အပင်တွေနဲ့အင်းဆက်တွေရဲ့ သမိုင်းကို မှတ်တမ်းတင်နိုင်ခဲ့တဲ့ မြန်မာ့ပယင်း

2

 

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၉၉ သန်းလောက်က ကမ္ဘာဦးခေတ်ရဲ့ လျှို့ဝှက်ချက်တွေကို အံ့ဩစရာကောင်းလောက်အောင် သိမ်းဆည်းထားတဲ့ မြန်မာ့ပယင်းတွေအကြောင်း အခုနှစ်ပိုင်းတွေမှာ သိပ္ပံလောကမှာ ထပ်ပြီးတော့ ဟိုးလေးတကျော် ဖြစ်လာပြန်ပါတယ်။

ကချင်ပြည်နယ်ကထွက်တဲ့ ပယင်းခဲလေးတွေထဲမှာ ရှေးဟောင်းအင်းဆက်တွေနဲ့ ပန်းဝတ်မှုန်တွေက အကောင်းပကတိအတိုင်း ပိတ်မိနေတာတွေကို ခေတ်မီနည်းပညာတွေနဲ့ စစ်ဆေးလိုက်တဲ့အခါ ကမ္ဘာပေါ်မှာ အပင်တွေရဲ့ သမိုင်းကြောင်းတွေနဲ့ အင်းဆက်ပိုးမွှားတွေရဲ့ ဆင့်ကဲပြောင်းလဲမှုသမိုင်းဝင် အထောက်အထားသစ်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဲ့ဒီတွေ့ရှိချက်ကြောင့် မြန်မာ့မြေကထွက်တဲ့ ပယင်းဆိုတာ ရိုးရိုးကျောက်မျက်ရတနာတခုတင် မကတော့ပဲ သမိုင်းအထောက်အထားတွေကို မှတ်တမ်းတင်နိုင်ခဲ့တဲ့ ကျောက်မျက်ရတနာတခု ဖြစ်ပါတယ်။ ပယင်းဆိုတာ ဘာလဲ လေ့လာကြရအောင်ပါ။

ပယင်းဆိုတာဘာလဲ၊ ဘယ်လိုဖြစ်လာတာလဲ။

ပယင်းဟာ ကျောက်မျက်ရတနာလို့ လူသိများပေမဲ့ တကယ်တော့ ကျောက်မဟုတ်ပါဘူး။

သူဟာ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်သွားတဲ့ သစ်စေး (Fossilized Tree Resin) ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက သစ်ပင်ကြီးတွေ (အထူးသဖြင့် ထင်းရှူးမျိုးနွယ်ဝင်အပင်များ) ကနေ အစေးတွေ ထွက်လာပါတယ်။

အဲ့ဒီအစေးတွေထဲမှာ ပိုးမွှားတွေ၊ သစ်ရွက်တွေ ပိတ်မိပြီး မြေကြီးထဲ နစ်မြုပ်သွားရာကနေ နှစ်သန်းနဲ့ချီတဲ့ အပူချိန်နဲ့ ဖိအားကြောင့် တဖြည်းဖြည်း မာခဲပြီး ပယင်းဖြစ်လာတာပါ။

သစ်ပင်ကထွက်တဲ့ သစ်စေး(Resin) နဲ့ သစ်ရည်(Sap) မတူပါဘူး။ သစ်ရည်ဟာ အပင်ရဲ့ အာဟာရဖြစ်ပြီး သစ်စေးကတော့ အပင်မှာ ဒဏ်ရာရရင် ကာကွယ်ဖို့ ထွက်လာတဲ့ စေးကပ်တဲ့ အရည်ဖြစ်ပါတယ်။

ဘယ်နေရာတွေမှာ ပယင်း ထွက်သလဲ။

ပယင်းဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ ထွက်ရှိပေမဲ့ အမျိုးအစားနဲ့ သက်တမ်း ကွဲပြားပါတယ်။

ဘောလ်တစ်ပင်လယ်ဒေသ (Baltic Region) ဖြစ်တဲ့ ပိုလန်၊ ရုရှား၊ လစ်သူယေးနီးယား နိုင်ငံတွေမှာ အများဆုံးထွက်ပါတယ်။ ကမ္ဘာ့ပယင်းဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ဒီကလာတာပါ။ ဒိုမီနီကန်သမ္မတနိုင်ငံမှာလည်း အလွန်ကြည်လင်တဲ့ ပယင်းတွေထွက်ပြီး အပြာရောင်ပယင်း (Blue Amber) ကြောင့် နာမည်ကြီးပါတယ်။

မြန်မာနိုင်ငံ ကချင်ပြည်နယ် (တနိုင်းမြို့နယ်)ဟာ မြန်မာ့ပယင်း (Burmite) အဓိကထွက်ရှိရာနေရာပါ။ မြန်မာ့ပယင်းဟာ သက်တမ်းအရ နှစ်သန်း ၉၉ သန်းနီးပါးရှိပြီး ဘောလ်တစ်ပယင်း (နှစ်သန်း ၄၀ ခန့်) ထက် အများကြီး ပိုရင့်ပါတယ်။

ပယင်းတွေကို တန်ဖိုး ဘယ်လိုဖြတ်လဲ။

ပယင်းရဲ့ တန်ဖိုးဟာ အရွယ်အစား၊ အရောင်နဲ့ အထဲမှာပါတဲ့ အရာဝတ္ထု (Inclusions) ပေါ် မူတည်ပါတယ်။အထဲမှာ ငှက်အမွှေး၊ ဒိုင်နိုဆောအမြီး၊ ထူးဆန်းတဲ့ အင်းဆက်တွေ (ရုပ်ကြွင်းပါသော ပယင်းများ) ပါဝင်ရင် သိပ္ပံနည်းကျ တန်ဖိုးဖြတ်လို့မရအောင် ကြီးမားပါတယ်။

ရိုးရိုးလက်ဝတ်ရတနာသုံး ပယင်းတွေက တဂရမ်ကို ဒေါ်လာအနည်းငယ်ကနေ စနိုင်ပေမယ့် အထဲမှာ ရှားပါးရုပ်ကြွင်းပါရင် ဒါမှမဟုတ် အရောင်အလွန်တောက်ပြောင်ရင် ဒေါ်လာထောင်ချီ၊ သောင်းချီ တန်ကြေးရှိပါတယ်။ ရုရှားနိုင်ငံက နန်းတော်တခုမှာ ပယင်းချပ်တွေနဲ့ တခန်းလုံးကို စီခြယ်ထားတဲ့ ခန်းမဟာဆိုရင် နာမည်ကျော်ပြီး ကမ္ဘာ့အဋ္ဌမမြောက် အံ့ဖွယ်လို့တောင် တင်စားကြပါတယ်။

ပယင်းအတုနဲ့အစစ် ဘယ်လိုခွဲမလဲ။

ပယင်း အစစ်နဲ့ အတုကို ခွဲခြားနိုင်ဖို့ အိမ်မှာပဲ ကိုယ်တိုင်စမ်းသပ်နိုင်တဲ့ နည်းလမ်းအချို့ ရှိပါတယ်။ရေဖန်ခွက်တခွက်ထဲကို ရေ ၃ ဆနဲ့ ဆား ၁ ဆ ထည့်ပြီး ပျော်ဝင်သွားအောင် မွှေပါ။ ဆားက နောက်ထပ်မပျော်တော့ဘဲ အောက်မှာ အနည်ထိုင်သွားတဲ့အထိထားပြီး ပယင်းထည့်လိုက်ပါ။ ပယင်းအစစ်ဆိုရင် အဲ့ဒီဆားရည်ပေါ်မှာ ပေါ်နေပါလိမ့်မယ်။ ပလတ်စတစ် (သို့) အခြားပစ္စည်းအတုတွေကတော့ အောက်ကို နစ်သွားပါလိမ့်မယ်။

နောက်တနည်းကတော့ အပ်တချောင်းကို မီးအနီရောင်သန်းတဲ့အထိ အပူပေးပြီး ပယင်းရဲ့ မမြင်သာတဲ့နေရာလေးကို အပ်နဲ့ထိုးကြည့်ပါ။ ပယင်းအစစ် ဆိုရင် ထင်းရှူးစေးရနံ့ (ဒါမှမဟုတ်) သစ်စေးနံ့လိုမျိုး သင်းသင်းလေး ထွက်လာပါလိမ့်မယ်။ ပလတ်စတစ်အတု ဆိုရင်တော့ ပလတ်စတစ်လောင်တဲ့ အနံ့ (ဓာတုအနံ့) ထွက်လာပါလိမ့်မယ်။

ဒီနည်းနဲ့လည်း စမ်းကြည့်လို့ရပါတယ်။

ပယင်းကို လက်ထဲမှာ ကိုင်ထားကြည့်ပါ။ ပယင်းအစစ်ဟာ ပလတ်စတစ်တွေလို အေးစက်မနေပါဘူး။ သာမာန် အခန်းအပူချိန်မှာတောင် ထိလိုက်ရင် နွေးနွေးလေး ဖြစ်နေတတ်ပါတယ်။ ပယင်းကို ပွတ်တိုက်ပေးလိုက်ရင် ပိုပြီး နွေးလာတာကို တွေ့ရပါမယ်။

ဒဏ္ဍာရီလာ ကျန်းမာရေးအတွက် အသုံပြုမှုများ။

ရှေးခေတ်ကတည်းက ပယင်းကို ဆေးဘက်ဆိုင်ရာမှာ အသုံးပြုခဲ့ကြတဲ့ ယုံကြည်မှုတချို့ ရှိပါတယ်။ ပယင်းထဲမှာ ပါဝင်တဲ့ (Succinic Acid)ဆာဆင်းနစ်အက်ဆစ်ဓာတ်ဟာ နာကျင်မှုကို သက်သာစေပြီး ကိုယ်ခံအားကို ကောင်းမွန်စေတယ်လို့ ယူဆကြပါတယ်။

ပယင်းလည်ဆွဲ(Amber necklace) ဝတ်ရင် ကလေးသွားပေါက်နာ သက်သာတယ်။ နာကျင်မှု လျော့နည်းစေတယ်။ ရောင်ရမ်းမှု လျော့စေတယ်။ စိတ်ဖိစီးမှု လျော့စေတယ် ဆိုတဲ့ အဆိုများကို တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ ယနေ့ထိ သိပ္ပံနည်းကျ ခိုင်မာတဲ့ သက်သေမရှိသေးပါဘူး။

တခြားစိတ်ဝင်စားစရာ အချက်များ။

ပယင်းကို အဝတ်နဲ့ ပွတ်လိုက်ရင် လျှပ်စစ်ငြိမ်ထွက်လာပြီး အမွေးအမျှင်လေးတွေကို စုပ်ယူနိုင်ပါတယ်။ Electricity ဆိုတဲ့ စကားလုံးဟာ ဂရိဘာသာစကား Elektron (ပယင်း) ကနေ ဆင်းသက်လာတာပါ။ ပယင်းဟာ သိပ်သည်းဆ နည်းတာကြောင့် ရေငန် (ပင်လယ်ရေ) ထဲမှာ ပေါ်နေတတ်ပါတယ်။

ဒါကြောင့် ဘောလ်တစ်ပင်လယ်ကမ်းခြေတွေမှာ မုန်တိုင်းတိုက်ပြီးရင် ပယင်းတွေကို ကမ်းခြေမှာ အလွယ်တကူ ကောက်ရတတ်ပါတယ်။ ဒီဂုဏ်သတ္တိက ပယင်းစစ်/မစစ် ခွဲခြားရာမှာလည်း အသုံးဝင်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here