ဇွန်၊၁၃
ကချင်ပြည်နယ်၊ကာမိုင်းမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပြီး ရပ်ကွက်အုပ်စု အချို့က အိမ်ခြေတော်တော်များများ အခက်ကြုံနေကြတယ်လို့ သိရပါတယ်။
အခုရက်ပိုင်း မိုအဆက်မပြတ်ဆိုသလို ရွာသွန်းနေတာကြောင့် လဝါးအကျော်က လိုင်နောင်းချောင်းနဲ့ မိုးကောင်းချောင်း ရေကြီးရေလျှံဖြစ်ပြီး ကာမိုင်းမြို့က ဇီးကျွန်းက အိမ်ခြေ(၂၀)အပြင် မအူပင်ဘက်မှာလည်း ရေနှစ်မြုပ်လာနေတာကြောင့် ဒုက္ခရောက်နေကြရတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“မနေ့ကနေ ဟုတ်ပြီ။ ခုက ရေလည်း အဲဒီကပဲခပ်ယူ။ ရေ နီနီကြီးနဲ့ပဲ ထမင်းချက်စားနေ ကြတယ်။ အပေါ့သွား ဘာသွားက အစ။ အိမ်ကြမ်းပြင် မရောက်ရုံ တမယ်ပဲ ရှိတော့တယ်။”လို့ သူက ပြောပါတယ်။
မိုးဆက်ရွာပြီး ရေကြီးတာ မရပ်ဘူးဆိုရင် ကာမိုင်းမြို့ဘက်က ကုန်မြင့်ပိုင်းမှာရှိတဲ့ ဘုရားကျောင်းတွေမှာ ရှောင်ကြဖို့ စဉ်းစားထားကြတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဥရုချောင်း ရေကြီးလာတာကြောင့် ဖားကန့်မြို့ပေါ်ရပ်ကွက်တွေမှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေပါတယ်။