မြစ်ကြီးနား
မနက်မိုးလင်းတဲ့အခါ
ရှူနေရတဲ့လေမှာ
ကိုယ့်အသက်ဓာတ်ပါသလား
ကိုယ့်ခေါင်းကို အခါခါ ပြန်စမ်းနေရတယ်။
ငါ့သူငယ်ချင်းကပြောသလို
သူ့နှမလင်နောက်လိုက်လို့
ပြေးလွှားနေရသလိုမျိုး။
ကားတွေလူတွေ
မော်တော်ဆိုင်ကယ်တွေ
စက်တပ်ယာဉ်တွေ
ဘယ်တော့မှ မယဉ်ကျေးတဲ့မြို့
လာမလည်ချင်စမ်းပါနဲ့
ငရဲမှာဝဋ်ခံနေရသလို
ဘာမှမဖြစ်ရင် ဘာမှမဖြစ်တဲ့မြို့ကြီးမှာ
ဧည့်ဝတ်မကျေမှာစိုးပါတယ်
သေမင်းခံတွင်းဝက
လူတွေဟာ
ငါတို့မြို့သူမြို့သားတွေပဲ
သူငယ်ချင်း
ပြောလက်စစကားတွေ
မကုန်ဆုံးမီ
ရွာနေတဲ့မိုးတို့ မတိတ်မီ
ဈေးခြင်းတောင်းကို မဖွင့်မီ
အိမ်ရှေ့တံခါးကို မဖွင့်မီ
ကျောင်းတံခါးဝမရောက်မီ
လမ်းဖြတ်မကူးမီ
နောက်ကျောကို
ထောက်ထားတဲ့ဓားတွေ
မျက်နှာကိုဖြတ်ခုတ်လာတဲ့
ဓါးတွေ
ခင်ဗျားဗိုက်ထဲ
အူဘယ်နှခွေရှိမလဲ
ဓားတွေဟာ ခွဲစိတ်ခန်းမရောက်မီ
ဖွင့်ဆိုပါလိမ့်မယ်။
အမြန်လမ်းမကြီးပေါ်မှာ
မမြန်ချင်စမ်းပါနဲ့
ခေတ်ကာလက
ဝန်ကတော်လည်း
ကာယအိနြေ္ဒ
ပျက်သွားနိုင်ပါတယ်။
မယုံဘူးလား
မြစ်ကြီးနားမှာ ခင်ဗျားဖျားသွားနိုင်ပါတယ်။
ပုဆိုးလှန် ဇစ်ဆွဲပြခံနေရတဲ့
တရားဥပဒေစိုးမိုးရေးဟာ
ဘယ်တော့မှ နာလန်မထူနိုင်
တော့မယ့် တောရပ်
မြို့ပြဆန်ချင်ပြီး မြို့ပြမဆန်
တတ်တဲ့မြို့
မြို့ခံကိုလည်း အားနာတယ်။
မိတ်ဆွေကိုလည်း
အားနာတယ်
ငြိမ်းချမ်းရေးစကားဝိုင်းတွေ
လည်း အားနာတယ်
ဟော့ဒီမြို့ကြီးပြကြီးရဲ့
ရှက်ကြောပြတ်နေတဲ့
မိန်းမပျက်ဟာ
တရားဥပဒေစိုးမိုးရေးပဲ
မယုံဘူးလား
နေ့ခင်းကြောင်တောင်မှာ
ဒီမြို့ပြရဲ့ ညနက်သန်းခေါင်မှာ
လုံခြုံရေးမပါဘဲ လမ်းသလား
ကြည့်နိုင်ပါတယ်။
၁။
အဲဒီလို တုတ်ထိုးအိုးပေါက်ရေးဖူးတယ်ဗျ။ မြစ်ကြီးနားအကြောင်း ကဗျာရေးရတာ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းနေရသလိုပဲဗျ။ တကယ်တော့ တုတ်ထိုးအိုးပေါက်တို့က မြစ်ကြီးနားကိုချစ်တယ်။ ဧရာဝတီကို ချစ်တယ်။ ကိုယ့်မြို့ကိုချစ်တယ်။
မြစ်ကြီးနားမြို့ကြီး သာယာတာ။ မြစ်ကြီးနားမြို့ကြီး ငြိမ်းချမ်းတာ လိုချင်တာပေါ့ဗျာ။
မြို့ကြီးမှာ ပန်းတွေပွင့်လို့။လူတွေဟာ တစ်ဦးနဲ့တစ်ဦး ချစ်ခြင်းမေတ္တာနဲ့ ပွေ့ဖက်လို့။ ကားတွေဟာ တစ်စီးနဲ့တစ်စီးသည်းခံလို့။ ပန်းခြံမှာ မိသားစုတိုင်းဟာ ပျော်ရွှင်လို့။ စားသောက်ဆိုင်မှာ မိတ်ဆွေတွေရဲ့ဂီတဟာ မြူးကြွလို့။ ဘုရားရှိခိုးကျောင်းက ခေါင်းလောင်းသံတွေဟာ အေးချမ်းလို့။ စစ်မရှိ။ ဘေးမရှိ။
ဒီလိုမြို့ကြီးထဲ တုတ်ထိုးအိုးပေါက်တို့ နေချင်တာပေါ့။
တစ်ယောက်နဲ့ဒုက္ခ တစ်ယောက် ကူညီဖေးမလို့။ လူတွေဟာ ပျော်ရွှင်လို့။
ဒီလို တုတ်ထိုးအိုးပေါက်စိတ်ကူးယဉ်မိတာပါပဲ။
၂။
တုတ်ထိုးအိုးပေါက်တို့ မြစ်ကြီးနားမြို့ကြီးဟာ စားသုတ်သုတ် သွားသုတ်သုတ်ပဲဗျ။ လမ်းဘေးစားသောက်ဆိုင်မှာစားရင်လည်း ဘေးဘီဝဲယာကြည့်ရတယ်။ လက်ဖက်ရည်ဆိုင်ထိုင်လည်း တုတ်ထိုးအိုးပေါက်တို့ ကြာကြာမထိုင်ရဲဘူး။ ရပ်ထားတဲ့ကိုယ့်ဆိုင်ကယ်လေး သူခိုးအခိုးခံရမှာစိုးလို့ဗျ။
ပေါင်မုန့်ဆိုင်မှာ ပေါင်မုန့်ဝယ်လည်း တုတ်ထိုးအိုးပေါက်တို့က မြန်မြန်ပဲ။ လမ်းမှာရပ်ထားတဲ့ ဆိုင်ကယ်ပျောက်ရင်ဘယ်သူမှလာမကယ်ဘူး။ ရဲစခန်းသွားတိုင်ရင်တော့ ဆိုင်ကယ်ပျောက်စာရင်းတိုင်တန်းသူစာရင်းမှာ ပါသွားနိုင်တာပေါ့လေ။ လောလောဆယ်တော့ ကိုယ်ဖြစ်ကိုယ်ခံပါပဲ။
တုတ်ထိုးအိုးပေါက်လည်းပြီးခဲ့တဲ့လက ဆိုင်ကလုန်းတစ်စီးပျောက်ဖူးတော့ ခံရတဲ့အတွေ့အကြုံရခဲ့ပြီ။ မြစ်ကြီးနားမှာ ဆိုင်ကယ်မပျောက်ဖူးတဲ့လူဟာအကောင်ပဲလို့ ပြောရမလိုဖြစ်နေပြီ။
“တစ်ခါသေဖူးတော့ ပျဉ်ဖိုးနားလည်”ဆိုသလို တစ်ခါဆိုင်ကယ်အခိုးခံရဖူးတော့ ဆိုင်ကယ်သော့ကို အမျိုးမျိုးခတ်ထားလိုက်ရတော့တာ။
ရှေ့ဘီးကိုလည်း သော့ခတ်တယ်။ နောက်ဘီးကိုလည်းသော့ခတ်တယ်။ ဇက်သော့ကိုလည်း သော့ခတ်တယ်။ ပြီးတော့ သံကြိုးနဲ့ ရှေ့ဘီးနောက်ဘီးတွဲပြီး သော့နဲ့သေချာခတ်ပြန်တယ်။
ဆိုင်ကယ်ရပ်ပြီး လမ်းဘေးရှူရှူးပေါက်ရင်တောင် တုတ်ထိုးအိုးပေါက်တို့က အဲ့ဒီလိုသော့ခတ်ထားတော့တာ။ အချိန်တော့ ပေးရတာပေါ့လေ။သော့ခတ်ရင်လည်း ၁၀ မိနစ်။သော့ပြန်ဖွင့်ရင်လည်း ၁၀ မိနစ်။ ဒီလောက်တော့ သည်းခံပဲ။
ကျုပ်တို့ မြစ်ကြီးနားမြို့ကြီးမှာ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး။ ဖြစ်ရင်လည်း ကိုယ်ဖြစ်ကိုယ်ခံပါပဲခင်ဗျာ။
တုတ်ထိုးအိုးပေါက် သော့ခတ်တာကို သဘောကျသွားတဲ့မြစ်ကြီးနားသတင်းဂျာနယ်ကသတင်းထောက်ကလေး မောင်စည်သူတစ်ယောက် သူ့ဆိုင်ကယ်ကို တုတ်ထိုးအိုးပေါက်လိုသော့တွေတစ်သီကြီး ခတ်ထားသတဲ့။ ဒါပေမဲ့ သူခိုးဝိဇ္ဇာတွေက သူ့ဆိုင်ကယ်ကို ခိုးသွားတာပဲတဲ့။ သူခိုးတွေက ဆိုင်ကယ်ကို ၀ါးလုံးနဲ့လျှိုထမ်းပြီး ခိုးသွားကြလေသတဲ့။
မပြောဘူးလား။ ကိုယ်ဖြစ်ကိုယ်ခံပါဆို။
၃။
တကယ်တော့ ကျုပ်တို့မြို့ကြီးက တိုးတက်ချင်နေတာရယ်။ မြို့က မြို့လက္ခဏာနဲ့လှချင်နေတာရယ်။ လမ်းတွေကလည်း ခေတ်မီလာနေတာရယ်။
တုတ်ထိုးအိုးပေါက်တို့လမ်းတွေချဲ့ထွင်လာတာ ၀မ်းသာသဗျ။ ပြည်သူတင်တဲ့အစိုးရလက်ထက်မှာ ပြည်သူ့လမ်းတွေ ကျယ်လာတာ ၀မ်းသာတာပေါ့ဗျာ။ ဒါပေမဲ့ စာရိတ္တလမ်းတွေလည်း ချဲ့ဖို့လိုသေးသဗျ။ ကိုယ်ကျင့်တရားလမ်းတွေ ချဲ့ကားဖို့ လိုသေးသဗျ။ဒါဆို ကျုပ်တို့မြို့ကြီး ပျော်စရာတကယ်ကောင်းပြီ။
ပြည်သူတွေ နွေးထွေးမှုလုံခြုံမှုရှိရင် လမ်းတွေမချဲ့လည်းပျော်စရာကောင်းမှာ အမှန်ပါပဲ။
မိုးမျှော်တိုက်ကြီးတွေ မရှိလည်း တုတ်ထိုးအိုးပေါက်တို့မြို့ကြီး ပျော်စရာကောင်းမှာပဲ။
တရားဥပဒေစိုးမိုးရေးသာရှိ ကျုပ်တို့မြို့ ပျော်ရတယ်။ ငြိမ်းချမ်းရေးရကြည့် ကျုပ်တို့မြို့ကြီး ပျော်စရာကောင်းမယ်။
အခုတော့လား။
လူတကာ လက်ညှိုးထိုးခံနေရတဲ့၊ ရှက်ကြောပြတ်နေတဲ့မိန်းမပျက်ဟာ တရားဥပဒေစိုးမိုးရေးပါပဲ။
အဝေးက မိတ်ဆွေတွေကမေးကြတယ်။ ကချင်ပြည်နယ်မှာ ဟိုနားမှာ တိုက်ပွဲဖြစ်၊ ဒီနားမှာ တိုက်ပွဲဖြစ်နေတော့ အခြေအနေဘယ်လိုလဲတဲ့။
ကချင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးအခြေအနေ ဘယ်လိုရှိသလဲတဲ့။
ဒီတော့ တုတ်ထိုးအိုးပေါက်ပြန်ပြောလိုက်ရတယ်။
ငြိမ်းချမ်းရေး အသာထားစမ်းပါကွာလို့။
ငါတို့မြစ်ကြီးနားမြို့မှာရှိတဲ့ နာရီစင်ကြီးတောင် ဟိုဘက်နာရီနဲ့ ဒီဘက်နာရီမတည့်ကြဘူးလို့။ ဒီဘက်ကနာရီက တစ်နာရီခွဲဆိုရင် ကျောချင်းကပ်နေတဲ့ဟိုဘက်နာရီက ၈ နာရီခွဲနေပြီလို့။
ဟုတ်တယ်။
တောရွာကတက်လာတဲ့ ကိုရင်ကြီးတစ်ပါး နာရီစင်ကအချိန်ကိုကြည့်ပြီး ဆွမ်းခံတာဆွမ်းငတ်ခဲ့ဖူးတယ်လို့။
၅။
တရားဥပဒေစိုးမိုးရေးဆိုလို့ ပြောရဦးမယ်။
မနေ့က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ တုတ်ထိုးအိုးပေါက်ထိုင်နေတုန်း ကောင်မလေးတစ်ယောက် အီကြာကွေးလာဝယ်တယ်။ မုန့်ဆရာက အီကြာကွေးလေးချောင်းကို အိတ်အမည်းနဲ့ ထည့်ပေးတာ။
ဒီတော့ အဲဒီကောင်မလေးက ပြန်ပြောတယ်။
“ပါဆယ်ကို အိတ်အဖြူနဲ့ထည့်ပေးပါရှင်”
“ဘာဖြစ်လို့လဲ”
“မနေ့က အီကြာကွေးကိုအိတ်အမည်းနဲ့ ပါဆယ်ထည့်ပေးတာ။ လမ်းမှာ ပိုက်ဆံအိတ်ထင်ပြီး အလုခံလိုက်ရလို့”
ကိုင်း။
သိတော်မူကြတဲ့အတိုင်း ကျုပ်တို့မြစ်ကြီးနားမြို့ကြီးမှာသူကြီးလည်း မတိုင်လောက်၊ ဆယ်အိမ်ခေါင်းလည်း မတိုင်လောက်တဲ့အမှုတွေနဲ့ နေ့စဉ်ရင်ဆိုင်နေကြရတာ။
ဘယ်မှာလဲ တရားဥပဒေစိုးမိုးရေး။ အဲဒါကြောင့် ပြောတာ။ ကျုပ်တို့မြို့မှာ တရားဥပဒေစိုးမိုးရေးဟာ ရှက်ကြောပျက်နေတဲ့ မိန်းမပျက်ပါဆို။
၆။
မြစ်ကြီးနားက အိမ်မှာလည်းမနေရဲ။ လမ်းလည်းမထွက်ရဲဗျ။ ကိုယ့်မှာရှိတဲ့ရွှေတိုရွှေစတွေရှိရင်လည်း မရှိသလိုနေမှ တန်ကာကျမယ်။ အတုလည်း မ၀တ်မိစေနဲ့။ အစစ်လည်း မ၀တ်မိစေနဲ့။ တရားဥပဒေက စိုးမိုးတာမဟုတ်ဘူး။
တစ်လောတုန်းက တုတ်ထိုးအိုးပေါက်တို့မိသားစု ပြည်သူ့ဥယျာဉ်အားကစားကွင်းဘက် လည်ပတ်ကြတယ်။ ဆိုင်ကယ်အပ်တော့ ဆိုင်ကယ်စတင်းကကောင်လေးက ဇက်သော့မခတ်ဖို့ ပြောတယ်။ တုတ်ထိုးအိုးပေါက်လည်း မင်းတို့ကို ယုံတယ်။ တရားဥပဒေစိုးမိုးရေးကို မယုံလို့ပါကွာဆိုပြီး ဇက်သော့ပါခတ်တယ်။ သံကြိုးနဲ့ခတ်တယ်။ ဟုတ်တယ်လေ။ ပျောက်ခဲ့လို့ရှိရင် ကိုယ်ပဲခံရမှာ။ အာမခံက တစ်စီးပျောက်တစ်စီးလျော်ပေးချင်မှလျော်ပေးမှာလေ။ ဒီတော့ ဂွတီးဂွကျလူလို့ပဲ အထင်ခံလိုက်တယ်။
ပြည်သူ့ဥယျာဉ်မှာ ဓာတ်ပုံတွေရိုက်။ လေညင်းခံကြ။ ပြေးကြလွှားကြပေါ့။
ပန်းခြံထဲမှာ သားငယ်က၀မ်းပျက်နေလို့ ချေးခဏခဏပါတယ်။
ချေးတွေပေနေတဲ့ ဘောင်းဘီနှစ်ထည်ကို စတိုးဆိုင်ကရတဲ့ လက်ဆွဲအိတ်ကလေးထဲထည့်တယ်။ ချေးတွေပေးနေတဲ့ တစ်ရှူးတွေထည့်တယ်။ ပြီးတော့ အဲဒီအိတ်ကို ဆိုင်ကယ်ရှေ့ခြင်းထဲ ထည့်ထားလိုက်တယ်။
ပန်းခြံကအထွက်မှာ ဆိုင်ကယ်တစ်စီး လူငယ်နှစ်ယောက်ကပ်လာတယ်။ ပြီးတော့ ဆိုင်ကယ်ခြင်းထဲကအိတ်ကို ဆတ်ခနဲလုပြေးတယ်။
ဗေဒင်ဆရာက ဟောတယ်။ တနင်္လာနံအထုပ်လိုက်အထည်လိုက် ပျောက်ကိန်းရှိသတဲ့ဗျ။ တနင်္လာနံဆိုတော့ငွေပေါ့။ ငွေထုပ်ပေါ့။ ကခဂဃင တနင်္လာနံ။ ငွေထုပ်မပါဘဲ ချေးထုပ်ပါသွားလို့ တော်သေးတာပေါ့ဗျာ။
ကျုပ်တို့ မြစ်ကြီးနားမြို့ကြီးမှာ တရားဥပဒေစိုးမိုးပုံများပြောပါတယ်။ ဒါကြောင့်ပြောတာ။ ရှက်ကြောပျက်နေတဲ့ မိန်းမပျက်ဟာ တရားဥပဒေစိုးမိုးရေးပါလို့။
တုတ်ထိုးအိုးပေါက်