အာဟာရပြည့်မရနိုင်တော့တဲ့ ကချင်က ထမင်းဝိုင်းများ

16

 

ရေးသူ-မိုင်းနီ

မြန်မာနိုင်ငံက လူတွေအတွက်တော့ အသင့်စား ခေါက်ဆွဲခြောက်ဆိုတာဟာ အာသာပြေစားဖို့ ဒါမှမဟုတ် ထမင်းဟင်းချက်ဖို့ မအားတဲ့အချိန်မှသာ အလွယ်တကူ ပြုတ်စားကြတဲ့ အစားအစာ တစ်ခုပါ။

ဒါပေမဲ့ ကချင်ပြည်နယ်က မိသားစုတချို့အတွက်တော့ အခုအချိန်မှာ အဲဒီလိုမဟုတ်တော့ပါဘူး။ ကုန်ဈေးနှုန်းနောက်ကို မလိုက်နိုင်တော့တာကြောင့် ရှင်သန်ရေးအတွက် ခေါက်ဆွဲခြောက်တွေကို ဟင်းအစားထိုး စားသုံးလာကြရတာပါ။

မြစ်ကြီးနားမြို့မှာ နေထိုင်ပြီး မိသားစုဝင် ၅ ယောက်ရှိတဲ့အိမ်က အိမ်ရှင်မတစ်ယောက်ဖြစ်တဲ့ မဇာဇာ

ကတော့ အရင်တုန်းက သူတို့မိသားစုရဲ့ ထမင်းဝိုင်းဟာ ဟင်းအမယ် လေးမျိုး ၊ ငါးမျိုး ပါလေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတဲ့နောက်မှာတော့ ထမင်းဝိုင်းမှာ အရွက်ကြော်တစ်ခွက်နဲ့ ပဲဟင်းရည် တစ်ခွက်ပါရင် အသားဟင်းမပါတော့တာ၊ အရွက်ကြော်နဲ့ ပဲဟင်းရည်မပါရင် အသားတချို့သာ ချက်နိုင် တော့တာကြောင့် “အခုက အမယ်မစုံနိုင်တော့ဘူး။” လို့ သူကဆိုပါတယ်။

သူမတို့ မိသားစုနေတဲ့ ရပ်ကွက်ဘက်မှာ ကြက်ဥတစ်လုံး ကျပ်တစ်ထောင်နဲ့အထက်ရှိသလို ခရမ်းချဉ်သီး အသေး ၁ လုံးကို တစ်ထောင်လောက် ဈေးပေါက်နေတဲ့အပြင် ကုန်ဈေးနှုန်းတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုမြင့်လာနေတာပါ။

ရှေ့လတွေက နှစ်သောင်းဆိုရင် ဟင်းတစ်နပ်တော့ စားရတယ်။ အခုဒီနောက်ပိုင်းက မလောက် တော့ဘူး။” လို့ မဇာဇာက ပြောပါတယ်။

သူတို့ဘက်မှာ တစ်နေ့စာလုပ်ခက ကျပ်နှစ်သောင်းခွဲဈေးပေါက်ပေမဲ့ အဲဒီနေ့စားခ ငွေနှစ်သောင်းခွဲဟာ ထမင်းတနပ်စာအတွက်ပဲ အဆင်ပြေတော့တဲ့ အခြေအနေဖြစ်သွားတာပါ။

တခါတလေ ခေါက်ဆွဲခြောက်ထုပ်တွေနဲ့ပဲ အဆင်ပြေသလို ကျော်ဖြတ်လိုက်ရတဲ့ နေ့တွေကလည်း လက်ချိုးရေလို့ မရတော့ဘူးလို့ မဇာဇာက ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ အသင့်စား မာမီးခေါက်ဆွဲခြောက်ထုပ် တစ်ထုပ်ကို ကျပ်တစ်ထောင့်ငါးရာ၊ ချဉ်စပ်အသင့်စား ခေါက်ဆွဲထုပ်တွေကတော့ အမျိုးအစားလိုက် တစ်ထောင်ကျော်ကနေ နှစ်ထောင့် ငါးရာအတွင်း ရှိပါတယ်။ ဝေးလံခေါင်ဖျားတဲ့ဒေသတွေဆိုရင် ဒီထက်ပိုပြီး ဈေးများနိုင်ပါတယ်။

မြစ်ကြီးနားဒေသခံတွေကတော့ သူတို့မြို့မှာ မနက် ၊နေ့လယ် ၊ ညစာအပါဆိုရင် အနည်းဆုံး ကျပ်ငါးသောင်းရှိမှသာ အဆင်ပြေတယ်လို့လည်း ပြောကြပါတယ်။

အခု ဩဂုတ်လကိုတော့ အာဟာရမြှင့်တင်ရေးလ Nutrition Promotion Month အဖြစ် သတ်မှတ်ကျင်းပကြပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာလည်း ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊အသားနဲ့ ငါးတွေကို မျှမျှတတ စားသုံးပေးဖို့ အရေးကြီးပါတယ်။

အာဟာရမျှတတဲ့ အစားအစာတွေက ကလေးငယ်တွေ ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုး စေဖို့ရာ အရေးပါသလို လူကြီးတွေအတွက်လည်း ကျန်းမာဖို့ အထောက်ကူပြုပါတယ်။

ဒါပေမဲ့ ကုန်ဈေးနှုန်းမြင့်တက်တဲ့ ဒီကာလမှာတော့ စုံစုံလင်လင်စားဖို့ဆိုတာဟာ အရင်ကထက် ပိုခက်ခဲလာပြီး အဓိကအနေနဲ့ ဝင်ငွေနည်းမိသားစုတွေကို ပိုအခက်တွေ့နေစေတာပါ။

အသက် ၆ လကျော် ကလေးမွေးထားတဲ့ မိခင်တွေဆိုရင် ဒီကုန်ဈေးနှုန်းနဲ့ ကလေးဆန်ပြုတ်လို ဖြည့်စွက်စာတွေထဲ ထည့်ကျွေးရမယ့် အသီးအနှံတွေကို အစုံထည့်နိုင်မှာ မဟုတ်ကြောင်း မဇာဇာက သူ့အတွေ့ကြုံနဲ့ယှဉ်ပြီး ပြောပါတယ်။

တနိုင်းမြို့က တစ်နှစ်ဝန်းကျင်အရွယ် ကလေးရှိတဲ့ မိခင်တစ်ယောက်ကလည်း ကုန်ဈေးကြီးမြင့်မှုကြောင့် အာဟာရရှိတာတွေ စီစဉ်ပေးဖို့ရာ “ကလေးတွေကို လုပ်ကျွေးမယ်ဆိုလည်း ပစ္စည်းတွေက ဈေးကြီးလို့ သေချာ မလုပ်ကျွေးနိုင်ဘူး။ အရမ်းခက်သွားပြီ။ ” လို့ ပြောပါတယ်။

ငှက်ပျောသီးဖီးကြမ်းတစ်ဖီးကို ကျပ် ခုနှစ်ထောင်ကနေ တစ်သောင်းကြား၊ ထောပတ်သီး အလုံးသေးတစ်လုံး ငါးထောင်နဲ့ ကန်စွန်းဥ တစ်ပိဿာ ကျပ်နှစ်သောင်းဝန်းကျင်ရှိနေပြီး ကလေးဖြည့်စွက်စာ ဆန်မှုန့်တွေကလည်း ဈေးမြင့်တက်နေတာပါ။

“ငွေနည်းနည်းရှိတာနဲ့တော့ ဘာမှဝယ်ကျွေးလို့မရဘူး။”လို့ အဲဒီ ကလေးမိခင်က ပြောပါတယ်။

တနိုင်းမြို့မှာတော့ နေ့စားခဟာ တရက်စာကို နေ့လယ်စာပါရင် ကျပ်နှစ်သောင်း၊ နေ့လယ်စာ မပါရင် နှစ်သောင်းခွဲသာရပြီး ဒေသတွင်း တောက်လျှောက် မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကြား ဝင်ငွေနည်း မိသားစုတွေအတွက် ဝမ်းဝရုံတမယ် စားဝတ်နေရေး အသုံးစရိတ်ကို ခြိုးခြံချွေတာနေကြရပါတယ်။

တနေ့တခြားမြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် အစားအသောက်၊ အသုံးအဆောင်ပစ္စည်း ဘယ်အရာမဆို အလွယ်တကူ လက်လှမ်းမှီဖို့ ခဲယဉ်းလာတဲ့ အခြေအနေ ၊ ဝင်ငွေ ထွက်ငွေ မမျှတတဲ့အခြေအနေတွေကြောင့် နေ့စဉ် လိုအပ်တဲ့ အာဟာရရှိတဲ့ အစားအစာတွေကို အမြဲလိုလို ဦးစားပေးဖို့ရာ ခက်ခဲလာပါတယ်။

အသက် ၂ နှစ်အောက် ကလေးငယ်တွေဟာ အာဟာရချို့တဲ့မှုဒဏ်ကို ရေရှည်ခံစားရမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ ပြန်လည်ကုစားဖို့ မဖြစ်နိုင်တော့တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက်အာရုံကြော (သိမှုစွမ်းရည်) ဖွံ့ဖြိုးမှု နှောင့်နှေးခြင်းတို့ ကြုံရနိုင်တဲ့အပြင် အသက်အန္တရာယ်ပါ ဆုံးရှုံးနိုင်တယ်လို့ UNICEF Myanmar က ဆိုထားပါတယ်။

ဒါ့အပြင် သာတူညီမျှရှိရမယ့် အာဟာရပြည့်ဝတဲ့ အစားအစာ၊ ဘေးကင်းလုံခြုံမှု၊ ပညာသင်ကြားခွင့်နဲ့ အစဉ်မပြတ်ရရှိရမယ့် ကာကွယ်စောင့်ရှောက်မှုတွေကလည်း ဒီနေ့ခေတ် ကလေးငယ်တွေနဲ့ မိသားစုအများစုအတွက် လက်လှမ်းမီနိုင်မှုထက် ကျော်လွန်နေတယ်လို့ Unicef က ဆိုပါတယ်။

တဖက်မှာလည်း ဆား၊ သကြားနဲ့ အဆီများတဲ့အစားစာတွေ အချိုရည်နဲ့ တာရှည်ခံအောင် ပြုပြင် ထုတ်လုပ်ထားတဲ့ အစားစာတွေကို လျှော့ချပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို စားသုံးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ ကချင်ပြည်နယ်က ပြည်သူတွေနဲ့ မြန်မာနိုင်ငံက ပြည်သူတွေအတွက်တော့ ဒါဟာ လိုက်နာဖို့ ခက်ခဲတဲ့ တိုက်တွန်းချက်တွေ ဖြစ်နေပါပြီ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here