အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက် အမ်းမြို့နယ်နဲ့ကပ်နေတဲ့ မကွေးတိုင်း၊ ငဖဲဒေသမှာ AA နဲ့ စစ်ကောင်စီတိုက်ပွဲစဖြစ်

334

 

မတ်၊ ၂၉

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ ကပ်ရပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့မနက် အစောပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

မတ်လ ၂၆ ရက်နေ့တုန်းက ငဖဲမြို့နယ်၊ ၊ တုံးကြီးကျေးရွာအနီးမှာ အင်အား ၄၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာ မျက်မြင် စစ်တပ်ဘက်က ၄ ယောက်သေဆုံးပြီး ၈ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီငဖဲမြို့နယ်ထဲမှာပဲ မတ်လ ၂၈ ရက်နေ့ကလည်း ချောင်းဖျားရွာနာမှာ စစ်ကောင်စီရဲ့ အင်အား ၅၀ လောက်ပါတဲ့ စစ်ကြောင်းနဲ့ AA တို့ တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး မျက်မြင်အရ စစ်တပ်ဘက်က ၆ ယောက်သေဆုံးပြီးတော့ ၁၀ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကလည်း ငဖဲမြို့နယ်ထဲက မထုံးကျေးရွာနားမှာ မိုင်းကွင်းထဲဝင်လာတဲ့ အင်အား ၇၀ ပါ စစ်ကောင်စီစစ်ကြောင်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က အရာရှိ ၃ ယောက်အပါအဝင် အယောက် ၃၀ လောက်သေဆုံးခဲ့ပါသေးတယ်။

စစ်ကောင်စီအတွက် ဝါဒဖြန့်ချိနေသူတွေကတော့ AA နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ ရခိုင်ပြည်နယ်က၊ အမ်းမြို့ကိုတိုက်ခိုက်ဖို့ အမ်းမြို့ကိုသွားတဲ့လမ်းကြောင်းမှာ လူစုဆောင်းနေတာနဲ့ ဝိုင်းရံပိတ်ဆို့နေတာတွေကို ပြုလုပ်နေတယ်လို့လည်း ရေးသားနေကြပါတယ်။

ဒီနေ့မနက်ပိုင်း AA ရဲ့ ထုတ်ပြန်ချက်မှာလည်း မြေပုံမြို့နယ်၊ လီသွန်ကျေးရွာနားက တောင်ကြောမှာ မတ်လ ၂၈ ရက်နေ့က စစ်ကောင်စီရဲ့ ခမရ (၅၆၃) တပ်ရင်းနဲ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ဖော်ပြထားပါသေးတယ်။

အဲဒီလီသွန်ကျေးရွာဟာ စစ်တွေ-အမ်း ကားလမ်းပေါ်မှာရှိပြီး စစ်ကောင်စီတိုင်းစစ်ဌာနချုပ် အမ်းမြို့နယ်အတွက် ခံစစ်တစ်ခုလို့ ပြောရမယ့် အမ်းမြို့နယ်ထဲမှာရှိတဲ့ ကဇူးကိုင်း စစ်တပ်ဗျူဟာကုန်းနားက ကျေးရွာလည်းဖြစ်ပါတယ်။

AA ဟာ ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီမရှိရေးအတွက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပြောဆိုထားသလို လက်ရှိအချိန်မှာလည်း ၁၇ မြို့နယ်ရှိတဲ့ ပြည်နယ်ထဲက မြို့နယ် ၈ မြို့နယ်ကို ထိန်းချုပ်ထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here