ရေကြီးရေလျှံဖြစ်ပြီးနောက် ဖားကန့်မှာ ဝမ်းပျက်ဝမ်းလျှောနဲ့ ငှက်ဖျား အဖြစ်များလာ

19

ဩဂုတ်၊၁၉

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အခုရက်ပိုင်း ကလေးငယ်တွေနဲ့ အသက်ကြီးပိုင်းတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ငှက်ဖျားရောဂါ အဖြစ်များနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဒေသမှာ ရေကြီးရေလျှံမှုဖြစ်ပွားပြီးတဲ့နောက် သောက်သုံးရေတွေ မသန့်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ငှက်ဖျားရောဂါတွေ အဖြစ်များနေကြတာလို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

” ရေကြီးလို့ရေမသန့်တာ။ သဘာဝဘေးကြောင့်လို့ ထင်မိတယ်။ ရေကြီးလို့ ဌက်ဖျားဖြစ်တယ်၊ ဝမ်းကိုက်တယ်။ ကလေးဖျားတယ်၊ လူကြီးဖျားတယ်၊ ဒီလိုမျိုးဖြစ်နေတာ။ ရေညစ်ပတ်လို့ဖြစ်တယ်လို့တော့ မြင်မိတယ်။” လို့ ပြောပါတယ်။

ရေကြီးရေလျှံမှု ဖြစ်ပြီးတဲ့နောက်ပိုင်း ရေတွင်းရေကန်တွေ သန့်ရှင်းရေးလုပ်တာ မရှိတဲ့အပြင် အမှိုက်တွေ စည်းကမ်းတကျမပစ်တဲ့အတွက် အခုလို ရောဂါတွေ ပိုဆိုးလာတာဖြစ်တယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

ဖားကန့်ဒေသမှာ ဆေးဝါးတွေပြတ်လပ်တာတွေ မရှိပေမဲ့ ဆေးဝါးဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့အတွက် အခြေခံလူတန်းစားတွေအနေနဲ့ ဆေးဝါးဝယ်ယူဖို့အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်ဒေသမှာ နယ်မြေတည်ငြိမ်မှုမရှိတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း အားနည်းသွားတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ငှက်ဖျားရောဂါတွေက ပုံမှန်ဆိုသလိုဖြစ်နေတာလို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဒီလိုအချိန်မှာ ဝမ်းပျက်ဝမ်းလျှောပြီးရင် သွေးလွန်တုပ်ကွေးငှက်ဖျားဆိုတာက ပုံမှန်ဖြစ်နေကြသဘောလို့ပဲ ပြောရမှာပေါ့။ နယ်မြေတည်ငြိမ်မှုမရှိတဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရကြဘူး။ ၊လက်ရှိကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် ကျန်းမာရေးလိုက်စားဖို့ ခက်ခဲတယ်။” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ဖားကန့်ဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်ရွာသန့်ရှင်းရေးတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးတာတွေလည်း မရှိတော့သလောက်ဖြစ်နေတယ်လို့ လည်း ဆိုပါတယ်။

ဖားကန့်ဒေသဟာ သယံဇာတအလွန်အကျွံ တူးဖော်မှုတွေကြောင့် နှစ်စဉ် မိုးရာသီရောက်တိုင်း တခြားနေရာဒေသတွေထက် ရေကြီးရေလျှံမှု၊မြေပြိုမှုတွေနဲ့ သဘာဝဘေးတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ဇွန်လ ၁၃ ရက်နေ့ကစပြီး အဆက်မပြတ်ရွာတဲ့မိုးကြောင့် ဖားကန့်ဒေသက မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေခဲ့ပြီး လူထိခိုက်သေဆုံးမှုတွေအထိ ရှိခဲ့တာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here