မြစ်ကြီးနား၊ စက်တင်ဘာ ၇
ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ပြန့်ပွားနေသည့် ကာလဖြစ်သောကြောင့် ကက်သလစ် ဘာသာဝင်များ၏ အာလမ်လက်ဝါးကပ်တိုင် ဆုတောင်းတောင်တက်ပွဲကို ယခင်နှစ်များကဲ့သို့ ကျင်းပတော့မည် မဟုတ်ကြောင်း သိရသည်။
စက်တင်ဘာလ (၁၄) ရက်နေ့တွင် ကျရောက်မည့် (၃၇) ကြိမ်မြောက် အာလမ်ဆုတောင်းတောင် တက်ပွဲကို ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်သော်လည်း ဆုတောင်းတောင်တက်ချင် သူများကိုမူခွင့်ပြုသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
တက်ရောက်ချင်သူများ တက်ရောက်နိုင်ရန်အတွက် လမ်းရှင်းလင်းရေး၊ နားခိုနိုင်မည့် နေရာများကိုလည်း စီစဉ်ပေးထားကြောင်း အာလမ်ဆုတောင်းတောင် ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဆရာဦးလယောင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“မစ္ဆား(Mass) တရားတော့ မရှိဘူး။ ဒါပေမဲ့ ကိုယ်တိုင်တက်ချင်တဲ့၊ မိသားစုနဲ့ တက်တဲ့သူတွေ အဆင်ပြေဖို့ လမ်းတွေ လုပ်ထားပေးတယ်။ တောင်ပေါ်မှာ ဆုတောင်းဖို့ နေရာတွေ သန့်ရှင်းရေး လုပ်ထားပေးတယ်။ အဆောင် နည်းနည်းဆောက်ထားပေးတာ၊ အဲ့ဒါပဲ ရှိတယ်” ယခင်နှစ်များက ကချင်ပြည်နယ်အနှံ့ရှိ ဘာသာတူ ဆုတောင်း ဝတ်ပြုလာသူများသာမက လေ့လာသူများ စုစုပေါင်း တစ်သောင်းဝန်းကျင်ခန့် ပုံမှန်တက်ရောက်ခဲ့ကြသော်လည်း ယခုနှစ်တွင် ပွဲကို စည်စည်ကားကား မကျင်းပနိုင်ခြင်းကြောင့် စိတ်မကောင်းဖြစ်မိကြောင်း ဆရာဦးလယောင်က ဆက်လက်ပြောသည်။
“စိတ်တော့ မကောင်းဘူးပေါ့။ ခါတိုင်းလို အချိန်ရောက်လာလေလေ စိတ်က ခံစားရတာပေါ့။ နှစ်တိုင်းလိုလို ဒီလိုပဲ သွားနေတာ”ဟု ၎င်းက ဆိုသည်။
အာလမ် ဆုတောင်းတောင်သည် အမြင့်ပေ ၂၈၈၀ ရှိပြီး ၁၉၈၃ ခုနှစ်က ဘုန်းတော်ကြီး ပေါလ်လဆန်လ က စတင်ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်၂၀၂၀ ခုနှစ် စက်တင်ဘာ (၁၄) ရက်နေ့၌ (၃၇)ကြိမ်မြောက် ကျရောက်မည်ဖြစ်သည်။
Christopher/Benadeth







