ဝိုင်းမော်၊ ဧပြီ ၂၇
ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ဆနာကျေးရွာအုပ်စုရှိ ဒေသခံအချို့ အိမ်ထောင်စုခွဲထွက်ရာတွင် မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနမှ ငွေကြေးကောက်ခံမှုများ ရှိနေသဖြင့် တာဝန်ရှိသူများအနေဖြင့် စိစစ်ပေးစေလိုသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ ငွေကြေးကောက်ခံခြင်းသည် တရားဝင်ကောက်ခံခြင်း ဟုတ်/မဟုတ်လည်းမသိ၊ မည်သည့်အတွက် ကောက်ခံရခြင်းဖြစ်သည်ကိုလည်း မသိရဘဲ ပေးဆောင်နေရသဖြင့် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် ပြည်သူများအတွက် အခက်အခဲဖြစ်ရသည်ဟု အင်ဝမ်းကောင်ကျေးရွာမှ ဦးဇော်ဆီးကပြောသည်။
“ကျွန်တော့်အစ်မက အိမ်ထောင်ပြုသွားလို့ အိမ်ထောင်စုထဲကခွဲထွက်ပြီး အိမ်ထောင်စုအသစ်လုပ်တာကို လ၀ကက ပိုက်ဆံတစ်သိန်းတောင်းလို့ပေးလိုက်ရတယ်။ သူက မင်းတပ်မှာနေတာ၊ အဲဒါအိမ်ထောင်စုလုပ်မယ်ဆိုပြီး ဒီမှာလာလုပ်တာပါ”ဟု အင်ဝမ်းကောင်ကျေးရွာမှ ဦးဇော်ဆီးက ပြောသည်။
အဆိုပါ အိမ်ထောင်စုခွဲသူအမျိုးသမီးမှာ ယင်းကျေးရွာတွင် ဘိုးဘွားစဉ်ဆက်ကတည်းက နေထိုင်လာခဲ့သည့် ကချင်မျိုးနွယ်စု လီဆူတိုင်းရင်းသားဖြစ်ပြီး ချင်းအမျိုးသားနှင့်အိမ်ထောင်ကျ၍ ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် သွားရောက်နေထိုင်ရန် အိမ်ထောင်စုမှ ခွဲထွက်ခြင်းဖြစ်ကြောင်း သိရသည်။
အိမ်ထောင်စုခွဲရန် ၀ိုင်းမော်လ၀ကမြို့နယ်ရုံး ရောက်ချိန်တွင် ၀န်ထမ်းတစ်ဦးက အိမ်ထောင်ဦးစီးဖြစ်သူကို ခေါ်ခိုင်းသဖြင့် သွားခေါ်နေစဉ် မခေါ်ရန်ပြန်လည်ပြောဆိုပြီးနောက် ဆီဖိုးတောင်းခံသဖြင့်ပေးလိုက်ကြောင်း ဦးဇော်ဆီးကပြောသည်။
“အစ်မကြီးကိုလည်း မသေတဲ့ဟာကို သေစာရင်းမှာ သေဆုံးလို့ထည့်လိုက်ပြီးတော့ ပြန်သွားလုပ်တာကို လက်ထောက်ဦးစီးက တစ်သိန်းတောင်းလို့ ပြန်လုပ်ပေးလိုက်ရတယ်။ အဲဒီလူက ခါးရှီးကျေးရွာမှာ သူတာဝန်ယူပြီး မှတ်ပုံတင်သွားလုပ်ခိုင်းတာ ပိုက်ဆံအရမ်းကောက်လို့ သတိပေးတာ တစ်ကြိမ်ခံခဲ့ရတဲ့သူ ဖြစ်တယ်။ အခုလည်း အဲဒီလိုပြန်လုပ်နေတယ်”ဟု ၎င်းတို့ထံ ငွေကြေးအကြောင်း ဦးဇော်ဆီးကပြောသည်။
ဝိုင်းမော်မြို့နယ်လ၀ကရုံးမှ ဦးစီးမှူးဦးကျော်စွာမှူးက-“အိမ်ထောင်စုထဲမှာ ပါပြီးတော့ မြန်မာနိုင်ငံသားမှန်တယ်ဆိုရင် ဘာမှပေးစရာမလိုဘူး။ မှတ်ပုံတင်လုပ်ပေးတယ်။ အိမ်ထောင်ကျပြီး အိမ်ထောင်စုခွဲလုပ်မယ်ဆိုရင်လည်း မြန်မာနိုင်ငံသားအချင်းချင်းဆိုရင်တော့ အလွယ်တကူ လုပ်ပေးလို့ရတယ်။ မဟုတ်ဘဲနဲ့ နိုင်ငံခြားသားဆိုရင် အဲဒီနိုင်ငံက နိုင်ငံခြားသားဖြစ်ကြောင်း ထောက်ခံချက်ယူခဲ့ရင် လုပ်ပေးပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံသားမှန်ကန်ပါလျှက် မှတ်ပုံတင်သို့မဟုတ် အိမ်ထောင်စုပြုလုပ်ရာတွင် တစ်စုံတစ်ရာ အခက်အခဲဖြစ်ပါက မြို့နယ်လ၀ကဦးစီးမှူးထံ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် အသက် ၁၀ နှစ်ပြည့်ပြီးသူတိုင်း မှတ်ပုံတင်လုပ်ရမည်ဖြစ်ပြီး ပြုလုပ်သူတိုင်း မွေးစာရင်းသို့မဟုတ် ကျောင်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ၊ အိမ်ထောင်စုစာရင်းတို့ကို ယူဆောင်လာရမည်ဖြစ်ကြောင်း ဦးကျော်စွာမှူးက ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့ဌာနကနေပြီးတော့ ဘယ်သူ့မှဘယ်လောက်ပေးရမယ်လို့ ပြောမထားပါဘူး။ တချို့ မိမိဘာသာစေတနာနဲ့ပေးသွားတဲ့သူတွေတော့ရှိပါတယ်။ နိုင်ငံတော်ကိုတော့ အခွန်ငွေတစ်ကျပ် ဆောင်ရတယ်။ ဒါပေမယ့် ဘယ်သူမှ မဆောင်ပါဘူး”ဟု ဦးစီးမှူးက ဆက်လက်ပြောကြားခဲ့သည်။
အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကဒ်များ လုပ်ဆောင်ရာတွင် ၀ိုင်းမော်မြို့နယ်တွင်သာမက မြစ်ကြီးနားမြို့နယ်လ၀က ဦးစီးဌာနတွင်လည်း ကျပ်ငွေနှစ်သောင်းမှ တစ်သိန်းကြား ပေးဆောင်နေရသည်ဟု ဒေသခံအချို့ထံမှသိရသည်။
“ကျွန်တော် မြစ်ကြီးနားမြို့ စုပေါင်းရုံးမှာ မှတ်ပုံတင်သွားလုပ်တာ ဖောင်သွားတင်တဲ့နေ့က ဇီးလွန်ကမှတ်ပုံတင်လုပ်ပေးတဲ့စာရေးက ပိုက်ဆံပေးသွားလို့ပြောလို့ စာအိတ်ထဲမှာ တစ်သောင်းထည့်ပြီး ပေးလိုက်ရတယ်။ ပြီးတော့ (မှတ်ပုံတင်)ရတဲ့နေ့ကျတော့ မုန့်ဖိုးပေးသွားဦးဆိုလို့ ၁၀၀၀၀ ပြန်ပေးခဲ့ရတယ်။ ဖောင်ဖြည့်တဲ့ စာရွက်မှာက ငွေကြေးလက်ဆောင် မယူရ၊ မပေးရလို့ရေးထားတယ်”ဟု လယ်ကုန်း၊ ဇီးလွန်ရပ်ကွက်မှ အမည်မဖော်လိုသူ ဆယ်ကျော်သက်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
မိုင်းနားကျေးရွာမှ အမျိုးသမီးတစ်ဦးကလည်း မှတ်ပုံတင်ပျောက်ဆုံးသွားသဖြင့် လ၀ကရုံးသို့ ပြန်လည်သွားလျှောက်ရာ “မှတ်ပုံတင်ပျောက်လို့ သွားလျှောက်တာ တစ်လကျော်ကြာသွားလို့ အခုထိဘာလို့ မရသေးတာလဲလို့ သွားမေးတော့ ဦးစီးမှူးအခန်းထဲက လူကြီးတစ်ယောက်က ညီမမှတ်ပုံတင်လုပ်တုန်းက စာရေးမကို ပိုက်ဆံပေးခဲ့လားလို့မေးတယ်။ ကျွန်မကလည်း ဘာလို့ပေးရမှာလဲလို့ပြောတော့ အဲ့ဦးလေးကြီးက အဲ့ဒါကြောင့်မရတာလို့ ပြန်ပြောတယ်။ ကျွန်မဆို သူပါးစပ်ကပြောထွက်လာလို့ အံ့သြလို့တောင်မဆုံးဘူး”ဟု ပြန်ပြောပြသည်။
ဒုတိယအကြိမ် ပြင်ဆင်လိုက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ အလိုအရ အဂတိလိုက်စားမှုများနှင့်ပတ်သက်၍ တိုင်တန်းလျင် ယခင်ကလို အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာအတိအကျဖော်ပြမထားသော ပစ်စာများကိုလည်း သတင်းပေးချက်တစ်ခုအနေဖြင့် လက်ခံစုံစမ်းသွားမည်ဟုပါရှိသည်။
မွန်းမွန်းပန်






