“သွေးလွန်တုပ်ကွေးဖြစ်ရင် စောစောသိလေကောင်းလေပဲ။ စောစောသိမှအသက်အန္တရာယ် ကာကွယ်နိုင်မယ်” ဆိုတဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမိုးသူနိုင် နဲ့ တွေ့ဆုံမေးမြန်းခြင်း

991

မိုးတွင်းကာလ ရောက်လာပြီဆိုတာနဲ့ တုပ်ကွေးရောဂါကလည်း အန္တရာယ်ပြုဖို့ ကပ်ပါလာစမြဲပါ။ တုပ်ကွေးအမျိုးအစား ရာပေါင်းများစွာ ရှိတဲ့ထဲကမှ မိုးတွင်းကာလမှာသာ အဖြစ်အများဆုံးဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ လူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုပြုနိုင်တာကြောင့် သတိထားကာကွယ်ရပါမယ်။ ယခုအပတ်မှာတော့ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာတွေ၊ ရောဂါ ရှိ၊ မရှိ စမ်းသပ်မှုတွေနဲ့ သတိထားရမယ့် သိကောင်းစရာတွေကို “မိုး”အထွေထွေရောဂါကု ဆေးခန်းက ဒေါက်တာမိုးသူနိုင်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မင်္ဂလာပါ ဆရာ။ တုပ်ကွေးရောဂါများစွာ ရှိတဲ့ထဲကမှ သွေးလွန်တုပ်ကွေးလို့ ဘာကြောင့် ခေါ်ကြတာလဲ။ သူ့ရဲ့ သဘောသဘာဝကို ပြောပြပေးပါ။
သွေးလွန်တုပ်ကွေးက ခြင်ကိုက်လို့ဖြစ်တယ် ဆိုတာကိုတော့ အားလုံးသိပါတယ်။ သူကလည်း တုပ်ကွေးပဲ။ ဒါပေမဲ့ သွေးလွန်ဆိုတဲ့အတိုင်း သွေးလွန်ပြီးတော့ အသက်အန္တရာယ်ဖြစ်စေတာပေါ့။ အဓိက မိုးရာသီမှာ အဖြစ်အများဆုံး ခြင်ပေါက်ဖွားမှုနဲ့အတူ ဖြစ်တာများပါတယ်။ တုပ်ကွေးအမျိုးအစားပေါင်းက ရာချီရှိပါတယ်။ သူက နံပါတ်တွေနဲ့ ပြောတယ်။ နာမည်မျိုးစုံရှိတယ်။ အုပ်စု အများကြီးပေါ့နော်။

ဟုတ်ကဲ့ရှင့်။ သွေးလွန်တုပ်ကွေးရောဂါက အသေအပျောက်လည်း ရှိတယ်ဆိုတော့ အရင်နှစ်တွေက ဘယ်လိုအခြေအနေထိ ဖြစ်ခဲ့လဲ။
မြန်မာနိုင်ငံမှာဆိုရင် အဖြစ်အများဆုံးကတော့ အသေအပျောက် အများဆုံးက သွေးလွန်တုပ်ကွေး ပေါ့နော်။ လောလောဆယ် တစ်နှစ်ကဖြစ်သွားတဲ့ H1N1 ရှိတယ်။ သွေးလွန်တုပ်ကွေးက နှစ်တိုင်းလည်း ဖြစ်တယ်။ အဖြစ်များတယ်။ မနှစ်ကတော့ ကချင်ပြည်နယ်တစ်ခုတည်းကိုမှ အယောက် လေးထောင်ကျော် လောက် ရှိတယ်။ အသေအပျောက်ကတော့ (၃၀)ကျော်လောက်ဆိုတော့ အခု တအားကြောက်နေရတဲ့ Covid-19 တောင်မှ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဲ့ဒီလောက် မသေဘူး။ အဲ့တော့ သွေးလွန်တုပ်ကွေး ဆိုတာလည်း ကြောက်ရမယ့်ထဲမှာ ပါတယ်။

ရောဂါလက္ခဏာတွေနဲ့ သတိထားရမယ့် အချက်တွေကိုလည်း ပြောပြပေးပါဦး။
ရောဂါဖြစ်ပြီဆိုရင် အဖျားအရမ်းကြီးမယ်။ အဆစ်အမြစ်ကိုက်မယ်။ ဖျားတာ၊ နာတာ တုပ်ကွေးလက္ခဏာတွေပေါ့။ နောက်ပြီး သွေးလွန်တဲ့ လက္ခဏာတွေဖြစ်တဲ့၊ သွေးလန့်တဲ့ လက္ခဏာတွေ ရှိတယ်။ သွေးလန့်တဲ့ လက္ခဏာတွေက သူ့အဆင့်လိုက်ရှိတယ်။ အဓိကက ဖျားတဲ့ လက္ခဏာတွေ ရှိတယ်။ သွေးလန့်တဲ့ လက္ခဏာတွေ ရှိတယ်။ လူတွေကကျတော့လေ ဖျားနာတဲ့ လက္ခဏာတွေကို သိပ်ကြောက်စရာမလိုပေမယ့် သွေးလန့်ပြီဆိုရင် ကြေက်စရာကောင်းတယ်။ ခြင်ကိုက်ပြီး စဖျားပြီ အဖျားတအားကြီးတယ်။ ဖျားပြီးနောက် နှစ်ရက်ကနေ ငါးရက်အတွင်း သွေးလန့်တဲ့ လက္ခဏာတွေ စဖြစ်တယ်။ သွေးလန့်ပြီဆိုရင် လူတွေ သိပ်သတိမထားမိတာကတော့ ဖျားနေတာကနေ နှစ်ရက်သုံးရက် နေရင် အဖျားက ရုတ်တရက်ကျသွားတတ်တယ်။ အမှန်က အဲ့ဒါအဖျားပျောက်သွားတာမဟုတ်ဘူး။ သွေးလန့်တဲ့ လက္ခဏာဖြစ်တယ်။ ရှော့ခ်ရတာလည်း ဖြစ်နိုင်တယ်။ အဲ့ထက်ပိုဆိုးသွားတာဆိုရင် ခြေလက်တွေ အေးမယ်။ ကော်ဖီရောင်တွေ အန်မယ်။ ဝမ်းမဲတွေသွားမယ်။ နောက်ဆုံး ခန္ဓာကိုယ်တွင်း သွေးယိုမယ်။ ဦးနှောက်တွင်း သွေးအန်မယ်။ အဲ့လိုလက္ခဏာနဲ့ပဲ ကလေးက တဖြည်းဖြည်းချင်း အသက်အန္တရာယ်ဖြစ်လာမယ်။ အဲ့တော့ သွေးလွန်တုပ်ကွေးဖြစ်ရင် စောစောသိလေကောင်းလေပဲ။ စောစောသိမှ အသက်အန္တရာယ် ကာကွယ်နိုင်မယ်။

ရောဂါအဆင့် သတ်မှတ်ချက်တွေ ရှိလား။
WHO ကနေ သတ်မှတ်ထားတာက သွေးလန့်တဲ့ အဆင့် လေးဆင့်ရှိတယ်။ အဆင့်တစ်က ပုံမှန် အဖျားဖျားတာပေါ့။ ဖျားတယ်။ ခြေတွေလက်တွေ ကိုက်တယ်။ အဆင့်နှစ်အနေနဲ့ ခန္ဓာကိုယ်မှာ အနီစက်ထွက်တယ်။ နှာခေါင်းသွေးယိုတယ်။ အဆင့်တစ်နဲ့ နှစ်ကတော့ နည်းနည်းသက်သာတယ်။ အဆင့်သုံးနဲ့ လေးကျတော့ တော်တော်ကြောက်ရတယ်။ အဆင့်သုံးဆိုရင် သွေးပေါင်ချိန်တွေ စကျပြီ။ ခြေဖျားလက်ဖျား အေးစက်တယ်။ သွေးတွေအန်တယ်။ ဝမ်းမည်းမည်းတွေ တအားသွားတယ်။ အဆင့်လေးတော့ တော်တော်ကြီးကို ကြောက်ရတယ်။ ရှော့ခ်ရပြီ။ ရှောခ့်ကိုမှ သွေးပေါင်ချိန်တောင် ချိန်လို့မရအောင် ဖြစ်သွားပြီဆိုရင် တော်တော်လေး အဆင့်မြင့်သွားပြီ။ အဆင့်အများကြီးရှိတဲ့ထဲ စောစောသိနိုင်ရင် ကောင်းမယ်။ တုပ်ကွေးကလည်း အများကြီးပဲ။ သွေးလွန် တုပ်ကွေးကလည်း တုပ်ကွေးလက္ခဏာတွေနဲ့လည်း ဆင်တာဆိုတော့ ကျွန်တော်ပြောတဲ့ သွေးလန့်တဲ့ လက္ခဏာတွေကို စောင့်ကြည့်ရမယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်မဖြစ် ဘယ်လိုသိနိုင်မလဲ။ စမ်းသပ်စစ်ဆေးမှုတွေ လုပ်လို့ရပါသလား။
အခုနောက်ပိုင်း သွေးလွန်တုပ်ကွေးကို မြန်မြန်စစ်လို့ရတဲ့ ပစ္စည်းတွေ ပေါ်နေပြီ။ စစ်လိုက်ရင် ငါးမိနစ် ဆယ်မိနစ်အတွင်း အဖြေပေါ်တဲ့ ပစ္စည်းလေးတွေ ရှိနေပြီ။ အဲ့ဒါလေးတွေနဲ့ စစ်ရင် သွေးလွန်တုပ်ကွေးမှန်းသိရင် ပိုဂရုစိုက်လို့ ရတယ်ပေါ့နော်။ စစ်တာကလည်း သိပ်မကြာပါဘူး။ ကျွန်တေ်ာတို့က လက်ထိပ်လေးကို ဆီးချိုစစ်သလိုလေး ဖောက်ပြီးတော့ အောက်မှာစစ်လိုက်တယ်ဆိုရင် ငါးမိနစ် ဆယ်မိနစ်အတွင်း အဖြေပေါ်တယ်။ သွေးလွန်တုပ်ကွေးသေချာပြီဆိုရင် အဆင့်ဘယ်လောက်လဲ သတ်မှတ်ပြီးတော့ အိမ်မှာပဲ ကုမလား။ ဒါမှမဟုတ် ဆေးရုံသွားမလားဆိုတာကို လုပ်မယ်ဆိုရင်တော့ သွေးလွန်တုပ်ကွေးကို ပိုပြီးထိထိရောက်ရောက် ကုနိုင်မှာပေါ့။ အဓိက သူက သွေးလွန်တုပ်ကွေးရဲ့ ရောဂါပိုးကို စစ်တာမဟုတ်ဘူး။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို စစ်တာဆိုတော့ သူက နှစ်ရက်လောက်ဆိုရင် စစစ်လို့ရပြီ။ စစ်လို့အကောင်းဆုံး အချိန်ကတော့ သုံးရက်ပေါ့။ ဖျားပြီးပြီးချင်း နှစ်ရက်သုံးရက်လောက်ဆိုရင် စစ်လို့ရတယ်။ စက်တွေဘာတွေ ကြီးကြီးမားမားမလိုဘူး။ ကိုယ်ဝန်စစ်သလို test kid သေးသေးလေးနဲ့ လက်ထိပ်လေးတွေ ဖောက်ပြီး စစ်လို့ရတယ်။ စစ်လိုက်ပြီဆိုရင် အနီတန်းလေးတွေ ပေါ်လာတယ်။ အနီတန်းလေးတွေပေါ်လာရင် ကျွန်တော်တို့က သုံးမျိုးခွဲလို့ရတယ်။ အဲဒီထဲမှာမှ ဘယ်အတန်းတွေက ပိုကြောက်ရတယ်ဆိုတာ ရှိတယ်ပေါ့။

ရောဂါဖြစ်ပြီဆိုရင် ဘယ်လိုအသက်အရွယ်တွေမှာ အများဆုံးဖြစ်တာတွေ့ရလဲ။ ဘယ်လိုလူတွေမှာ အသက်အန္တရာယ် ပိုစိုးရိမ်ရလဲ။
အဓိကကတော့ အသက်အရွယ်တိုင်း ဖြစ်နိုင်တယ်။
ဒါပေမဲ့ ကလေးတွေမှာ ပိုအဖြစ်များတာကို တွေ့ရတယ်။ ဒါပေမဲ့လို့ လူကြီးတွေမှာဖြစ်ရင် ပိုစိုးရိမ်ရတယ်။ ကိုယ့်ဆီမှာ ရောဂါအခံရှိရင်တော့ ပိုကြောက်ရတယ်။ သတိထားရမယ်။

တုပ်ကွေးကာကွယ်ဆေးတွေ ထိုးနေတာကို တွေ့ရပါတယ်။ ဒီ သွေးလွန်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေး ပေါ်ပြီလား။
သွေးလွန်တုပ်ကွေးက အမျိုးအစား လေးမျိုးရှိတာပေါ့။ အဲ့ဒါကြောင့်မို့လို့ အမျိုးအစားလေးမျိုးလုံးကို ကာမိအောင် ပေးရတဲ့အတွက် စမ်းသပ်အဆင့်မှာပဲ ရှိသေးတယ်။ အောင်အောင်မြင်မြင် မထုတ်နိုင်သေးဘူး။ နိုင်ငံအချို့မှာတော့ စမ်းသပ်ပြီး အောင်မြင်တယ်လို့တော့ ပြောနေကြပါပြီ။ ဒါပေမဲ့ ဈေးကွက်ထဲမှာတော့ မရှိသေးပါဘူး။

သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောကြားပေးပါဦး။
အဓိကကတော့ ဒီရောဂါက ခြင်ကြောင့်ဖြစ်တာဆိုတော့ ခြင်ကိုက်မခံရအောင် နေရမယ်။ နေ့ခင်းဘက်ခြင် ပေါ့နော်။ ခြင်မပေါက်ဖွားအောင် ကာကွယ်ရမယ်။ မိုးတွင်းကာလ မိုးများချိန်ဆိုတော့ ရေသန့်ရေတွေထဲ ပေါက်ဖွားတဲ့အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် တာတွေကို အမြဲ ပြုလုပ်ပေးပါ။ နေ့ခင်း ခြင်ထောင် ထောင်အိပ်တာမျိုးတွေ လုပ်ဖို့ မမေ့ပါနဲ့။ နောက်ပြီး မိုးရာသီမှာ အဓိကကတော့ ဘာကြောင့် ဖျားဖျား သွေးလွန်တုပ်ကွေး လို့ပဲ မှတ်ယူရမယ်။ သွေးလွန်တုပ်ကွေးလို့ သံသယရှိနေရမယ်။ ဘာကြောင့်ဆို သွေးလွန်တုပ်ကွေးက အသက်အန္တရာယ်ဖြစ်ဖို့ အများဆုံးပဲ။ တကယ်လို့ ကိုယ့်ကလေးက အဖျားကြာနေမယ်။ နောက်ပြီး ခုနကပြောသလို သွေးလန့်တဲ့လက္ခဏာတွေ ဖြစ်နေမယ်ဆိုရင် အချိန်မဆွဲဘဲနဲ့ ချက်ချင်း ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားမယ်။ အဲ့ဒါက အရေးကြီးဆုံးပါပဲ။

Ann မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here