ဇူလိုင်၊၂၁
ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အတော်များများမှာ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတာ ဒီကနေ့ ဇူလိုင်လ ၂၁ ရက်နေ့ဆိုရင် နှစ်နှစ်တိတိ ပြည့်ခဲ့ပါပြီ။
နိုင်ငံဖြစ်စဉ်ပြောင်းလဲမှုတွေနဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အများစုကို အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ကန့်သတ်ဖြတ်တောက်ခဲ့ပြီး ပြည်သူတွေ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ကြရပါတယ်။
“ကျွန်တော်တို့ ပြည်သူတွေ အသက်မွေးဝမ်းကြောင်းအတွက် ဆက်သွယ်ပြောဆိုရတဲ့ အပိုင်းတွေမှာ ပိတ်သွားတယ်။ မိမိရဲ့ လုပ်ငန်းဘောင်ကျဉ်းသွားတယ်။ အဆက်အသွယ်မရတော့တာကြောင့် အလုပ်လုပ်တဲ့အချိန် အရမ်းခက်ခဲသွားတယ်။ တစ်ဖက်မှာလည်း ဝင်ငွေတွေလည်း နည်းသွားတယ်။”လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရတဲ့အတွက် မြစ်ကြီးနားမြို့ရဲ့ စီးပွားရေးမှာ သိသိသာသာ ထိုးဆင်းသွားခဲ့ပါတယ်။ အင်တာနက်ကို အမှီပြုနေရတဲ့ အွန်လိုင်းအခြေပြု အရောင်းအဝယ်လုပ်ငန်းတွေ (Online Shops) နဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေ လုံးဝရပ်ဆိုင်းသွားခဲ့ရပါတယ်။
ဒါ့အပြင် Mobile Banking နဲ့ အွန်လိုင်းငွေကြေးဝန်ဆောင်မှုတွေ သုံးစွဲရခက်ခဲခဲ့တဲ့အတွက် ရန်ကုန်၊ မန္တလေး-စတဲ့ မြို့ကြီးတွေနဲ့ ကုန်သွယ်မှုပြုလုပ်ရာမှာလည်း ခက်ခဲနေရတာပါ။
အင်တာနက်လိုင်းတွေ မရတဲ့အတွက် ဂြိုလ်တုအင်တာနက် တွေဖြစ်တဲ့ IP Star၊Star Link စတဲ့အင်တာနက် ဝိုင်ဖိုင်စက်တွေကို ဈေးကြီးပေးဝယ်ပြီး အသုံးပြုနေကြရတာ ဖြစ်ပါတယ်။
လုပ်ငန်းရှင်အချို့ကတော့ IP Star၊Star Link တွေကို စျေးကြီးပေး အစားထိုးသုံးစွဲနေရတဲ့အတွက် လုပ်ငန်းလည်ပတ်စရိတ်တွေ ပိုမိုမြင့်မားလာတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့နဲ့ အခြားမြို့နယ် အများပိုင်းမှာတော့ ဂြိုလ်တုအင်တာနက် (Starlink) တွေကို အားကိုးနေတာဖြစ်ပြီး အဲဒီ Starlink တွေလည်း မကြာမီ ဖြတ်တောက်ခံရတော့မယ်ဆိုတဲ့ သတင်းကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်နေရပါတယ်။
“သေချာတယ်ဆိုရင် ဒုက္ခရောက်ပြီပဲ။ စိတ်ဓာတ်တောင်ကျတယ်။ အသိတွေထဲကလည်း ရှေ့လကပဲ ဝိုင်ဖိုင်ဖွင့်တာ။ မီးသိပ်မလာလို့ ဆိုလာကို သိန်းဆယ်ချီကုန်ပြီး ဆိုလာတပ်ထားတာ။”လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။
အင်တာနက်မရရှိတဲ့အတွက် လူငယ်တွေရဲ့ ပညာရေးနဲ့ စိတ်ပိုင်းဆိုင်ရာတွေလည်း ပိတ်လှောင်ခံလိုက်ရပြီး လူငယ်အများပိုင်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။
ပညာရေးဘက်မှာ ပညာသင်ဆု (Scholarship)အတွက် လျှောက်တာတွေ အွန်လိုင်းသင်တန်းတွေ ကျောင်းစာတွေနဲ့ သုတေသနအတွက် လိုအပ်တဲ့ အချက်အလက်တွေကို အင်တာနက်ပေါ်မှာ ရှာဖွေလို့မရတော့တဲ့အတွက် လူငယ်တွေရဲ့ ကိုယ်တိုင်လေ့လာသင်ယူမှုအခွင့်အလမ်း (Self-study) တွေ ရပ်တန့်သွားခဲ့ရပါတယ်။
ပြည်ပရောက်နေတဲ့သူတွေအနေနဲ့လည်း အင်တာနက်လိုင်းအခက်အခဲကြောင့် မိမိ မိသားစုအရေး၊စီးပွားရေး၊လူမှုရေးတွေကို ဆွေးနွေးတိုင်ပင်ဖို့ ခဲခက်ရတတယ်လို့ ပြည်ပရောက်နေတဲ့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။
အင်တာနက်လိုင်း ဖုန်းလိုင်းဖြတ်တောက်ခဲ့တဲ့ နှစ်နှစ်တာ ကာလတွေအတွင်း ကြုံတွေ့ခဲ့ရတဲ့ ရေကြီးရေလျှံမှုလို သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံရချိန် ပြည်သူတွေ ဘေးကင်းရာကို ရွှေ့ပြောင်းနိုင်ဖို့ အချိန်နဲ့တစ်ပြေးညီ သတင်းမရရှိခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်ဖို့ ခက်ခဲခဲ့တာတွေကြောင့် အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုတွေ ပိုမိုများပြားခဲ့ရပါတယ်။
MPT၊ Ooredoo၊ Atom(Telenor)ဖုန်းလိုင်းအချို့ကတော့ မြစ်ကြီးနားမြို့အပြင် တခြားမြို့နယ်တွေမှာ အနည်းငယ်ဆက်သွယ်ပြောဆိုလို့ရလာပေမဲ့ ရှင်းရှင်းလင်းလင်း ခေါ်ဆိုဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့မှာ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖတ်ရှုခွင့်မရတော့တဲ့အတွက် သတင်းတု၊ သတင်းမှားတွေ ပြည်သူတွေကြား ပိုမိုပျံ့နှံ့နေတာတွေလည်း ရှိနေပါတယ်။
နှစ်နှစ်တိုင်တိုင် အင်တာနက် မှောင်ချခံထားရတဲ့ ကချင်ပြည်နယ်ကပြည်သူတွေဟာ ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ ဆက်သွယ်ပိုင်ခွင့်နဲ့ သတင်းအချက်အလက် သိပိုင်ခွင့်တွေကို ဆုံးရှုံးနေရတာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်စိမ်းမြေဖြစ်တဲ့ ဖားကန့်မြို့ကလည်း ကချင်ပြည်နယ်ရဲ့ ပထမဆုံး ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်ခံခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေကစပြီး မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ အကုန်ပြတ်တောက်ခဲ့တာ ဒီကနေ့အထိ ဖြစ်ပါတယ်။






