ဇန်န၀ါရီ ၂၈
ဗိုလ်ချုပ်ကြီးအင်ဘန်လသည် ကေအိုင်အိုဥက္ကဋ္ဌတာဝန်ကို ဗိုလ်ချုပ်ကြီးလညော်ဇောင်းခရားထံမှ လွှဲပြောင်းလက်ခံခဲ့ပြီး ကေအိုင်အိုသမိုင်းတွင် ပထမဆုံးဖြစ်သော ကျမ်းသစ္စာကျိန်ဆိုပွဲကို ဇန်န၀ါရီလ ၂၇ ရက်က လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုကျမ်းသစ္စာဆိုပွဲတွင် ဗိုလ်ချုပ်ကြီးအင်ဘန်လက ကချင်အမျိုးသားအလံနှင့် သမ္မာကျမ်းစာပေါ်တွင် လက်တင်၍ သစ္စာဆိုခဲ့ပြီး ဂိုဏ်းပေါင်းစုံမှ ဘာသာရေးအကြီးအကဲများက ဆုတောင်းမှုပြုပေးခဲ့သည်ဟု ကေအိုင်အေသတင်းနှင့် ပြန်ကြားရေးဌာနမှ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ပြီးခဲ့တဲ့ဥက္ကဋ္ဌတွေတုန်းကအခုလိုတာဝန်လွှဲအပ်ချိန်မှာ အသင်းတော်တွေနဲ့ ဆုတောင်းပြီး လွှဲအပ်တာမျိုး မရှိခဲ့ဘူး။ မရှိဘူးဆိုတာက သေဆုံးသွားတဲ့အချိန်မှာမှ နောက်တစ်ယောက်ကို လွှဲအပ်တာမို့လို့လေ။ အခုတော့ သမိုင်းဝင်ဖြစ်သွားတာပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြပြောဆိုသည်။
ဗဟိုဌာနချုပ်၏ လုပ်ငန်းစဉ်အားလုံးကိုမူ စုပေါင်းဆွေးနွေးဆုံးဖြတ်ပြီးနောက်မှ ပြန်လည်ခွဲဝေပေးသွားမည်ဖြစ်ကြောင်း၊ ကေအိုင်အို၏ လုပ်ငန်းများလည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရန် ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်သင့်ကြောင်းကို ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောခဲ့သည်ဟု သိရသည်။

“ဒါပေမယ့် ပြည်သူတွေအနေနဲ့ လုပ်နိုင်တာနဲ့ လုပ်သင့်တာမျိုးကို ပညာပေးတာက အကောင်းဆုံးဖြစ်တယ်လို့ ပြောတယ်။ နောက်တစ်ခုက နိုင်ငံရေးတော်လှန်ရေးကို အောင်မြင်နိုင်ဖို့ ကျွန်တော်တို့ တိုင်းရင်းသားတွေ စည်းလုံးရမယ်။ တိုင်းရင်းသားတွေ ကွဲပြားသွားခြင်း မရှိစေရဘူး။ နိုင်ငံရေးကို ဖက်ဒရယ်နည်းလမ်းအတိုင်း ဆက်ပြီး အခြားတော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ဆိုတာတွေ ပြောခဲ့တယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ပြောပြသည်။ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်လာသူများသည် အသင်းတော်အသီးသီးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြစ်ပြီး ၎င်းတို့က Magun Sha Lit (ကချင်ထုံးစံအရ ကောက်ညှင်း၊ ကြက်ဥ၊ ကြက်နှင့်အခြားအစားအသောက်အချို့ကို ပလိုင်းတွင်းထည့်၍ ပေးကမ်းရသော လက်ဆောင်ပစ္စည်းတစ်မျိုး)များဖြင့် ဗိုလ်ချုပ်ကြီးအင်ဘန်လအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီးအင်ဘန်လသည် ကေအိုင်အို၏ဆဋ္ဌမမြောက်ဥက္ကဋ္ဌဖြစ်ပြီး ယခင် ဥက္ကဋ္ဌများမှာ GOC ဇော်ဆိုင်း၊ မရန်ဘရန်ဆိုင်း၊ မလိဇွပ်ဇော်မိုင်၊ လမုန်တူးဂျိုင်၊ လညော်ဇောင်းခရားတို့ ဖြစ်သည်။
၂၀၀၆ ခုနှစ်မှ စတင်၍ ကေအိုင်အို၏ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည့် ဦးလညော်ဇောင်းခရားသည် အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် ၎င်း၏ ဥက္ကဋ္ဌတာဝန်ဝတ္တရားများကို ဗိုလ်ချုပ်ကြီးအင်ဘန်လအား လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
လဖိုင်လု







