မတ် ၆
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ လူထုအခြေပြုဗဟိုဌာန ကွန်မြူနီတီစင်တာစာကြည့်တိုက်တွင် တိုင်းရင်းသားစာပေနှင့် ရေးသားထားသည့် စာအုပ်များထားရှိမှု အားနည်းနေသေးကြောင်း သိရသည်။
ကွန်မြူနီတီစင်တာတွင် တိုင်းရင်းသားစာပေနှင့် ရေးသားထားသည့် စာအုပ်များကို ထားရှိနိုင်မှု အားနည်းခြင်းမှာ ထိုစာအုပ်များအား ၀ယ်ယူရန်ဘတ်ဂျက်လုံလောက်မှုမရှိခြင်းကြောင့်အပြင် တိုင်းရင်းသားစာအုပ်များကို လှူဒါန်းမည့်အလှူရှင်များ မရှိသောကြောင့်ဖြစ်သည်ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးဘောမ်ယိန်းက ပြောသည်။
“ပြည်သူတွေ ဖတ်ဖို့အတွက် စာအုပ်တွေဝယ်ဖို့ ရုံးချုပ်က တစ်လကိုနှစ်သောင်းပေးတယ်။ ရတဲ့ဘတ်ဂျက်က တခြားစာအုပ်တွေ ၀ယ်လိုက်ရတယ်။ ကချင်စာအုပ်တွေ ၀ယ်ဖို့က မတတ်နိုင်တော့ဘူး။ စာအုပ်လှူမယ့် အလှူရှင်ရှိရင်တော့ ကောင်းတာပေါ့။ စာဖတ်ပရိတ်သတ်ကလည်း ကချင်စာအုပ်တွေ ထားပေးဖို့ လာမပြောဘူး”ဟု ဦးဘောမ်ယိန်းက ဆက်လက် ပြောသည်။
လူထုအခြေပြု ကွန်မြူနီတီစင်တာ စာကြည့်တိုက်တွင် ကချင်တိုင်းရင်းသား စာအုပ်စာပေများထားရှိနိုင်ရန် တိုင်းရင်းသား လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားရန် စီစဉ်ဆောင်ရွက်နေသည်ဟု စာကြည့်တိုက်မှူးဒေါ်ခါးရာထံမှ သိရသည်။
“တိုင်းရင်းသားစာပေ တိုးတက်လာဖို့၊ လူထုတွေ ဖတ်လာဖို့ တိုင်းရင်းသား ခေါင်းဆောင်တွေက နှိုးဆော်တိုက်တွန်းပေးရမယ်။ တွေ့ဆုံပွဲတွေ အကြိမ်ကြိမ် လုပ်ပေးရမယ်။ စာပေဟောပြောပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ လုပ်ရမယ်”ဟု ကွန်မြူနီတီစင်တာမှ စာကြည့်တိုက်မှူး ဒေါ်ခါးရာကပြောသည်။
အဆိုပါ စာကြည့်တိုက်တွင် တစ်ရက်လျှင် အယောက် ၃၀ ကျာ်ခန့် လာရောက်စာဖတ်ကြသည်ဟု ဒေါ်ခါးရာကပြောပြသည်။
“တိုင်းရင်းသားစာပေ ဖတ်ချင်လို့ လာရှာတဲ့လူ ရှိတယ်။ တိုင်းရင်းသားစာပေက အများကြီးမရှိဘူး။ ငါးအုပ်လောက်ပဲ ရှိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ စာကြည့်တိုက်တွင် သုတစာပေ၊ ၀တ္ထုစာပေ၊ မဂ်္ဂဇင်း၊ ဂျာနယ်၊ စာစောင်၊ ရုပ်ပြ အစရှိသည့်စာအုပ်ပေါင်း ၁၄၇၉၀ အုပ်ရှိကြောင်း သိရသည်။
ထိုစာကြည့်တိုက်တွင် အသင်းဝင်ထားသူမှာ ဖေဖော်ဝါရီလအထိ ၆၉၇ ဦး ရှိပြီး တစ်ရက်လျှင် ၂၄ ဦးခန့် လာရောက်ငှားရမ်းကြကြောင်း သိရသည်။
ဆန်လတ်







