ဩဂုတ်၊၂၁
မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်ဂိတ်တွေမှာ ပေးဆောင်ရတဲ့ ဂိတ်ကြေးအပြင် သွားလာတဲ့ ကုန်ကျစရိတ်များတာကြောင့် ကားသမားအချို့ ကားပြေးဆွဲမှု ရပ်နားတာတွေ ရှိလာတယ်လို့ သိရပါတယ်။ ၏
မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတစ်လျှောက် နှစ်ဖက်တပ်ဂိတ်စုစုပေါင်း ၁၁ ခုလောက်ရှိပြီး ဂိတ်တစ်ခုကို ပေးဆောင်ရတဲ့ ဂိတ်ကြေး ပျမ်းမျှ ၃၀,၀၀၀ကျပ်နှုန်းနဲ့ တွက်မယ်ဆိုရင် စုစုပေါင်း ဂိတ်ကြေး အနည်းဆုံး ၃ သိန်းလောက် ရှိတယ်လို့ဆိုပါတယ်။ ဒါဟာ အိမ်စီးကားလို ကားအသေးနဲ့ လူရော ကုန်ပစ္စည်းအချို့ပါတင်ဆောင်တဲ့ ကားကိုဆိုလိုတာဖြစ်ပါတယ်။
ဒါဟာ ပျမ်းမျှတွက်ချက်ထားတာသာဖြစ်ပြီး တချို့ ဂိတ်တွေမှာဆိုရင် ကုန်ပစ္စည်းတင်ဆောင်မှုပေါ် မူတည်ပြီးတော့ ကျပ်သိန်းဂဏန်းလောက်အထိ ပေးဆောင်ရတတ်တယ်လို့လည်း သိရှိရတာပါ။
မြစ်ကြီးနား-ပူတာအို အသွားအပြန် လိုအပ်တဲ့ ဓာတ်ဆီတစ်ခုတည်းအတွက် ကုန်ကျစရိတ်ဟာ ၁၂ သိန်းလောက်ရှိပြီး တစ်ခါတလေ ကားပျက်တဲ့အချိန်နဲ့ ကြုံတဲ့ အချိန်မျိုးဆိုရင်တော့ အမြတ်ငွေမကျန်တာမျိုး ရှိတယ်လို့ ကားသမားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“၂သိန်း၊ သုံးသိန်းလောက်ပဲကျန်တယ်။ အဲဒီမှာ ကားဘီးပြန်ပေါက်ရင်တော့ ငိုပြီပဲ။ တချို့ ရပ်နားကုန်ကြပြီ။”လို့ ဆိုပါတယ်။
လတ်တလော ဂိတ်ကြေးကောက်ခံတာ ပြန်တိုးလာတဲ့ ဂိတ်ကတော့ တန်ဖရဲ စစ်တပ်ဂိတ်ဖြစ်တယ်လို့ သိရပါတယ်။
တန်ဖရဲဂိတ်မှာ အရင်က ၄၀,၀၀၀ ကျပ်ကောက်ခံရာကနေ လက်ရှိအချိန်မှာတော့ ကုန်ပစ္စည်းတင်ဆောင်တဲ့အပေါ် မူတည်ပြီး တစ်သိန်းကျပ်လောက် ပေးရတဲ့အပြင် ဩဂုတ်လ ၁၉ ရက်နေ့က စပြီး စက်ပစ္စည်း၊ ဆိုင်ကယ်အသစ်တွေ တင်ဆောင်ခွင့်ကိုပါ ကန့်သတ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြစ်ကြီးနား-ပူတာအို မြေပြင် ခရီးသွားပြည်သူတွေလည်း လမ်းခရီးအခက်အခဲတွေကြောင့် သွားလာမှုနည်းပါးသွားပြီး သက်ကြီးပိုင်း ခရီးသွားတွေသာ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
မြစ်ကြီးနား-ပူတာအို ခရီးစဉ်အတွက် ယာဉ်စီးခအဖြစ် ခရီးသည်တစ်ဦးကို ၂ သိန်းကျပ်နဲ့ ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။
ကားသမား တွေအနေနဲ့ အသွားအပြန် ခရီးစားရိတ်အပြင် ဂိတ်ကြေးတွေကြောင့်ပါ အမြတ်အစွန်း ရရှိဖို့ ခက်ခဲလာတဲ့အပြင် မိသားစု စားဝတ်နေရေးအတွက် အခက်ကြုံလာရတာကြောင့် နှစ်ဖက် အဖွဲ့အစည်းကနေ ဂိတ်ကြေးတွေကို နားလည်ဖြေလျှော့ပေးဖို့ကို တောင်းဆိုလိုတယ်လို့ အထက်ပါ ကားသမားက ပြောပါတယ်။
“ကားသမားတွေလည်း နောက်ကွယ်မှာ မိသားစုနဲ့ဆိုတော့ အမြတ်မကျန်ရင် အဆင်မပြေဘူးပေါ့။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် နည်းနည်းနားလည်ဖြေလျှော့ပေးပြီး သွားလာနိုင်ရင်တော့ အဆင်ပြေတာပေါ့။ အဓိကကတော့ နားလည်ဖြေလျှော့ပေးဖို့ပေါ့”လို့ ဆိုပါတယ်။
ဂိတ်ကြေးပေးဆောင်ရတာများတဲ့အပြင် ကားပြင်စရိတ်နဲ့ဆိုရင် အမြတ်အစွန်းမကျန်တော့တာကြောင့် မြစ်ကြီးနား-ပူတာအိုဘက် ပြေးဆွဲတာရပ်နားလိုက်ရပြီး တစ်ခြားမြို့ဘက် လမ်းကြောင်းပြောင်း ပြေးဆွဲတာကို ရွေးချယ်လိုက်ရတယ်လို့ နောက်ထပ် ကားသမားတစ်ဦးကလည်း ပြောပါတယ်။
လတ်တလော လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တွေ့ရတဲ့ ဂိတ်ကြေး စာရင်းကိုကြည့်မယ်ဆိုရင် စစ်တပ်ဂိတ်တွေဖြစ်တဲ့ ပလန၊ လမုန်ဇွပ်၊ တန်ဖရဲဂိတ်တို့မှာ ၄၀,၀၀၀ ကျပ်စီပေးရပြီး တန်ဂျာနဲ့ လုံရှာယန်ဂိတ်တို့မှာ ၁၀,၀၀၀ကျပ်စီအပြင် မူလာရှီးဒီးဂိတ်မှာ ၈၀,၀၀၀ ကျပ်ပေးရတယ်လို့ သိရတာပါ။
ဒါ့အပြင် KIA ဂိတ်တွေဖြစ်တဲ့ ဝေရှီနဲ့ ဆွမ်ပရာဘွမ် ဂိတ်တို့မှာ ၁၀,၀၀၀ ကျပ်စီ၊ ဖုန်အင်ဂိတ် ၁၅,၀၀၀ ကျပ်နဲ့ တီယန်ဇွပ်ဂိတ်မှာတော့ ၂၃၀,၀၀၀ ကျပ်ပေးဆောင်ရတယ်လို့ ရေးသားဖော်ပြထားပါတယ်။
ပုံဟောင်းအသုံးပြုထားပါသည်။






