင်းခြင်းမျိုး မဟုတ်ဘဲ၊ အောက်ခြေမှ အထက်သို့ အဆင့်ဆင့် အာဏာ တက်ရောက်မှုပင် ဖြစ်ပါသည်။
ကျွန်တော် ဦးဆောင်နေသော သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည်လည်းပဲ ဤသဘောတရားအပေါ်တွင် အခြေခံသောစနစ်ကို တည်ဆောက် သွားမည်ဖြစ်ပါသည်။ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးသည် သဘာဝအရင်းအမြစ်၏ အမွေခံများဖြစ်သည့် အားလျော်စွာ စုပေါင်းခေါင်းဆောင်မှု (collective leadership) ဖြင့် ပူးပေါင်းပါဝင် စီမံခန့်ခွဲနိုင်သည့် အခင်းအကျင်းမျိုးဖြစ်လာအောင် ဖော်ဆောင်သွားပါမည်။ အားလုံး ပူးပေါင်းပါဝင်ကြပါရန် ဆန္ဒပြုပါသည်။
အားလုံးကို လေးစားလျှက်
ဒေါက်တာ တူးခေါင်
ဝန်ကြီး
သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
NUG
April 18, 2021







