ရွှေကူစစ်မျက်နှာပြင်ဘက်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက လေကြောင်းနဲ့ပါ တိုက်ခိုက်နေ

11

 

ဩဂုတ်၊၂၄

ကချင်ပြည်နယ်ဘက်မှာ လက်ရှိအချိန် တိုက်ပွဲအပြင်းထန်ဆုံးနေရာဟာ ရွှေကူစစ်မျက်နှာပြင်ဖြစ်ပြီး မြေပြင်တိုက်ပွဲသာမက စစ်အုပ်စုဘက်က လေကြောင်းနဲ့ပါ တိုက်ခိုက်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်အုပ်စု သင်္ဘောတွေ ဗန်းမော်၊ ရွှေကူမြို့တွေဘက် ရောက်နိုင်အောင် လုံခြုံရေးယူတဲ့အနေနဲ့ စစ်အုပ်စုဘက်က စစ်ကြောင်းထိုး(အင်အား ၄၀၀ နဲ့ စစ်ကြောင်း ၄ ကြောင်းခွဲ) တိုက်ခိုက်နေပြီး လက်ရှိအချိန်အထိ ထိုးဖောက်နိုင်တာ မရှိသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“အဓိကက ဗန်းမော်ဘက် သင်္ဘောကျော်တက်နိုင်ဖို့ လမ်းလုံခြုံရေးယူတာ ဖြစ်နိုင်တယ်။ အဲဒါကြောင့် ရွှေကူဟာ လက်ရှိတိုက်ပွဲပြင်းထန်ပြီး နေ့တိုင်းတိုက်ပွဲရှိတယ်။ လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီး/ငယ် ပစ်တယ်။”လို့ ဆိုပါတယ်။

ဒီကနေ့ဩဂုတ်လ ၂၄ ရက်နေ့ မနက် ၃ နာရီလောက်ကနေ ၅ နာရီအချိန်လောက်ထိလည်း မြေပြင်သာမက လေကြောင်းနဲ့ နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရှိရပါတယ်။

အထက်ပါစစ်ကြောင်းတွေဟာ ငါးအိုးကနေ ရွှေကူဘက် ထွက်လာတဲ့ လမ်းကြောင်း သုံးခုအပြင် ကိုင်းရွာ၊ တော်လန်၊ အထက်လေးလမ်းဆုံဘက်က တစ်ကြောင်းနဲ့ တက်လာကြတာလို့ သိရတာပါ။

ဒီကနေ့အထိ KIA ပူးပေါင်းတပ်ဖွဲ့ဘက်က နယ်မြေလက်လွှတ်လိုက်ရတာ မရှိတဲ့အပြင် အခုအချိန်ထိ စစ်တပ်ရဲ့ သင်္ဘောတွေ ကချင်ပြည်နယ်ဘက်ကို ရောက်ရှိလာနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

သင်္ဘောတွေကို လုံခြုံရေးယူပေးတဲ့အနေနဲ့ လေကြောင်းတိုက်ခိုက်မှု ရှိတာကြောင့် မြစ်ကြောင်းတစ်လျှောက် နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ သတိထားရမယ်လို့ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပါတယ်။

ဗန်းမော်စစ်မျက်နှာပြင်ဘက်မှာတော့ မြို့တွင်း ရပ်ကွက်အချို့ဘက်ကို စစ်အုပ်စုဘက်က မြေပြင် စစ်ကြောင်းထိုးတာရှိသလို ကုန်းမဟတ်၊ ဟန်းတဲဘက်လည်း လက်နက်မျိုးစုံအပြင် ဒရုန်းတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်တာရှိတယ်လို့ သိရပါတယ်။

သို့ပေမဲ့ စစ်အုပ်စုဘက်က စခန်းနေရာတွေ ပြန်သိမ်းပိုက်နိုင်တာ မရှိသလို KIA ပူးပေါင်းအဖွဲ့ဘက်ကလည်း နေရာဆုတ်ခွာတာမျိုး မရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ သိရတာပါ။

လက်ရှိအချိန် ဗန်းမော်၊ ရွှေကူ၊ ဖားကန့်၊ ဝိုင်းမော်၊ ခေါင်လန်ဖူး စတဲ့ဒေသတွေဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတဲ့ အခြေအနေဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here