တရားမျှတမှုကိုယ်တိုင် အကြမ်းဖက်ခံနေရတဲ့ သွေးလွှမ်းနိုင်ငံတော်

15

 

ရေးသူ – စိုင်းခေ

“မလုပ်ပါနဲ့သားရယ်”၊ “အန်တီရှိခိုးမယ်နော်”၊ “ငါ့သားက ဓားကြီးနဲ့ရွယ်တော့ အန်တီက ကြောက်တာပေါ့”

အမျိုးသမီးတစ်ယောက်ရဲ့ အဲဒီလိုပြောဆိုချက်တွေကို လူမှုကွန်ရက်အသုံးပြုနေသူတွေ ဒီရက်ပိုင်းထဲ ဆက်တိုက် မြင်နေ၊ တွေ့နေ၊ ကြားနေကြမယ်ထင်ပါတယ်။

လူတစ်စုက အမျိုးသမီးတစ်ယောက်ကို ဖမ်းထားပြီး သတ်ဖြတ်လိုက်တဲ့ ဗွီဒီယိုဖိုင်ပါ။ နှလုံးမကောင်းသူတွေအတွက်တော့ အဲဒီဗွီဒီယိုဖိုင်ဟာ သွေးပျက်စရာကောင်းလှပါတယ်။

ဒီလိုရာဇဝတ်မှုမျိုးကို ဘယ်အဖွဲ့ကပဲလုပ်လုပ် ပြင်းပြင်းထန်ထန်ဆန့်ကျင်ရမှာပါ။

အခုဖြစ်စဉ်ကိုတော့ ကချင်ပြည်နယ်အခြေစိုက် စစ်အုပ်စုရဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က လုပ်တယ်ဆိုပြီး စွပ်စွဲပြောဆိုမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ သူတို့လုပ်တာသေချာတယ်ဆိုတဲ့ ထင်ရှားတဲ့ သက်သေတွေကတော့ အခုထိမထွက်လာသေးပါဘူး။

ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းဇေသန့်ကလည်း အဲဒီကိစ္စကို သူတို့လုပ်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

တစ်ဖက်စစ်အုပ်စုကလည်း ဒီဖြစ်စဉ်ကိုပြန်ပြီးတော့ ဝါဒဖြန့် စွပ်စွဲတာမျိုးတွေ လုပ်လာကြပါတယ်။ ဗွီဒီယိုမှာပါတဲ့ စကားပြောလေသံတွေဟာ ကချင်ပြည်နယ်ဘက်က မဟုတ်ဘူး၊ အညာဘက်ကလို့ ကောက်ယူပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ကျူးလွန်တာလို့ စွပ်စွဲနေတာကြတာပါ။ ဒါပေမဲ့လည်း ဘယ်သူ၊ ဘယ်အဖွဲ့ကလုပ်လည်းဆိုတာကတော့ သက်သေမပေါ်သေးပါဘူး။

၁၉၄၉ ခုနှစ်က အတည်ပြုခဲ့တဲ့ မူလ ဂျီနီဗာသဘောတူညီချက် (Geneva Conventions) မှာ ဆိုရင်လည်း စစ်ပွဲအတွင်းမှာ ဖမ်းမိတဲ့ ရန်သူတွေကိုတောင် အကာအကွယ်ပေးရမယ်လို့ ပြဌာန်းထားတာပါ။

ဒါဟာ လက်နက်ကိုင်တိုက်တဲ့ ရန်သူကိုတောင် မနှိပ်စက်ရဘူး၊ မသတ်ရဘူး လူကိုလူလို ဆက်ဆံရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အခု အသတ်ခံရတဲ့ ဖြစ်စဉ်မှာဆိုရင်လည်း အဲဒီအမျိုးသမီးဟာ လက်နက်ကိုင် တပ်ဖွဲ့ဝင်ပုံစံမျိုး မဟုတ်ပါဘူး။ သာမန်အရပ်သားတစ်ယောက်ပုံစံပဲ ဖြစ်ပါတယ်။

မေးသမျှကို အမှန်အတိုင်း ဖြေမယ်လို့လည်း သူကပြောဆိုထားပေမဲ့ နောက်ဆုံးမှာ ဓားနဲ့ခုတ်ပြီး အသတ်ခံလိုက်ရပါတယ်။ ဒါဟာ ရန်သူတပ်ဖွဲ့ဝင်တောင်မဟုတ်တဲ့ အရပ်သားတစ်ယောက် တရားလက်လွတ်သတ်ဖြတ်ခံလိုက်ရတဲ့ ရာဇဝတ်မှုလည်း ဖြစ်ပါတယ်။

တကယ်လို့ သူ့မှာကျူးလွန်ထားတဲ့ ပြစ်မှုတွေရှိခဲ့မယ်၊ ပြင်းထန်လွန်းတယ်ဆိုရင်တောင် သူ့ကို တရားလက်လွတ် သတ်ဖြတ်ပစ်လို့ မရပါဘူး။ သေဒဏ်ပေးမယ်ဆိုရင်တောင် တကယ့်သေဒဏ် ပေးလို့မရပါဘူး။ တစ်သက်တစ်ကျွန်းပဲ ချရမှာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာ သေဒဏ်ပေးတာကို ပယ်ဖျက်ဖို့အတွက် ကုလသမဂ္ဂမှာ တောင်းဆိုမှုတွေရှိခဲ့ပြီးတဲ့နောက် ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၀၀ ကျော်ဟာ သေဒဏ်တွေကို ပယ်ဖျက်တာနဲ့ ဆိုင်းငံ့တာတွေကို လုပ်လာခဲ့ကြလို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာဆိုရင်လည်း ၁၉၈၈ ခုနှစ်ကတည်းက သေဒဏ်အမိန့်ချမှတ်ပေမဲ့ သေဒဏ်မပေးဘဲ ဆိုင်းငံ့ခဲ့တဲ့ နိုင်ငံထဲပါဝင်ပါတယ်။ သေဒဏ်ကို ဖျက်သိမ်းဖို့အတွက်တောင် ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

ဒါပေမဲ့လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာတော့ မလုပ်ရဲတာမရှိတဲ့ စစ်အုပ်စုဟာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင် တို့ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ ၃၄ နှစ်ကြာ သေဒဏ်ဆိုင်းငံ့ထားတဲ့ ဂုဏ်ယူစရာ သမိုင်းကြောင်းဟာ ပျက်သုဉ်းခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း စစ်အုပ်စုရဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေက အများအပြားပါ။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုဆိုရင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ဖူးပါတယ်။

ယောဒေသ ကာကွယ်ရေးတပ်က ရဲဘော်ဖိုးတေနဲ့ ရဲဘော်သားထောင်တို့ကို စစ်အုပ်စုလက်အောက်ခံ ပျူစောထီးတွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ဖမ်းဆီးပြီးတော့ ရိုက်နှက်နှိပ်စက်၊ နောက်ဆုံးမှာ သူတို့ ၂ ယောက်ကို သံကြိုးတွေနဲ့တုပ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ခဲ့တာဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ အဲဒီလို သတ်ဖြတ်မှုတွေဟာ အများအပြားရှိနေပါသေးတယ်။ သူတို့ဟာ ဖမ်းဆီးရမိထားတဲ့ တိုက်ခိုက်ရေးသမားတွေကို အကျဥ်းချုံး စီရင်ကွပ်မျက်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်နေတယ်လို့လည်း ကုလသမ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ဆိုထားပါတယ်။

အဲဒီလို တရားလက်လွတ်သတ်ဖြတ်မှုတွေဟာ စစ်အုပ်စုတစ်ဖွဲ့ထဲက လုပ်နေတာတော့ မဟုတ်ပါဘူး။ စစ်အုပ်စုကို တော်လှန်နေတဲ့ တော်လှန်ရေး အဖွဲ့တချို့မှာလည်း အဲဒီလိုသတ်ဖြတ်မှုတွေ ရှိနေတာပါ။ မတရားမှုကိုတော်လှန်နေတာဆိုတဲ့ ဓမ္မဘက်တော်သားတွေအနေနဲ့ ဒီလိုမျိုးလုပ်ရပ်တွေကို ပိုလို့တောင် မလုပ်သင့်ပါဘူး။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ တရားလက်လွတ်သတ်ဖြတ်မှုတွေကို အများဆုံးလုပ်နေတဲ့ အဖွဲ့ဟာ စစ်အုပ်စုဖြစ်တယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

အနီဖြစ်စေ၊ အစိမ်းဖြစ်စေ၊ ကြားနေဖြစ်စေ အဲဒီလို သတ်ဖြတ်မှုတွေကိုတော့ ဘယ်သူကပဲလုပ်လုပ် ဆန့်ကျင်ပေးဖို့ လိုအပ်ပါတယ်။ အာမပေးမိဖို့ လိုပါတယ်။ ဖမ်းမိရင် ဆန်ကုန်တယ် သတ်ပစ်ဆိုတဲ့ ကွန်းမန့်မျိုးတွေဟာလည်း တရားလက်လွတ်သတ်ဖြတ်မှုတွေကို အားပေးနေတဲ့သဘော ဖြစ်ပါတယ်။ ဒါမျိုးတွေကို ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းက မထောက်ခံမိအောင် သတိထားရပါမယ်။

လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ မာတင်လူသာကင်းပြောဖူးတဲ့ ကမ္ဘာကျော် စကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့ “တစ်နေရာရာမှာဖြစ်တဲ့ မတရားမှုဟာ တခြားနေရာစုံက တရားမျှတမှု အားလုံးအတွက် ခြိမ်းခြောက်မှုပဲ” ဆိုတဲ့ စကားပါ။

လောလောဆယ်မှာတော့ မြန်မာနိုင်ငံရဲ့ တရားမျှတမှုဟာ ခြိမ်းခြောက်ခံနေရတဲ့ အဆင့်မဟုတ်တော့ ပါဘူး။ တရားမျှတမှုကိုယ်တိုင် အကြမ်းဖက်ခံနေရတဲ့ အခြေအနေကို ရောက်နေတာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here