မတ် ၂၃
ကချင်ပြည်နယ်အတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမ၀င် ၀င်ရောက်လာသည့် တရုတ်လုပ်စားသောက်ကုန်များသည် သက်ဆိုင်ရာကစိစစ်မှုမရှိခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန(FDA)၏ထောက်ခံချက်မပါဘဲ ၀င်ရောက်နေခြင်းတို့ကြောင့် အများပြည်သူ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရမှုမရှိဟု စားသုံးသူအကာအကွယ်ပေးရေးအဖွဲ့မှ ဦးဆောင်ကော်မတီဝင် ဦးဇိုင်းဒူက သုံးသပ်ပြောဆိုသည်။
“ရေရှည်အတွက် အင်မတန်မှစိုးရိမ်စရာ ကောင်းတယ်။ ကျွန်တော်ပြောချင်တာ ဒီဟာက အမျိုးသားလုံခြုံရေးအဆင့် ဖြစ်လာတယ်။ အစားအသောက်ကတော့လူတွေရဲ့ ၀မ်းဗိုက်ထဲကိုနေ့တိုင်းထည့်နေတာ အရေးကြီးတယ်။ ဥပဒေနဲ့ သေချာကိုင်တွယ်နိုင်တာ မရှိဘူး။ အသင့်စား(Ready Made)စားသောက်ကုန်တွေက ကလေးတွေကို ပုံစံမျိုးစုံနဲ့ ဆွဲဆောင်နေတယ်။ ပိုဆိုးတာက မြန်မာပြည်မှာထုတ်တဲ့ စားသောက်ကုန်တွေက တာဝန်ခံမှု၊ တာဝန်ယူမှုတွေမရှိဘူး”ဟု ဦးဇိုင်းဒူက ပြောသည်။
ပြည်ပမှ တင်သွင်းလာသော စားသောက်ကုန်များတွင် ထုတ်လုပ်ရက်စွဲ၊ ထုတ်လုပ်သည့်နေရာ၊ ကုမ္ပဏီအမည်၊ သက်တမ်းကုန်ဆုံးရက်၊ စားသောက်ကုန်တွင် အချိုးကျ ပေါင်းစပ်ထည့်သွင်းထားသော ကုန်ကြမ်းပစ်္စည်းအမျိုးအမည်စာရင်း ကြော်ငြာတံဆိပ်တို့ကို စားသုံးသူနားလည် သည့်ဘာသာစကားများဖြင့် ထည့်သွင်းလျင်ပိုကောင်းမည်ဟုလည်း ဦးဇိုင်းဒူကထောက်ပြပြောဆိုခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မြင့်ကမူ “စားသောက်ကုန်ပစ်္စည်းတွေမှာ ပါရမယ့် သတင်းအချက်အလက်တွေ အပြည့်အစုံ ဖော်ပြထားတာတွေမရှိဘူးဆိုရင် ဥပဒေနှင့်အညီ အရေးယူသွားမည်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် တရားမ၀င်လမ်းကြောင်းမှ ရောက်ရှိလာသည့် စားသောက်ကုန်ပစ်္စည်းများကိုသာ ပိုမိုတွေ့နေရပြီး ဈေးကွက်တွင်း ရောင်းချနေပါက ယခုနှစ်ကစပြီး စားသုံးသူရေးရာဦးစီးဌာနမှ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပထမတွင်ခေါ်ယူသတိပေးခြင်း၊ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ်တွင် ရောင်းချခြင်းလိုင်စင်ပိတ်သိမ်းခြင်း၊ စက်ရုံများ ရပ်နားခိုင်းခြင်းတို့ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“လုံခြုံစိတ်ချမှုမရှိတဲ့ စားသောက်ကုန်ပစ်္စည်းဆိုရင် မစားနဲ့ တရုတ်ကလာတဲ့ မုန့်တွေက ဓာတုဆေးတွေ တအားပါတယ်။ စားသုံးတဲ့သူလည်း မစားနဲ့ပေါ့။ ရောင်းတဲ့သူမရှိရင် တရားမ၀င်သွင်းတဲ့သူမရှိရင် စားတဲ့သူလည်းမရှိတော့ဘူး”ဟု ခရိုင်ဦးစီးမှူးဦးကျော်မြင့်ကပြောသည်။
အသင့်စား အစားအသောက်များကို စားသုံးပါက ကင်ဆာရောဂါ၊ အဆုတ်ရောဂါ၊ အရေပြားရောဂါနှင့် မွေးရာပါ ချို့ယွင်းမှုဖြစ်ပွားစေနိုင်ခြင်း၊ အစာအိမ်နှင့်အသည်းကို ပျက်စီးစေခြင်း၊ စားစရာများထည့်သွင်းအသုံးပြုသည့် ဖော့ဘူးများ အသုံးပြုခြင်းကြောင့် မျိုးပွားမှုကိုထိခိုက်ပျက်စီးစေပြီး ဗီဇအပြောင်းအလဲဖြစ်ပေါ်နိုင်ခြင်း၊ အချိုမှုန့်စားသုံးခြင်းကြောင့် ဦးနှောက်အာရုံကြောကို ထိခိုက်စေခြင်း၊ မြစ်ပွားနာကိုဖြစ်ပေါ်စေခြင်း၊ အရိုးပွစေခြင်း၊ ကော်ဖီမစ်ကို သောက်သုံးမှုများပါရေဓာတ်ဆုံးရှုံးစေခြင်း၊ ဆီးချိုရောဂါကို ပိုမိုဆိုးရွာစေခြင်း၊ သွေးတိုးဖြစ်စေခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ မြုံခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်ပျက်ကျနိုင်ချေများခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း GSMI လူမှုအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။
“နယ်စပ်ဂိတ်တွေမှာ FDA ကနေစစ်ဆေးရမယ်။ ဒီအစားအသောက်က ပြည်သူအတွက် အန္တရာယ်မရှိဘူးဆိုပြီး ထောက်ခံချက်လက်မှတ်ရမှ စားသောက်ကုန်တွေကို တရားဝင်သွင်းလို့ရတာ၊ အခုဖြစ်နေတာတွေက တရားမ၀င်မှောင်ခိုလမ်းကြောင်းက၀င်တော့ တရားမ၀င်ပစ်္စည်း ဖြစ်နေတာတွေက များတယ်။ ကျန်းမာရေးအတွက် မကောင်းဘူး။ အာမခံချက်မရှိဘူး။ မြို့နယ်တိုင်းမှာ ကျွန်တော်တို့ဌာနက မရှိဘူး အဓိကရုံးစိုက်ထားတဲ့ မြို့တွေမှာ စစ်ဆေးမှုအရင်လုပ်ရမယ်၊ ပြီးလို့ရှိရင်တော့ ကျန်တဲ့မြို့နယ်တွေမှာ လူခွဲပြီးတော့လုပ်ရမှာပေါ့”ဟု ဦးကျော်မြင့်က ပြောသည်။
ပြည်သူလူထုကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေသည့်အစားအသောက်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု မပြုခြင်း၊ အချက်အလက် ပြည့်စုံသည့် စားသောက်ကုန်များကိုသာ ၀ယ်သူသုံးစွဲခြင်းများ ပြုလုပ်သွားမည်ဆိုက ဘေးထွက်ဆိုးကျိုးရောဂါဖြစ်ပွားမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆန်လတ်







