အနိုင်ရအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆီဟူးဒွေ့ နှင့် အင်တာဗျူး

1297
ဦးဆီဟူးဒွေ့

၁။ အမည် – ဦးဆီဟူးဒွေ့
၂။ ပါတီ/အဖွဲ့အစည်း – ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၃။ မွေးသက္ကရာဇ် – ၂၉.၇.၁၉၆၈(၅၀)နှစ်
၎။ လူမျိုး/ကိုးကွယ်သည့်ဘာသာ – လီဆူ/ခရစ်ယာန်
၅။ မှတ်ပုံတင်အမှတ် – ၁/ပတအ(နိုင်) ၀၂၄၇၅၀
၆။ ပညာအရည်အချင်း – ဥပဒေ(စတုတ္ထနှစ်) B.Th
၇။ ဇနီးအမည် – ဒေါ်ချန်ရမ်
၈။ နေရပ်လိပ်စာ – အမှတ် ၄၄၈၊ လမ်းသွယ် ၂၁၊ ခေမာသီရိ၊ မြစ်ကြီးနားမြို့။

ကိုယ်ရေးအကျဉ်း
– ဦးဆီဟူးဒွေ့ကို အဘ ဦးချော်ဖာတီ(ကွယ်လွန်)နှင့် အမိ ဒေါ်ခူမာစဲတို့မှ ၁၉၆၈ ခုနှစ်တွင် ပူတာအိုမြို့နယ်၊                    မူလာအွန်ကျေးရွာ၌ မွေးဖွားခဲ့ပြီး မွေးချင်း (၄) ဦးအနက် အကြီးဆုံးသား ဖြစ်သည်။

– မူလာအွန်ကျေးရွာတွင် နေထိုင်ကြီးပြင်းခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ဒေါ်ချန်ရမ်နှင့် အိမ်ထောင်ကျခဲ့ကာ သားသမီးသုံးဦး ထွန်းကားခဲ့ပါသည်။
– ယခုအခါ ၎င်းတို့မိသားစုသည် မြစ်ကြီးနားမြို့၊ ခေမာသီရိ ရပ်ကွက်တွင် နေထိုင်လျှက်ရှိပါသည်။
– ဦးဆီဟူးဒွေ့သည် အမက ဇီးအွန်၊ အလက မူလာရှီဒီးနှင့် အလက ဒုတ္တန်၊ အထက ပူတာအို၌ တက်ရောက်ခဲ့ကာ ၁၉၉၀ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သူဖြစ်သည်။
– အဝေးသင်တက္ကသိုလ် (မန္တလေး) တွင် ဥပဒေ (စတုတ္ထနှစ်) အထိတက်ရောက်ခဲ့သည်။
– ၂၀၁၀-၂၀၁၃ ခုနှစ်ထိ မြစ်ကြီးနား ဓမ္မတက္ကသိုလ် (M.C.S) သို့တက်ရောက်ကာ B.Th ဘွဲ့ရရှိခဲ့ပါသည်။
– ၎င်းသည် ပညာရေးဌာနတွင် ၁၉၉၀-၁၉၉၂ ခုနှစ်ထိ အ.မ.က ရီကျော်ဒီ၌ မူလတန်းပြကျောင်းဆရာ တာဝန် ထမ်းဆောင်ခဲ့သည်။
– လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတွင် ၁၉၉၂ -၂၀၀၄ ခုနှစ်ထိ လက်ထောက် လ.ဝ.က မှူးတာဝန်ကိုလည်းကောင်း၊ ၂၀၀၄-၂၀၀၉ ခုနှစ်ထိ ဒုတိယလဝကမှူး တာဝန်ကိုလည်းကောင်း ထမ်းဆောင်ခဲ့သည်။ လဝကတွင် တာဝန်ထမ်းဆောင်စဉ် ခေါင်လန်ဖူး၊မကဖ (၃)၊ မြစ်ကြီးနား၊ မိုးမောက်၊ ဆင်ဘို၊ နစက (မောင်တော)၊ နကသ (ကန်ပိုက်တည်)၊ ပူတာအို စသည့်မြို့များသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
– ၂၀၀၆ -၂၀၀၉ ခုနှစ်အထိ ပူတာအိုမြို့နယ်၊ လီဆူစာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်အဖြစ် လည်းကောင်း၊ ၂၀၁၁ ခုနှစ်မှ လက်ရှိအချိန်ထိ မြန်မာနိုင်ငံလီဆူစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၏ တွဲဘက်အတွင်းရေးမှူး(၁)အဖြစ် လည်းကောင်း တာဝန်ယူဆောင်ရွက်လျက် ရှိသည်။
– ကချင်မျိုးနွယ်စုစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များ၊ ဗမာ၊ ရှမ်း၊ စာပေယဉ်ကျေးမှုအဖွဲ့များနှင့် အပြန်အလှန် ချိတ်ဆက်မှု ပြုလုပ်ပေးနေသူလည်း ဖြစ်သည်။

ဒီနေ့မှာ အနိုင်ရသွားပြီဆိုတော့ ဒီအပေါ် ပြည်သူလူထုကို ဘာများပြောလိုပါသလဲ။
ဟုတ်ကဲ့ပါ၊ အတိုင်းမသိကို ပျော်ပါတယ်။ ဘာလို့လဲဆိုရင် ပြည်သူကို လုပ်ကျွေးချင်တဲ့ဆန္ဒကို ဖြည့်ဆည်းခွင့်ရပြီလေ။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်လာပြီဆိုတော့ ကချင်ပြည်နယ်သူ/သားတွေအတွက် ဘာတွေများဦးစားပေးပြီး လုပ်ဆောင်သွားမယ်လို့ စဉ်းစားထားလဲခင်ဗျ။
ကချင်ပြည်နယ်သူ/သားများဆိုတာထက် ဒေသခံတွေရဲ့ အဓိကလိုအပ်တဲ့အရာတွေကို ပြည်သူ့ဆန္ဒကို ကြည့်ပြီးမှ ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်။

အနိုင်မရလိုက်တဲ့ ကိုယ်စားလောင်းတွေကို ဘာများ ပြောဆိုလိုပါသလဲ။
ဒီရွေးကောက်ပွဲကတော့ တစ်ယောက်ပဲ အနိုင်ရမယ်ဆိုတာ အားလုံးသိပြီးသားပါ။ ကိုယ်စားလှယ်တိုင်းကတော့ အကုန်လုံးက ပြည်သူကို အလုပ်အကျွေးပြုချင်တာပါပဲ၊ ဒီတစ်ကြိမ် မနိုင်ရင်လည်း နောင်တွေမှာ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။

အခု မြစ်ကြီးနားမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲမှာ ကြိုတင်မဲကိစ္စ ပြဿနာတွေဖြစ်ခဲ့တယ်ပေါ့၊ အဲ့ဒီအပေါ်မှာရော ဘာများပြောလိုပါသလဲခင်ဗျ။
ဒါကတော့ ကော်မရှင်နဲ့ပဲဆိုင်ပါတယ်။ ကျွန်တော်အနေနဲ့တော့ ဘာမှ ပြောစရာမရှိပါဘူး။

ကြိုတင်မဲကိစ္စကြောင့် ရွေးကောက်ပွဲကို လက်မခံတဲ့ ကိုယ်စားလှယ်လောင်းတွေ ရှိနေတယ်။ အဲ့ဒီကိစ္စအပေါ်မှာ တစ်ခုခု သုံးသပ်ပြောဆိုလိုတာများရှိပါသလား ခင်ဗျာ။
ဒါကတော့ ကျွန်တော်မသုံးသပ်ချင်ပါဘူး။ ကော်မရှင်နဲ့ပဲ သူတို့ပြောရမှာလေ၊ ကော်မရှင်နဲ့ပဲ ဆိုင်ပါတယ်။

ကျင်းပပြီးစီးသွားပြီးဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုရော ကျေနပ်အားရမှုရှိလားခင်ဗျ။
မဲပေးတဲ့သူကတော့ စိတ်ဝင်စားမှု အရမ်း အားနည်းတယ်။ မဲပေးတဲ့ရာခိုင်နှုန်း အရမ်းနည်းပါတယ်။ နည်းသော်လည်းပဲ အခုလို ကျွန်တော်တို့ပါတီရဲ့ ကိုယ်စားလှယ်လောင်း ကျွန်တော့်ကို ထောက်ခံမဲပေးလို့လည်း အနိုင်ရတာပါ၊ ကျွန်တော်အနေနဲ့တော့ အားရကျေနပ်မှုရှိပါတယ်။

ဆရာက လီဆူလူမျိုးတစ်ဦးလည်းဖြစ်တယ်ဆိုတော့ လီဆူအရေးကိစ္စနဲ့ပတ်သက်လို့ ဘာတွေ ဆက်လုပ်သွားမလဲ ခင်ဗျ။
လီဆူလူမျိုးတွေက ကျွန်တော့်ကို ဝိုင်းဝန်းထောက်ခံကြတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ပျော်လည်းပျော်တယ်။ ကျေလည်း ကျေနပ်တယ်။ ကျွန်တော့်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဆိုတာကတော့ လီဆူလူမျိုးအပြင် ကျန်တဲ့ညီအစ်ကို တိုင်းရင်း သားလူမျိုးတွေအားလုံးရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။

Salai

LEAVE A REPLY

Please enter your comment!
Please enter your name here