ကချင်ပြည်နယ်ထုတ် ရက်ကန်းထည်များ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအတွက် စတင်အကောင်အထည်ဖော်

1140
ကချင်ရိုးရာရက်ကန်းထည်

မြစ်ကြီးနား၊ နိုဝင်ဘာ ၈
အောက်တိုဘာလ ၁၀ ရက်နေ့က မြစ်ကြီးနားမြို့ရှိ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်း ကျောင်း၌ ယူကေနိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနနှင့် Turquoise Mountain တို့ ပူးပေါင်းကျင်းပခဲ့သော အခမ်းအနားတွင် ကချင်ပြည်နယ်ချည်မျှင်နှင့် အထည်အလိပ်ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံသွားမည်ဟု ပြောကြားခဲ့သည့်အတိုင်း Turquoise Mountain အဖွဲ့က မြစ်ကြီးနားမြို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ရင်းနှီးမြှုပ်နှံရန်အတွက် လုပ်ငန်းအစီအစဉ်များကို Turquoise Mountain မှ တာဝန်ရှိသူ များနှင့် မြစ်ကြီးနား ရက်ကန်းတာဝန်ခံတို့ ပူးပေါင်းကာ မြစ်ကြီးနား၊ မြို့သစ်ကြီးရပ်ကွက်၊ ဂျန်မိုင်ကောင်း နှစ်ခြင်း ဘုရားကျောင်းဝင်းတွင် ရက်ထည်များအရည် အသွေးမြှင့်တင်ရေးနှင့် ပတ်သက်သော ရက်တို သင်တန်းကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ပို့ချခဲ့သည်။

ကချင်ပြည်နယ်အတွင်းရှိ ရက်ကန်းလုပ်ငန်းရှင်များအနေဖြင့် ကိုယ်ပိုင်အရည်အချင်း၊ ရိုးရာ အဆင်များရှိသော်လည်း ပိုမို ကောင်းမွန်သော အရည်အသွေး၊ အရောင်အဆင်းများဖြင့် အထည်တန်ဖိုး များကို မြှင့်တင်ပြီး နိုင်ငံခြားဈေးကွက်သို့ ထိုးဖောက်နိုင်ရန်သင်တန်းများ လာရောက်ပို့ချခြင်းဖြစ်ကြောင်း မှ ရက်ကန်းတာဝန်ခံ Mrs. Katherine က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“အဓိက ဒီက ရက်ကန်းလုပ်တဲ့သူတွေဆီမှာ ခတ်နိုင်တဲ့အရည်အချင်း၊ ကိုယ်ပိုင်ရိုးရာတွေ အဆင်တွေက ရှိပြီးသား… ဒါပေမဲ့ ကျွန်မတို့အဖွဲ့အစည်းအနေနဲ့က သုတေသနလုပ်ရင်းနဲ့ ဘာမြင်သလဲ ဆိုတော့ ပိုကောင်းတဲ့ ချည်မျှင်အရည်အသွေးတွေနဲ့ နိုင်ငံတကာ ဈေးကွက်က ကြိုက်နိုင်တဲ့ အရောင်တွေ ကို သုံးခြင်းအားဖြင့် အထည်တွေရဲ့ တန်ဖိုးကို ပိုပြီးတော့ မြင့်လာနိုင်စေမယ်လို့ ကျွန်မတို့က ထင်တယ်။ အဲ့ဒါကြောင့်မို့လို့လည်း ရက်တိုသင်တန်းလေးတစ်ခုလုပ်ဖို့ရှိတယ်”ဟု Mrs. Katherine က ပြောသည်။

ယင်းသင်တန်းတွင် အရောင်နှင့် ပတ်သက်သောအဓိပ္ပါယ်၊ ဓာတုဆိုးဆေးများအကြောင်းနှင့် အရောင်စပ်ခြင်း၏ အသုံးဝင်ပုံ၊ ကုန်ကြမ်းချည်မျှင်နှင့်ပတ်သက်သော အကြောင်းအရာများနှင့် ကချင်ရိုးရာ အထည်များနှင့် ပတ်သက်ပြီး ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

“အဓိကကတော့ သူတို့ကဘယ်အရောင်နဲ့ ဘယ်အရောင်က ပိုပြီးလိုက်ဖက်မှုရှိတယ်၊ ဆန့်ကျင်ဘက်ဖြစ်တယ် ဆိုတာတွေကို ပြောပြတယ်။ နိုင်ငံတကာ ဈေးကွက်က ကြိုက်တဲ့အရောင်တွေကို ပြောပြတယ်။ အခုကအများအားဖြင့် လုပ်ဖြစ်နေတာက အရောင်ရင့်တွေကိုပဲ ပိုသုံးဖြစ်နေတာပေါ့။ ဒါပေမဲ့ သူတို့ပြောပုံအရဆိုရင် အရောင်နုတာတွေကိုပဲ ပို သဘောကျကြတယ်လို့တော့ ပြောတယ်။ အရမ်း ကောင်းပါတယ်။ အခုလိုလာပြောပြတာက ကျွန်မတို့ မသိနားမလည်တဲ့သူတွေဆို ပိုပြီး သိရတာပေါ့”ဟု လာရောက်ဆွေးနွေးသူ ဒေါ်ကိုင်ဂျာက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ရက်တိုသင်တန်း အပြီးတွင် ဒေသအလိုက် သွားရောက်လေ့လာပြီး ကချင်ဒေသရိုးရာ အ၀တ်အထည် အရောင်များနှင့် ပတ်သက်၍လည်း ဒီဇိုင်းစာအုပ် ထုတ်သွားမည်ဖြစ်ပြီး နိုင်ငံတကာမှ ၀ယ်ယူသူများထံသို့ သွားရောက်ပြသကာ နိုင်ငံတကာဈေးကွက်နှင့် သွားရောက်ချိတ်ဆက်ပေးသွားမည် ဖြစ်ကြောင်း Mrs. Katherine က ပြောသည်။

“ဒီဇိုင်းစာအုပ် ထုတ်တာတော့ မြန်မြန်ထွက်လာဖို့ မျှော်လင့်တယ်။ ဒီ ဒီဇိုင်းစာအုပ်ကိုသုံးပြီးတော့ ကျွန်မတို့ရဲ့ ဖောက်သည်တွေကို သွားပြီးပြမယ်။ ပြီးသွားလို့ရှိရင် တခြားဒီဇိုင်းနာတွေနဲ့လည်း တွေ့ပြီးတော့ ဒီလိုမျိုးအရောင်တွေနဲ့ ဒီဇိုင်းတွေကို ဘယ်လိုမျိုး ထုတ်ကုန်တွေလို့မြင်လဲ ဆိုတာမျိုးတွေ။ ထုတ်ကုန်တွေကို ထုတ်ဖို့ဆိုတာ အချိန်နည်းနည်း ကြာကောင်းကြာလိမ့်မယ်။ အချိန်ဘယ်လောက် အတိအကျ ဆိုတာကတော့ ပြောလို့မတတ်ဘူး”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Turquoise Mountain အဖွဲ့သည် British Council, UNHCR, USAID နှင့် ကမ္ဘာ့ဘဏ်ကဲ့သို့သော အဖွဲ့ကြီး ၆ ဖွဲ့၏ အဓိကပံ့ပိုးမှုဖြင့် လည်ပတ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကာ ၎င်းစီမံကိန်းအတွက် လာမည့် နှစ်နှစ်အတွင်း ဒေါ်လာ ၇၅၀၀၀၀ ကျော် (ကျပ်သိန်းပေါင်း တစ်သောင်းကျော်) ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ပြီး စီမံကိန်းကနဦးကာလတွင် ကချင်၊ ချင်းနှင့် ရှမ်းပြည်နယ်ရှိ ရိုးရာအထည်အလိပ် လုပ်ငန်းများနှင့် အစပြုပြီး အဆင့်မြင့်အထည်များ ရက်လုပ်ရန်နှင့် ဈေးကွက်ဝင်ဆံ့ရန်အတွက် ရက်ကန်း လုပ်ကိုင်သူများနှင့်အတူ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းအဖွဲ့အစည်းက ကျွမ်းကျင်မှုများနှင့် ရိုးရာဓလေ့ထုံးတမ်းများကို အခြေခံပြီး အထည်အလိပ် ကဏ္ဍကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေသော အမျိုးသမီးများနှင့် ဆင်းရဲနွမ်းပါးသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးမည့်အပြင် မတူကွဲပြားသည့် ဓလေ့ထုံးတမ်းများစွာရှိသော မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here