အပတ်စဉ် ဇာတ်ကားသစ်များ ပြသနိုင်ရန် ဧရာရုပ်ရှင်ရုံကို တိုးချဲ့တည်ဆောက်မည်

3804

သြဂုတ် ၂၄
မြစ်ကြီးနားမြို့ရှိ ဧရာရုပ်ရှင်ရုံ နိုင်ငံခြားဇာတ်ကားနှင့် မြန်မာကားများ နေ့ညအပြိုင် ကြည့်ရှုနိုင်ရန် ပရိသတ်အယောက် သုံးရာဆံ့ရုံနှစ်ရုံ ထပ်မံတည်ဆောက်သွားမည်ဟု သိရသည်။
လက်ရှိ ဧရာရုပ်ရှင်ရုံနောက် မြေကွက်လပ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး လာမည့် ပွင့်လင်းရာသီမှ စတင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဧရာရုပ်ရှင်လုပ်ငန်းစုကုမ္ပဏီပိုင်ရှင် ဦးဆန်းတောက်က မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။

“နိုင်ငံခြားကားကတော့ နေ့ည ကျွန်တော်ပြပေးမှာ ရံဖန်ရံခါ Channel က ထွက်လာတဲ့ ဗမာကားတွေလည်း ပြလို့ရအောင် ပြပေးမယ်။ ဇာတ်ကားတွေ မလွတ်သွားအောင် ဟိုက ထွက်လာတဲ့ ဇာတ်ကားတွေ လွတ်သွားတာမရှိရအောင် ထုတ်လုပ်သူလည်း အဆင်ပြေ ကျွန်တော်တို့ ရုံပြတဲ့လူလည်း အဆင်ပြေ၊ ကြည့်တဲ့လူလည်း ရွေးချယ်မှုရသွားအောင်လို့ ဒီပုံစံနဲ့ဆောက်လိုက်တာပါ”ဟု ဦးဆန်းတောက်က ပြောသည်။

လက်ရှိ ဧရာရုပ်ရှင်ရုံတွင် နိုင်ငံခြားဇာတ်ကားများကို ညနေ ၃ နာရီခွဲတွင် ပြသနေပြီး ယင်းအချိန်သည် လာရောက်ကြည့်ရှုသူများအတွက် အဆင်မပြေသည့် အချိန်ဖြစ်နေသည်ဟုလည်း ရုပ်ရှင်ရုံပိုင်ရှင်က ထပ်မံပြောဆိုသည်။
“တစ်ပတ်မှာ နှစ်ကား အနည်းဆုံးထွက်တယ်။ ကျွန်တော်တို့မှာရှိတာက ရုံကတစ်ရုံတည်းဆိုတော့ ပြီးတော့ ကျွန်တော်တို့က နိုင်ငံခြားကားလည်း ပြချင်သေးတယ်ဆိုတော့ တစ်ပတ်မှာပြစရာ ကားသုံးကားရှိတယ်။ ဇာတ်ကားပြစရာ သုံးကားရှိတော့ တစ်ရုံတည်းနဲ့တော့မဖြစ်ဘူး။ အခုနိုင်ငံခြားကား ပြပေးနေတာလည်း သုံးနာရီခွဲပွဲဆိုတော့ တချို့က အားတယ်၊ တချို့လူတွေအတွက် အချိန်က ကိုးလို့ကန့်လန့်ဖြစ်နေတယ်။ ညနေဆိုတော့ အများစုက လာမကြည့်နိုင်ကြဘူး။ ဒီအခြေအနေကြောင့် ဗမာကားလည်း ပြလို့ရအောင် နိုင်ငံခြားကားလည်းပြလို့ရအောင် အဲ့လိုရည်ရွယ်တယ်”ဟု ဦးဆန်းတောက်က ပြောသည်။

အသစ်နှစ်ရုံတည်ဆောက်ရန် အစီအစဉ်ရှိသော်လည်း လောလောဆယ်အနေအထားတွင် တစ်ရုံကို အရင်တည်ဆောက်သွားမည်ဟု သိရသည်။
အသစ်ဆောက်လုပ်မည့် ရုပ်ရှင်ရုံအသစ်၏ ဒီဇိုင်းအနေအထားကို အသစ်အဆန်းဖြစ်အောင် တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိ ဧရာရုံမကြီးနှင့် နှိုင်းယှဉ်လျင် ပိုမိုခေတ်မီသည့် ဒီဇိုင်းမျိုးဖြင့် တည်ဆောက်သွားမည်ဟုလည်း ၎င်းကပြောသည်။
လက်ရှိဧရာရုပ်ရှင်ရုံတွင် တစ်နေ့လျင် သုံးပွဲပြသပေးလျက်ရှိကာ ဇာတ်ကားကောင်းသည့် အချိန်မျိုး တွင် ၄ ပွဲပြသနေသည်ဟု ဧရာရုပ်ရှင်တာဝန်ခံဦးလှိုင်ထူးက ပြောသည်။

“မနက် ကိုးနာရီခွဲပွဲ ထပ်တိုးတယ်။ တစ်ပွဲကတော့ အင်္ဂလိပ်ကားပြတယ်။ ရုံအသစ်ပြီးရင်လည်း သုံးပွဲပဲဆက်ပြမယ်။ လက်မှတ်မရဘဲ ပြန်သွားတဲ့သူတွေရှိတယ်။ သူတို့အဆင်ပြေအောင်ပါ။ ရုံအသစ်မှာ နိုင်ငံခြားကားပြရင် ဒီဘက်မှာ အချိန်တစ်ချိန်လွတ်လာမယ်။ အဲ့ဒီမှာ ဗမာကားကြည့်လို့ရအောင်ပေါ့။ ဒီနေ့ပဲ အားတယ်ဆိုတဲ့သူတွေ ဒီနေ့ကြည့်လို့ရသွားမှာပေါ့”ဟု ဦးလှိုင်ထူးကပြောသည်။

ဧရာရုပ်ရှင်ရုံတွင် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့မျိုးတွင် လာရောက်ကြည့်ရှုသည့် ပရိသတ်များပြားပြီး တနင်္လာနေ့တွင် လာရောက်ကြည့်ရှုသူအနည်းဆုံးဖြစ်ကြောင်း ဧရာရုပ်ရှင်ရုံတာဝန်ခံထံမှ သိရသည်။လက်ရှိပြသလျက်ရှိသည့် ဧရာ(မြစ်ကြီးနား) ရုပ်ရှင်ရုံသည် ပရိသတ် ၅၄၅ ဦး ဝင်ဆံ့ပြီး ဧရာရုပ်ရှင်ရုံသည် မြစ်ကြီးနားမြို့တွင် ၁၉၅၅ ခုနှစ်မှ စတင်ပြသခဲ့ရာ ရုပ်ရှင်ရုံ၏သက်တမ်းမှာ ၆၃ နှစ်ခန့်ရှိပြီလည်းဖြစ်သည်။

ထို့အပြင် ဧရာရုပ်ရှင်လုပ်ငန်းစုကုမ္ပဏီမှ ယခုနှစ်အတွင်း ဧရာ(မြစ်ကြီးနား)နှင့်ဧရာ(မိုးကောင်း) ရုပ်ရှင်ရုံများကို အဆင့်မြှင့်တင်ခဲ့ပြီး ထပ်မံ၍ မြန်မာပြည်အောက်ပိုင်းဒေသတွင်လည်း နှစ်ရုံထပ်မံတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
Salai

LEAVE A REPLY

Please enter your comment!
Please enter your name here