လီဆူစာပေ၏ မွေးဖွားခြင်း (သို့) တောင်တန်းများကြားမှ စာပေသူရဲကောင်များ

2

 

ရေးသူ – ခါကာဘို

တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တိမ်ခိုးတွေနဲ့ရစ်ပတ်နေတဲ့ ယူနန်တောင်တန်းကြီးတွေကြားမှာ၊ ရာစုနှစ်များစွာ သဘာဝနဲ့ တစ်သားတည်း ရှင်သန်နေကြတဲ့ လူမျိုးတစ်မျိုးရဲ့ ရွာလေးတွေရှိပါတယ်။

ဒီရွာလေးတွေမှာ နေထိုင်ကြသူတွေကတော့ လွတ်လပ်မှုကို မြတ်နိုးပြီး တောင်တန်းတွေကို အိမ်အဖြစ် ရွေးချယ်ခဲ့ကြတဲ့ လီဆူတိုင်းရင်းသားများပဲ ဖြစ်ပါတယ်။

မြင့်မားနက်ရှိုင်းတဲ့ တောတောင်တွေ၊ ထူထပ်တဲ့ တောအုပ်တွေနဲ့ မြစ်ချောင်းတွေရဲ့ မြစ်ဖျားခံရာ ဒေသတွေဟာ လီဆူတိုင်းရင်းသားတွေရဲ့ နေထိုင်ရာ ကမ္ဘာပါပဲ။ ခက်ခဲကြမ်းတမ်းတဲ့ သဘာဝပတ်ဝန်းကျင်ကို အံတုရင်း သူတို့ဟာ ကျွမ်းကျင်စွာအမဲလိုက်ရင်း၊ ငါးဖမ်းရင်း၊ တောင်ယာလုပ်ကိုင်ရင်းနဲ့ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဘဝကို တည်ဆောက်လာခဲ့ကြပါတယ်။

သူတို့မှာ လက်ဆင့်ကမ်းလာခဲ့တဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ နှုတ်နဲ့ ဆက်ခံလာခဲ့တဲ့  ဘိုးဘွားတို့ရဲ့ ဒဏ္ဍာရီပုံပြင်တွေ၊ သီချင်းတွေနဲ့ မိရိုးဖလာသမိုင်းကြောင်းတွေ ရှိခဲ့ကြပေမယ့်လည်း အဲဒီအရာတွေကို မှတ်တမ်းတင်နိုင်မယ့် ကိုယ်ပိုင်စာပေအက္ခရာတော့ မရှိသေးပါဘူး။

၂၀ ရာစုအစပိုင်းမှာတော့ ယူနန်တောင်တန်းတွေရဲ့ တိတ်ဆိတ်တဲ့သမိုင်းထဲက သူတို့ရဲ့အနာဂတ်လမ်းကြောင်းကို အသစ်ဖွင့်ပေးမည့် လူသုံးဦး ရောက်ရှိလာခဲ့ပါတယ်။

ထိုသူသုံးဦးရဲ့ ကြိုးပမ်းမှုတွေက လီဆူလူမျိုးတွေရဲ့ ကံကြမ္မာကို ရာစုနှစ်များစွာအထိ ပြောင်းလဲစေမယ့် အမွေအနှစ်တစ်ခုကို ဖန်တီးခဲ့ကြတာဖြစ်ပြီး အဲဒါကတော့ ယနေ့ထိ အသုံးပြုနေတဲ့ “လီဆူအက္ခရာ (Fraser Script)” ပဲ ဖြစ်ပါတယ်။

“အောက်ထရမ် ဖရေဇာ (James Outram Fraser)” ကို ၁၈၈၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ အင်္ဂလန်နိုင်ငံမှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက ဉာဏ်ရည်ထက်မြက်သူ၊ ဂီတကို ချစ်မြတ်နိုးသူ တစ်ဦးဖြစ်ပါတယ်။ လန်ဒန်တက္ကသိုလ်ကနေ အင်ဂျင်နီယာဘွဲ့ရပြီးနောက် အောင်မြင်တဲ့ အင်ဂျင်နီယာဘဝကို ရနိုင်တဲ့ အခွင့်အလမ်းတွေ ရှိခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသားဘဝမှာ ဖရေဇာဟာ ခရစ်ယာန်သာသနာပြု ဟောပြောပွဲတွေ တက်ရောက်ခဲ့ပြီး တောင်တန်းဒေသ သာသနာပြုတွေရဲ့ အတွေ့အကြုံတွေကို နားထောင်ရင်း သူ့ဘဝလမ်းကြောင်းကို ပြောင်းလဲစေတဲ့ စိတ်ဝင်စားမှု စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။

ဖရေဇာကိုယ်တိုင် ရေးသားထားတဲ့ မှတ်တမ်းတွေမှာတော့ သူ့အနေနဲ့ “သက်သောင့်သက်သာရှိတဲ့ အင်္ဂလန်ကဘဝထက် လိုအပ်ချက်ပိုကြီးတဲ့ နေရာတစ်ခုမှာ အလုပ်လုပ်ချင်တယ်” ဆိုတဲ့ ခံယူချက် ရှိလာကြောင်း တွေ့ရပါတယ်။

အဲဒီခေတ်က တရုတ်–မြန်မာနယ်စပ် ယူနန်တောင်တန်းဒေသဟာ အနောက်တိုင်းသားတွေ အရောက်အပေါက်နည်းတဲ့ တောင်ပေါ်တိုင်းရင်းသားများနေထိုင်ရာဒေသဖြစ်ပြီး ဖရေဇာဟာ အဲဒီခက်ခဲတဲ့ဒေသမှာ သာသနာပြုလုပ်ငန်းတွေသွားလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၁၉၀၈ ခုနှစ်မှာတော့ သူဟာ အင်ဂျင်နီယာအလုပ်ကို စွန့်ပြီး China Inland Mission (CIM)လို့ ခေါ်တဲ့ တရုတ်ပြည်တွင်း သာသနာပြု အဖွဲ့အစည်းနဲ့အတူ ယူနန်ကို ထွက်ခွာခဲ့ပါတယ်။

ယူနန်ကိုရောက်ချိန်မှာ ဖရေဇာဟာ စာအုပ်ထဲကနေသာ မဟုတ်ဘဲ ဒေသခံတွေရဲ့စကားကို တိုက်ရိုက်နားထောင်ပြီး ဈေးတွေ၊ လမ်းတွေမှာ စကားလုံးတွေကို လေ့လာကာ ဘာသာစကားကို နေ့စဉ်ဘဝထဲကနေ သင်ယူခဲ့ပါတယ်။

အဲဒီလိုနဲ့ တရုတ်ဘာသာစကားကို တတ်မြောက်လာချိန်မှာ ဖရေဇာဟာ တောင်ပေါ်မျိုးနွယ်စုများ အကြား သွားလာရင်း လီဆူလူမျိုးတွေနဲ့ စတင်ဆုံတွေ့ခဲ့ပါတယ်။

ရောင်စုံတိုင်းရင်းသားဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ လီဆူ တိုင်းရင်းသားတွေဟာ ဈေးနေ့တွေမှာ တောင်ပေါ်က ဆင်းလာလေ့ရှိကြပြီး သူတို့ရဲ့ ဘာသာစကား၊ သီချင်းတွေနဲ့ လူနေမှုဘဝတွေက ဖရေဇာကို ဆွဲဆောင်သွားခဲ့တယ်။

၁၉၁၁ ခုနှစ်မှာတော့ ချင်မင်းဆက် (Qing Dynasty)ကို ဖြုတ်ချခဲ့တဲ့ ရှင်းဟိုင်းတော်လှန်ရေး (Xinhai Revolution)ကြောင့် ယူနန်အပါအဝင် နယ်စပ်ဒေသတွေ မတည်ငြိမ်ဖြစ်လာပြီး ဖရေဇာဟာ ယူနန်နဲ့ မြန်မာမြောက်ပိုင်းကြား မကြာခဏ သွားလာခဲ့ရတဲ့ အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။

အဲဒီခေတ်က ဗန်းမော်ဟာ တရုတ်-မြန်မာကုန်သွယ်ရေးနဲ့ သာသနာပြုလုပ်ငန်းတွေရဲ့ အရေးပါတဲ့ အချက်အချာမြို့တစ်မြို့ဖြစ်ပြီး အမေရိကန်နှစ်ခြင်း သာသနာပြုအဖွဲ့ (American Baptist Mission) ရဲ့ အခြေစိုက်စခန်းလည်း ရှိနေခဲ့ပါတယ်။

လီဆူစာပေ ဖွံ့ဖြိုးလာတဲ့ အစောပိုင်းနှစ်တွေအတွင်း ဖရေဇာ၊ ဆရာဘသော်နဲ့ အခြားသော သာသနာပြုများ၊ ဒေသခံခေါင်းဆောင်များဟာ ယူနန်နဲ့ ဗန်းမော်ကြား ဆက်သွယ်ပူးပေါင်းပြီး လီဆူဘာသာအတွက် အက္ခရာစနစ်၊ ဘာသာရေးစာအုပ်များနဲ့ ပညာရေးလုပ်ငန်းများကို တဖြည်းဖြည်း အကောင်အထည်ဖော်ဘို့ ကြိုးစားခဲ့ကြပါတယ်။

၁၉၁၄ ဝန်းကျင်မှာ တော့ ဖရေဇာဟာ ယူနန်တောင်တန်းတွေထဲက လီဆူလူမျိုးတွေထဲသို့ ပိုနီးနီးကပ်ကပ် သွားပြီး သူတို့လို ဝတ်စား၊ စားသောက်၊ နေထိုင်ပြီး လီဆူဘာသာစကားကိုလည်း ကလေးတွေအပါအဝင် ဒေသခံတွေဆီကနေ သေချာစွာ လေ့လာသင်ယူပါ တော့တယ်။

တစ်နေ့တော့ ဖရေဇာဟာ လီဆူရွာလေးတစ်ရွာက မင်္ဂလာဆောင်ကို ရောက်သွားပြီး သူတို့ စကားပြောနေကြတာကို နားထောင်ရင်း၊ ပါလာတဲ့ စက္ကူဖြူလေးပေါ်မှာ အင်္ဂလိပ်စာလုံးတွေနဲ့ အသံထွက်အတိုင်း လိုက်ရေးပါတယ်။

ပြီးတော့ အဲဒီချရေးထားတဲ့စာကို လီဆူဘာသာစကား လေယူလေသိမ်းအတိုင်း ရွာသားတွေကို ပြန်ဖတ်ပြလိုက်တော့ သူတို့တွေ အားလုံးက “အော်… စက္ကူက ငါတို့စကားကို ပြောနေပါလား” ဆိုပြီး အံ့သြဝမ်းသာ ဖြစ်သွားကြပါတယ်။ ဒါဟာ လီဆူလူမျိုးတွေ သူတို့ရဲ့အသံကို စက္ကူပေါ်မှာ ပထမဆုံး မြင်တွေ့ခဲ့ရတဲ့ သမိုင်းဝင် အခိုက်အတန့်ပါပဲ။

စာပေသူရဲကောင်း နောက်တယောက်ကတော့ ဆရာဘသော်(Sara Ba Thaw) လို့ခေါ်ကြတဲ့ ဦးဉာဏ်သော်ပါ။ သူဟာ ၁၈၉၁ ခုနှစ်မှာ မွေးဖွားခဲ့သူ ကရင်တိုင်းရင်းသား နှစ်ခြင်းခရစ်ယာန် သာသနာပြုဆရာတစ်‌‌ယောက် ဖြစ်ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့(Calcutta/Kolkata) က တက္ကသိုလ်တခုမှာ Bachelor of Arts (B.A.) ဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။

၁၉၁၁ ခုနှစ်ဝန်းကျင်မှာတော့ အမေရိကန် နှစ်ခြင်းသာသနာပြုဆရာ ဂျော့ချ်ဂျေဂိုက်စ်(George J. Geis) နဲ့အတူ မြစ်ကြီးနားအခြေစိုက် အထက်မြန်မာပြည် ကချင်တောင်တန်းဒေသ သာသနာပြုလုပ်ငန်း တွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

ဆရာဘသော်ဟာ လီဆူလူမျိုးတွေနဲ့အတူ နေထိုင်ရင်း ဘာသာစကားကို ကျွမ်းကျင်လာပြီး စာပေမရှိခြင်းက ဖွံ့ဖြိုးမှုကို ကန့်သတ်တယ်လို့ ယုံကြည်လာခဲ့ပါတယ်။ ဒါကြောင့် ၁၉၁၃ ခုနှစ်မှာတော့ ဂျော့ချ်ဂျေဂိုက်စ်နဲ့ အတူ တရုတ်-မြန်မာနယ်စပ် ယူနန်ဒေသကို သွားရောက်စဉ် ဖရေဇာ နဲ့ တွေ့ဆုံခဲ့ပြီး လီဆူအက္ခရာ ဖန်တီးရေးလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ခဲ့တယ်။

ဆရာဘသော်က လက်တင်အက္ခရာတွေကို အခြေခံပြီး လီဆူအသံထွက်တွေနဲ့ ကိုက်ညီမယ့် စာလုံးအက္ခရာပုံစံမူကြမ်း တစ်ခုကို အရင်ဆုံး ဖန်တီးခဲ့ပြီး အဲဒီမူကြမ်းကို ဖရေဇာက အင်ဂျင်နီယာတစ်ယောက်လို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး ပြန်လည်ပြင်ဆင်၊ တိတိကျကျ အချောသတ်ပေးခဲ့တာပါ။

လီဆူစကားက အသံထွက် (Phonetics) တွေ အရမ်းများပြီး အင်္ဂလိပ်စာလုံး ၂၆ လုံးတည်းနဲ့ ရေးလို့ မလုံလောက်ဘူး။ စာလုံးအသစ်တွေ ထပ်ထွင်ပြန်ရင်လည်း ပုံနှိပ်စက်တွေမှာ သွန်းလုပ်ဖို့က ခက်ခဲသွားနိုင်ပါတယ်။

အဲဒီကြောင့် ကမ္ဘာ့အဆန်းပြားဆုံး အကြံဉာဏ်ကို ထုတ်လိုက်ကြပြီ အဲဒါကတော့ ရှိပြီးသား အင်္ဂလိပ်စာလုံးကြီးတွေကိုပဲ ပြောင်းပြန်လှန်ပြီး သုံးလိုက်ကြခြင်းပါ။

ဥပမာ အင်္ဂလိပ်စာလုံး B, P, J, K တို့ကို ပုံမှန်အတိုင်း သုံးသလို၊ အသံထွက် မတူတဲ့ တခြား လီဆူဗျည်းတွေအတွက် အဲဒီစာလုံးတွေကိုပဲ ခေါင်းပြန်စိုက်ပြီး ( ꓭ, ꓒ, ꓩ, ꓘ ) ရေးလိုက်ကြတာပါ။

ဒီနည်းနဲ့ လီဆူးအက္ခရာသစ် ၄၀ လုံးဟာ စာရိုက်စက် (Typewriter) နဲ့ စာလုံးအသစ် သွန်းစရာမလိုဘဲ အင်္ဂလိပ်စာရိုက်စက်မှာတင် အလွယ်တကူ ရိုက်နှိပ်လို့ ရသွားတဲ့အထိ ခေတ်ရှေ့ပြေးခဲ့ပါတယ်။

လီဆူအက္ခရာက အလုံး ၄၀ မှာ ဗျည်း ၃၀ နဲ့ သရ ၁၀ ပါဝင်ပါတယ်။ စာလုံးအကြီး (Capital letters) ပုံစံများသာ ပါဝင်သော တစ်မျိုးတည်းသော အက္ခရာစနစ်လည်း ဖြစ်ပါတယ်။

ထူးခြားတာကတော့ လီဆူဘာသာမှာ အသံထွက် ၆ မျိုးလောက်ရှိပြီး၊ စကားလုံးတစ်လုံးတည်း ကတောင် အသံအနိမ့်အမြင့်ပေါ်မူတည်ပြီး အဓိပ္ပာယ်ပြောင်းသွားနိုင်တာကြောင့်အသံကွာခြားမှုတွေကို ဖော်ပြဖို့ စာလုံးများရဲ့ နောက်မှာ သီးသန့်အသံသင်္ကေတ (Tone marks) များဖြစ်တဲ့ အစက် (. ) ၊ ကော်မာ ( , ) ၊ မျဉ်းစောင်း ( / ) နဲ့ အစက်နှစ်စက် ( : )လို သင်္ကေတတွေကိုပါ အသုံးပြုပြီး စနစ်တကျ သတ်မှတ်ထားကြပါတယ်။

နှစ်ဦးစလုံးရဲ့ အပြင်းအထန် ကြိုးစားမှုကြောင့် ၁၉၁၅ ခုနှစ်ဝန်းကျင်မှာ ဖရေစာအက္ခရာ(Fraser Script) သို့မဟုတ် မူလလီဆူအက္ခရာ/ရှေးလီဆူအက္ခရာ(Old Lisu Script) ပေါ်ပေါက်လာခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ကြိုးပမ်းမှုတွေကတော့ – ဆရာဘသော်ဟာ ၁၉၁၀ ဝန်းကျင်ကစတင်ပြီး လီဆူလူမျိုးတွေ အတွက် အခြေခံခရစ်ယာန်အမေးအဖြေသင်ကြားစာ (Catechism) နဲ့ ဓမ္မသီချင်းများကို အဓိကဦးဆောင် ရေးသားပြုစုပေးခဲ့သူ ဖြစ်ပါတယ်။

ဖရေဇာ ဦးဆောင်ဘာသာပြန်ခဲ့တဲ့ မာကုခရစ်ဝင်ကျမ်းကို ၁၉၁၇ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ပြီး ၁၉၁၈ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ရာ ဤကျမ်းစာအုပ်ဟာ လီဆူစာပေသမိုင်းရဲ့ ပထမဆုံး ပုံနှိပ်စာအုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မာကုခရစ်ဝင်ကျမ်း ထွက်ရှိပြီးတဲ့နောက်၊ ဖရေဇာဟာ “ယောဟန်ခရစ်ဝင်ကျမ်း” နှင့် အခြားဓမ္မသီချင်းများကို လီဆူဘာသာသို့ ဆက်လက်ဘာသာပြန်ဆိုခဲ့ပါတယ်။

ဆရာဖရေဇာဟာ သာသနာပြုလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု တာဝန်တွေ များပြားလာတဲ့အတွက် ဓမ္မသစ်ကျမ်း ဘာသာပြန်လုပ်ငန်းကို China Inland Mission (CIM) အဖွဲ့ဝင် သာသနာပြု ဇနီးမောင်နှံဖြစ်တဲ့ အယ်လင်ကွတ်တို့ ဇနီးမောင်နှံထံသို့ လွှဲပြောင်းပေးခဲ့ပါတယ်။

သို့သော်လည်း ၁၉၃၀ ဝန်းကျင် အလယ်ပိုင်းမှာ ဆရာဖရေဇာကိုယ်တိုင် ဘာသာပြန်အဖွဲ့ဆီ ပြန်လည်ရောက်ရှိလာပြီး စာသားများ ပြန်လည်တည်းဖြတ်ခြင်း (Revision) နဲ့ စစ်ဆေးခြင်း လုပ်ငန်းတွေကို အတူတူ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။

စုပေါင်းကြိုးပမ်းမှုကြောင့် လီဆူဘာသာဖြင့် ဓမ္မသစ်ကျမ်းတစ်အုပ်လုံး ဘာသာပြန်ခြင်းကို ၁၉၃၆ ခုနှစ်တွင် အပြီးသတ်နိုင်ခဲ့ပြီး ၁၉၃၈ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။

အဲဒီခေတ်က စာမရှိခဲ့ကြတဲ့ တောင်ပေါ်သား လီဆူလူမျိုးတွေဟာ ကိုယ်ပိုင်စာပေ ပေါ်ပေါက်လာတဲ့ အခါ စာတတ်လိုစိတ်နဲ့ အချိန်တိုအတွင်းမှာတင် စာကြိုးစားတတ်မြောက်နှုန်း မြင့်မားသွားခဲ့တာဟာ လီဆူတို့ရဲ့ သမိုင်းဝင် တော်လှန်ရေးတစ်ခုပါပဲ။

ဒီလုပ်ငန်းတွေထဲမှာ အရေးကြီးတဲ့ နောက်တစ်ယောက်ကတော့ အယ်လင် “ကွတ်ခ်(Allyn Cooke)”ပါ။ သူက လီဆူဘာသာရဲ့ သဒ္ဒါစနစ်တွေကို စနစ်တကျ ပြုစုပေးပါတယ်၊ ကျမ်းစာဘာသာပြန်လုပ်ငန်းတွေမှာ ပါဝင်ခဲ့ပြီး ပုံနှိပ်ထုတ်ဝေမှုနဲ့ ပညာရေးစာအုပ်တွေကိုပါ ဆက်လက် ဖွံ့ဖြိုးအောင် လုပ်ပေးခဲ့သူ ဖြစ်ပါတယ်။

တကယ်တော့ ကွတ်ခ် ဆိုတာ ဖရေဇာနဲ့ ဆရာဘသော်တို့ စိုက်ပျိုးခဲ့တဲ့ စာပေအစေ့အဆန်ကို အပင်ကြီးတစ်ပင်အဖြစ် ကြီးထွားလာအောင် ဆက်လက် ပြုစုခဲ့သူတစ်ယောက်လို့ ပြောလို့ရပါတယ်။

အလားတူ ပါဝင်ပံ့ပိုးကြတဲ့ လီဆူတိုင်းရင်းသားကြီး အချို့လည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ၁၉၂၀ ခုနှစ်များမှာ ငေါ်ရန်ဘို (Ngaw Rengbo) ဆိုတဲ့ လီဆူလူမျိုး တစ်ဦးကလည်း ကိုယ်ပိုင် လီဆူအသံအက္ခရာ (Lisu Syllabary /Bamboo Script) တစ်မျိုးကို တီထွင်ခဲ့ပြီး လူထောင်ချီ သင်ကြားပေးနိုင်ခဲ့ပါတယ်။ သို့သော် ဖရေဇာအက္ခရာ(Fraser Script) လောက် ကျယ်ပြန့်စွာ အသုံးမပြုနိုင်ခဲ့ပါ။

ဖရေဇာနဲ့ ဒေါက်တာဘသော်တို့ရဲ့ အောင်မြင်မှုတွေက လွယ်လွယ်နဲ့ ရလာတာတော့ မဟုတ်ဘူး။ ဖရေဇာ ဟာ တောင်တန်းဒေသတွေမှာ နှစ်ပေါင်းများစွာ အထီးကျန်စွာ နေထိုင်ရင်း စိတ်ဓာတ်ပိုင်း ဆိုင်ရာ ဖိအားတွေ၊ စိတ်ကျရောဂါတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့် လီဆူလူမျိုးတွေအပေါ်ထားတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်ချက်ကြောင့် သူ့လုပ်ငန်းကိုတော့ မစွန့်လွှတ်ခဲ့ပါဘူး။

ဓမ္မသစ်ကျမ်း ပြီးစီးပြီး မကြာခင်မှာပဲ၊ ၁၉၃၈ ခုနှစ် စက်တင်ဘာလ၊ အသက် ၅၂ နှစ်အရွယ်မှာ ဆရာဖရေဇာဟာ ယူနန်ပြည်နယ် ပေါင်စန်း (Baoshan) မြို့မှာ ဦးနှောက်ကို ထိခိုက်စေတဲ့ ပြင်းထန်တဲ့ ငှက်ဖျားရောဂါ (Cerebral Malaria)ကို ခံစားရင်း ကွယ်လွန်ခဲ့ပါတယ်။ အဲဒီအချိန်က အဲဒီဒေသမှာ ဒီရောဂါကို ထိရောက်စွာ ကုသနိုင်တဲ့ ဆေးဝါးတွေလည်း မရှိသေးပါဘူး။

ဆရာဘသော်ကတော့ သူ့ဘဝတစ်လျှောက်လုံး သာသနာပြု လုပ်ငန်းတွေနဲ့အတူ လီဆူစာပေ၊ ပညာရေးနဲ့ ဖွံ့ဖြိုးရေးတွေအတွက် တစိုက်မတ်မတ် ကြိုးစားခဲ့ပြီး ၁၉၆၈ ခုနှစ် မြန်မာနိုင်ငံတွင်းမှာဘဲ ကွယ်လွန်ခဲ့ပါတယ်။

စာပေအသိပညာနဲ့ ခရစ်ယာန်ယုံကြည်မှုတွေဟာ လီဆူလူမျိုးတွေရဲ့ လူမှုဘဝကို များစွာ ပြောင်းလဲစေခဲ့ပြီး ၂၀ ရာစုဟာ လီဆူတို့အတွက် ရိုးရာဘဝကနေ ခေတ်မီဘဝဆီ ကူးပြောင်းလာတဲ့ အရေးကြီးတဲ့ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။

၁၉၉၂ ခုနှစ်မှာတော့ တရုတ်အစိုးရက လီဆူအက္ခရာ(Fraser Script)ကို လီဆူးလူမျိုးတို့ရဲ့ တရားဝင်စာ‌ပေအက္ခရာအဖြစ် အသိအမှတ်ပြု သတ်မှတ်ပေးခဲ့ပါတယ်။

သူတို့သုံးဦး ဖန်တီးခဲ့တဲ့ စာပေဟာ ဒီနေ့ခေတ်ထိ မြန်မာ၊ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေက လီဆူလူမျိုး သိန်းနဲ့ချီပြီး အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ နည်းပညာအဖွဲ့အစည်းကြီးဖြစ်တဲ့ Unicode Consortium ကလည်း ဒီအက္ခရာကို ကွန်ပျူတာသုံး စံနှုန်းအဖြစ် သတ်မှတ်ပေးထားလို့ ယနေ့ခေတ် လီဆူလူငယ်တွေဟာ စမတ်ဖုန်း ထဲမှာ၊ Facebook ပေါ်မှာ သူတို့ရဲ့ ကိုယ်ပိုင် “လီဆူဖောင့်” တွေနဲ့ စာတွေရိုက်ပြီး ကမ္ဘာကြီးနဲ့ ဆက်သွယ် နေကြပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က တောင်တန်းများကြားမှာ စိုက်ပျိုးခဲ့တဲ့ ဒီ လီဆူအက္ခရာ မျိုးစေ့လေးတွေဟာ ယနေ့ခေတ်မှာတော့ Digital ကမ္ဘာအထိ အသက်ဝင်ရှင်သန်လို့ နေပါပြီ။ သူတို့ရဲ့ ကြိုးပမ်းမှုတွေက စာပေတစ်ခုထက်ပိုတဲ့ လူမျိုးတစ်မျိုးရဲ့ အသံ၊ ယဉ်ကျေးမှုနဲ့ အနာဂတ်ကိုပါ မပျောက်ကွယ်သွားအောင် ထိန်းသိမ်းပေးခဲ့တာမို့ ဒီအမွေအနှစ်နဲ့အတူ ဒီစာပေသူရဲကောင်းတို့ရဲ့ အမည်ဟာလည်း လီဆူတို့ရဲ့ နှလုံးသားထဲမှာသာမက လူသားသမိုင်းရဲ့ စာမျက်နှာများပေါ်မှာလည်း ထာဝရ ရှင်သန်နေဦးမှာ ဖြစ်ပါတယ်။

ကိုးကား:

Biographical Dictionary of Chinese Christianity (BDCC)
Mountain Rain: Eileen Crossman (Daughter of James O. Fraser)
Fraser’s Challenge: Christian History Institute (CHI)

LEAVE A REPLY

Please enter your comment!
Please enter your name here