မိုးသီးဒဏ်ကြောင့် နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ တနိုင်း-လီဒိုလမ်းတစ်လျှောက်က ဒေသခံပြည်သူအချို့ရဲ့ နေအိမ်တွေပြန်လည် ပြုပြင်ဖို့ အကူအညီလိုအပ်နေဆဲ

100

 

မေ၊၁၃

မိုးသီးဒဏ်ကြောင့် နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ တနိုင်း-လီဒိုလမ်းတစ်လျှောက်က ဒေသခံပြည်သူအချို့ရဲ့ နေအိမ်တွေပြန်လည် ပြုပြင်ဖို့ အကူအညီလိုအပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ညက လဂျားဘွမ်၊ ရှင်လုံ၊ ပိန္နက်၊ မကော၊ ဓာတ်ဆီကမ့်(ပ်)၊ လမုန် အစရှိတဲ့ ကျေးရွာတွေမှာ မိုးသက်လေပြင်းနဲ့အတူ ကြက်ဥအရွယ် ပမာဏလောက်ရှိတဲ့ မိုးသီးတွေကျ ရောက်ခဲ့တဲ့အတွက် ရွာတိုင်းက နေအိမ်တိုင်းလိုလို ခေါင်းမိုးပေါက်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဧပြီလဆန်းပိုင်းက မိုးသီးကျရောက်ပြီး ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည် ပြုပြင်နိုင်ခြင်းမရှိသေးခင်မှာပဲ အခုလို တစ်ခေါက်ပြန်လည်ကြုံတွေ့ခဲ့ရတာလို့ တနိုင်းဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

နေအိမ်ပျက်စီးသွားတဲ့ အိမ်ထောင်စုစာရင်းကတွေကို အသင်းတော်လိုက် လာရောက်ကောက်ယူတာ ရှိသလို မေလဆန်းပိုင်းကလည်း စစ်ကောင်စီလက်အောက်ခံ အစိုးရဘက်ကပါ ဓာတ်ပုံနဲ့တကွ စာရင်းကောက်ယူတာ ရှိပေမဲ့ တစ်ပတ်လောက်ကြာတဲ့အထိ အကြောင်းကြားလာတာ မရှိသေးဘူးလို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ဘုရားကျောင်းတွေတော့ အသင်းတော် ဘတ်ဂျတ်တွေနဲ့ စလုပ်နေပြီ။ ဒါပေမဲ့ အစိုးရက ဒေသခံပြည်သူတွေအတွက် စာရင်းကောက်သွားတာ တစ်ပတ်လောက် ရှိလာပြီ ဘာအကြောင်းမှလည်း မကြားရဘူး။ ဒုက္ခရောက်နေတဲ့သူတွေကတော့ ရောက်နေဆဲပဲလို့ ဆိုပါတယ်။

လက်ရှိနိုင်ငံရေး အခြေအနေတွေကြောင့် ငွေကြေးရှာဖွေဖို့ ခက်ခဲဲဲဲဲဲဲဲဲတဲ့အပြင် အအထက်ပါ ကျေးရွာအားလုံးနီးပါးက ဒေသခံပြည်သူတွေဟာ ခြံ၊ လယ်လုပ်၊ တောင်ယာခုတ် စတဲ့လုပ်ငန်း တွေကိုသာ အဓိက မှီခိုအားထားလုပ်ကိုင်ကြတဲ့အတွက် နေအိမ်ပြန်လည်ပြုပြင်ဖို့အတွက် ငွေရေး၊ ကြေးရေး လိုအပ်နေတာလည်း ဖြစ်ပါတယ်။

မိုးသီးကျရောက်မှု ဒဏ်ကြောင့် ရှင်လုံကျေးရွာက နေအိမ် သုံးအိမ် ပြိုကျပျက်စီးသွားတဲ့အပြင် ပိန္နက်ကျေးရွာက နေအိမ်တစ်လုံးလည်း အလားတူ ပြိုကျပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် အထက်ပါ ကျေးရွာ ၆ ခုထက်မနည်းက နေအိမ် စုစုပေါင်း ၁၀၀ လောက် ခေါင်မိုးပေါက်ပြီး ပျက်စီးသွားတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လဂျားဘွမ်၊ ရှင်လုံ၊ ပိန္နက်၊ မကော၊ ဓာတ်ဆီကမ့်(ပ်)၊ လမုံ စတဲ့ကျေးရွာတွေဟာ တနိုင်း-လီဒိုလမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here