ဇူလိုင်၊ ၂၁
ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ မှတ်တိုင် ၃၀ အနီးမှာရှိတဲ့ ကျေးရွာဘက်တွေမှာ စစ်အုပ်စု၊ရဝမ်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေဆဲလို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားရာ စစ်မြေပြင်ကိုပို့ဖို့ ပြီးခဲ့တဲ့အပတ်ကစပြီး ပူတာအိုမြို့ကို စစ်သားတွေနဲ့ လက်နက်တွေ တင်ဆောင်လာတဲ့ လေယာဉ်တွေ နေ့တိုင်းဆိုသလို ၁ စီး (သို့) ၂ စီးနဲ့ ဆင်းသက်နေတယ်လို့ ပူတာအိုဒေသခံတွေဆီက ကြားသိရပါတယ်။
လေယာဉ်နဲ့ ရောက်ရှိလာတဲ့ စစ်သားတွေနဲ့လက်နက်တွေကိုတော့ တိုက်ပွဲဖြစ်ပွားရာဒေသဘက်ကို စစ်ယာဉ်တန်းတွေနဲ့ ဆက်တိုက်ဆိုသလို ပို့ဆောင်ပေးနေတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။
“မှတ်တိုင် ၃၀ အရေးကတည်းက အရမ်းဆိုးသွားတာ။ အဲဒီနောက် စစ်အင်အားထပ်ဖြည့်၊ လက်နက်တွေဖြည့်ယူပြီး ဆက်တိုက်ဆိုသလို စစ်ကြောင်းထိုးနေတယ်။” လို့ ဒေသခံက ဆိုပါတယ်။
မနေ့ကဇူလိုင်လ ၂၀ ရက်နေ့မှာလည်း ပူတာအိုကနေစစ်ကား ၄ စီးနဲ့ ခေါင်လန်ဖူးဘက် တက်သွားတာဖြစ်ပြီး အဲဒီထဲမှာ နယ်ခံတပ်ရင်းကမဟုတ်တဲ့ မျက်နှာစိမ်းစစ်သားတွေ ပါကြောင်းလည်း KIA နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
KIA ပူးပေါင်းတပ်ဖွဲ့တွေက လွန်ခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့အတွင်းမှာ စစ်တပ်နဲ့ ရဝမ်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေ စခန်းချနေထိုင်နေတဲ့ တရုတ်နယ်စပ်မှတ်တိုင် ၃၀ ဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီနေရာကို စစ်တပ်ဘက်က ပြန်လည်ရယူဖို့ ပြန်လည်ကြိုးစားနေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
စခန်းပြန်လည်ရယူဖို့ စစ်တပ်နဲ့ ရဝမ်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒရုန်း၊ လက်နက်ကြီး၊ ဗုံးတွေနဲ့ KIA ပူးပေါင်းတပ်တွေကို ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး အနီးနားရှိ ကျေးရွာတွေကိုလည်း ကျည်ထိမှန်တာ ရှိတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့က စစ်တပ်နဲ့ ရဝမ်ပြည်သူ့စစ်ပူးပေါင်းတပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ မီကူဆာကျေးရွာက နေအိမ်တစ်ခုပေါ်ကို လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး ကလေးငယ်တစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
ခေါင်လန်ဖူးမြို့နယ်နဲ့ ရှိန်းခေါင်ရွာကြားရှိ နယ်ခြားမှတ်တိုင် ၃၀ ဂိတ်စခန်းဟာ တရုတ်နဲ့ နယ်စပ်ကုန်စည်စီးဆင်းမှု ဗျူဟာမြောက် ဂိတ်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။






