တရုတ်နိုင်ငံသားများ စိုက်ပျိုးနေသော ငှက်ပျောခြံများကို ဒေသခံများ ကန့်ကွက်ဆန္ဒပြ

1283

ဖေဖော်ဝါရီ ၃

နိုင်ငံတော်အစိုးရက စိုက်ပျိုးခွင့်ပေးထားသည့် တစ်သျှူးငှက်ပျော စိုက်ပျိုးမှုကို ဒေသခံများက ကန့်ကွက်သည့်အနေဖြင့် မြစ်ကြီးနားမြို့တွင် ယခုလ၃ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါထုတ်ဖော်ပွဲ ပြုလုပ်ရခြင်းမှာ ဒေသခံပြည်သူများ၏ မြေယာများဆုံးရှုံး၍ ဒုက္ခရောက်ရခြင်း၊ ကျွဲ၊ နွားများ သေကြေပျက်စီးခြင်းနှင့် မြေယာများပျက်စီးခြင်း စသည့်တို့ ဖြစ်ပွားနေသည့်အတွက် ဖြစ်ကြောင်း မြောက်ပိုင်းရှမ်းမျိုးနွယ်စုများရေးရာအဖွဲ့ (SEA)မှအတွင်းရေးမှူး ဦးစိုင်းထွန်းရင်က ပြောသည်။

“ဘိန်းအစားထိုးသီးနှံအတွက် ဒီတစ်သျှူးငှက်ပျောစိုက်ခြင်းက ဒေသအတွက် အကျိုးရှိတယ်ဆိုရင် ကျွန်တော်တို့ကန့်ကွက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း ကိုယ့်နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဘက်တစ်လမ်းကနေ ကူညီပေးသွားမှာပါ။ အခုပြတဲ့ဆန္ဒပြပွဲက ရှမ်းမျိုးနွယ်စုရေးရာကပြတဲ့ ဆန္ဒပြပွဲမဟုတ်ဘူး။ ဒေသခံပြည်သူတွေရဲ့ဆန္ဒကို ပြခြင်းသာဖြစ်တယ်”ဟု ဦးစိုင်းထွန်းရင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

တရုတ်နိုင်ငံသားများသည် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများအတွင်း တစ်သျှူးငှက်ပျောများကို စီမံကိန်းများဖြင့်  ပြုလုပ်နေကြနေသော်လည်း ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိကြောင်း၊ နယ်မြေခံ တိုင်းရင်းသားများအနေဖြင့် မြေယာပြဿနာများနှင့် မြေယာဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် ဒေသခံများကပြောသည်။

“အခုဆို မြေယာပြဿနာက အင်မတန်မှ ကြီးထွားနေပါတယ်။ တချို့ကလည်း ဘိုးဘွားပိုင်မြေတွေကို တစ်ဦးတည်း လက်သိပ်ထိုးရောင်းတာ၊ ဘေးပတ်ဝန်းကျင် ပွဲစားများရဲ့ မြှောက်ထိုးပင့်ကော် လုပ်ပေးတာကြောင့် ရောင်းတာမျိုးတွေကြောင့် မြေဆုံးရှုံးမှုတွေ အင်မတန်ဖောင်းပွနေတယ်။ အဓိကကတော့ ရွှေညောင်ပင်ကျေးရွာ၊ တာလောကြီးကျေးရွာ၊ ဂွေထုကျေးရွာတို့မှာ အများဆုံး စိုက်ပျိုးနေကြတယ်လို့ သိရပါတယ်”ဟု ဦးစိုင်းထွန်းရင်က ဆက်လက်ပြောသည်။

အထက်ပါပြဿနာရပ်များနှင့်ပတ်သက်၍ ရှမ်းမျိုးနွယ်စုရေးရာက ယင်းဒေသများသို့ သွားရောက်ကြည့်ရှုရာ အချို့ကျေးရွာများတွင် ကျွဲ၊ နွား စားကျက်မြေများ မရှိတော့ခြင်း၊ အချို့စားကျက်မြေများတွင် တစ်သျှူးငှက်ပျောစိုက်ခင်းမှ စီးထွက်လာသည့် ဓါတုဆေးဝါးများကြောင့် စားကျက်မြေများ ပျက်စီးခြင်းနှင့် ကျွဲ၊ နွားများ သေဆုံးခြင်း ဖြစ်ပေါ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောသည်။

“ကျေးရွာကို အကျိုးမပေးဘူးဆိုပြီး ဒေသခံတွေကခံယူထားတယ်။ ငှက်ပျောစိုက်ပျိုးခဲ့တဲ့မြေတွေကို တခြားသီးနှံပြန်စိုက်ပျိုးလို့ မရဘူး။ ငှက်ပျော ၃ နှစ် စိုက်ပျိုးပြီးတဲ့ မြေမှာ စမ်းသပ်စိုက်ပျိုးကြည့်တာ ဘာမှ စိုက်ပျိုးလို့ မရဘူး။ လယ်တစ်ဧကကို အရင်တုန်းကဆို တင်း ၃၀ ကျော် ထွက်တာ အခုက ၁၀ တင်းကျော်လောက်ပဲ ထွက်နေတဲ့ အနေထားမှာ ရှိနေတာ ဆုံးရှုံးမှုရဲ့အနေအထား ဖြစ်ပါတယ်”ဟု ဦးစိုင်းထွန်းရင်က ဆိုသည်။

တရုတ်နိုင်ငံသားများသည် အဆိုပါ တစ်သျှူးငှက်ပျောစိုက်ပျိုးရန်အတွက် ဦးဇခုန်တိန်းယိန်းနှင့် ဦးလဆန်အောင်ဝါ ပိုင်ဆိုင်သည့်နယ်မြေများတွင် စမ်းသပ်စိုက်ပျိုးခဲ့ပြီး ဖြစ်ထွန်းအောင်မြင်မှုရှိသည့်အတွက် ၀ိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာနှင့် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ စသည့်ကျေးရွာများတွင် လာရောက်စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။

“ဆန္ဒထုတ်ဖော်ရခြင်းက ရှမ်းရေးရာရဲ့ ဆန္ဒ မဟုတ်ဘူး။ နယ်မြေခံ တောင်သူလယ်သမားများရဲ့ ဆန္ဒကို လိုက်လျောတဲ့အနေနဲ့ စီစဉ်ပေးတဲ့ပွဲ ဖြစ်ပါတယ်။ တရုတ်တွေက တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်မှာ စည်းမရှိကမ်းမရှိနဲ့ လာရောက်စိုက်ပျိုးတယ်။ သူတို့သုံးတဲ့ ဆေးဝါးတွေက ကျွဲ၊ နွား တိရိစ္ဆာန်တွေကို သေစေတယ်။ နောက်ဆို လူတွေအတွက်ပါ အန္တရာယ်ရှိလာနိုင်တယ်။ နယ်မြေပိုင်ဆိုင်မှုမှာလည်း ဒေသခံတွေက ကိုယ်ပိုင်ခြံကိုတောင် မ၀င်ရတဲ့အခြေအနေတွေ ဖြစ်နေတယ်။ အဲဒါကြောင့် နယ်မြေခံလူထုက ဆန္ဒသဘောထားတွေ တင်ပြီးတော့ ကျွန်တော်တို့က ဦးဆောင်ပြီး ပြုလုပ်ပေးတဲ့ပွဲ ဖြစ်

ပါတယ်”ဟု ဦးစိုင်းထွန်းရင်က ဆန္ဒပြပွဲနှင့် ပတ်သက်၍ ရှင်းပြသည်။

တစ်သျှူးငှက်ပျော စိုက်ပျိုးမှုများကို လွန်ခဲ့သည့် ၅ နှစ်ခန့်မှ စတင်စိုက်ပျိုးလာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တစ်သျှူးငှက်ပျော စိုက်ပျိုးမှု ဧက ၄ သောင်းကျော်အထိ ရှိနေပြီဖြစ်ကြာင်း၊ အဆိုပါ စိုက်ခင်းနှင့် ပတ်သက်၍ ပထမဆုံးအကြိမ်အဖြစ် ပြည်သူ ၁၀၀ ကျော်က ယခုကဲ့သို့ ကန့်ကွက်ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများရေးရာအဖွဲ့(SEA) အနေဖြင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ၂၀၁၇ ခုနှစ် ဧပြီလ၃၀ ရက်က ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ၀ိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်အတွင်း တရုတ်နိုင်ငံမှ ဖရဲနှင့်ငှက်ပျောခြံလုပ်ငန်းရှင်များအား နိုင်ငံသားအမည်ခံ တရားမ၀င်မြေငှား၊ မြေရောင်းခြင်း ဆောင်ရွက်နေမှုများကို ဥပဒေနှင့်အညီ ကွင်းဆင်းစိစစ်ထိန်းသိမ်းတားမြစ်ပေးရန် စာတင်ပြထားခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့ အနေနဲ့ ဘယ်အတိုင်းအတာထိ ဆိုပြီးတော့ မရည်ရွယ်ထားပါဘူး။ စည်းကမ်းလေးနဲ့ နိုင်ငံတော်က ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း၊ ပြည်သူတွေ လက်ခံနိုင်တဲ့ အတိုင်းအတာထိ ရရင် ဘာမှပြောစရာ မရှိပါဘူး”ဟု ဦးစိုင်းထွန်းရင်က ဆိုသည်။

တာလောကြီးကျေးရွာမှ ဒေသခံများသည် လယ်ယာလုပ်ငန်းကိုသာ အဓိက စိုက်ပျိုးလုပ်ကိုင်နေသည့်အတွက် ၎င်းတို့အနေဖြင့် မြေယာများ ဆုံးရှုံးပါက စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်ရမည်ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဒေသခံများက ပြောသည်။

တာလောကြီးကျေးရွာမှ ဒေါ်ခအီက “နယ်မြေတွေ အားလုံး မရှိတော့ဘူး။ နောက်မျိုးဆက်တွေအတွက် ထင်းတွေလည်း မရှိတော့တဲ့အတွက် အခက်အခဲဖြစ်ရမှာမို့ တရုတ်တွေ ၀င်လာတာကို မကြိုက်ဘူး၊ အလိုမရှိဘူးဆိုပြီး လာဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်။ လူတွေလည်း ဒုက္ခရောက်ကုန်ပြီ။ ကျွဲ၊ နွားတွေကို ကျောင်းမယ့်နေရာလည်း မရှိတော့ ဒုက္ခရောက်နေရပါတယ်”ဟု ပြောသည်။

မြစ်ကြီးနားမြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်အတွင်း တစ်ရှူးငှက်ပျော စိုက်ပျိုးမှုအလိုမရှိ၊ နိုင်ငံခြားသားများ ကျူးကျော် ၀င်ရောက် စိုက်ပျိုးမှုအလိုမရှိ၊ ကုမ္ပဏီကြီးများ စိုက်ပျိုးမြေ အမြောက်အများ ပိုင်ဆိုင်မှု အလိုမရှိ၊ ဒေသခံပြည်သူများ အကျိုးမရှိသော ရင်းနှီးမြှုပ်နှံမှု အလိုမရှိ၊ သစ်တောထွက်သယံဇာတ ကာကွယ်တားဆီးရေး ဒို့အရေး၊ မြေယာသဘာဝ ထိန်းသိမ်းရေး ဒို့အရေး၊ နိုင်ငံတော်အစိုးရမှ တရားဥပဒေ စိုးမိုး ဆောင်ရွက်ပေး ဒို့အရေးစသည်တို့ကို ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသူများက ကြွေးကြော်ကာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here