လုံခြုံရေးအတွက် ပြည်သူတွေအနေနဲ့ ပိတ်ထားတဲ့နေရာတွေ မသွားလာဖို့ ဗိုလ်မှူးကြီးနော်ဘူအသိပေး

2

 

ဇွန်၊၁၀

ပြည်သူလူထုအနေနဲ့ ပိတ်ထားတဲ့ နေရာတွေဘက် မသွားလာကြဖို့နဲ့ လုံခြုံရေးအတွက် အသွားအလာ သတိထားဖို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အသိပေးပြောဆိုပါတယ်။

ဇွန်လ ၈ ရက်နေ့ကစပြီး ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူ လမ်းမကြီးအားလုံးကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်လိုက်ကြောင်းနဲ့ ပိတ်ပင်ထားတဲ့ လမ်းပိုင်းတွေကို သွားလာရင် နောက်ဆက်တွဲ ပြဿနာတွေကို KIO/KIA အနေနဲ့ လုံးဝ(လုံးဝ) တာဝန်ယူသွားမှာ မဟုတ်ဘူးလို့ KIA တပ်မဟာ ၁၁ လက်အောက်ခံ အမှတ် ၁၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ KIAတပ်မဟာ ၉ လက်အောက်ခံ၊ တပ်ရင်းက ၂၆ နယ်မြေဖြစ်တဲ့ ဟိုပင်မြို့ ဟိုပင်- ကျောက်ဝါ လမ်းပိုင်း၊ ဟိုပင်- ညောင်ပင် လမ်းတံတား နဲ့ အနီးတစ်ဝိုက်က လမ်းပိုင်းနဲ့ တံတားတွေမှာ ဆိုင်ကယ်တွေ ယာဉ်ကြီး/ယာဉ်ငယ်တွေ၊ အိမ်စီးကားတွေနဲ့ ကုန်ပစ္စည်းတင်ဆောင်တဲ့ ယာဉ်အားလုံးကို ဖြတ်သန်းသွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားတယ်လို့ ထုတ်ပြန်ထားသလို မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်းပိုင်းအတွင်း စစ်အုပ်စုနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို တင်ဆောင်တာတွေမပြုလုပ်ဖို့ကိုလည်း ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိ နေရာအနှံ့ဘက် စစ်အုပ်စုက စစ်ကြောင်းထိုးနေတဲ့အတွက် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တာကြောင့် ပြည်သူလူထုအနေနဲ့ အသွားအလာ လုံခြုံမှုမရှိမှာကို စိုးရိမ်တဲ့အတွက် အသွားအလာသတိထားဖို့ ပိတ်ထားတာလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ပြည်သူတွေအနေနဲ့လည်း ပိတ်ထားတဲ့ လမ်းတွေမှာ စိတ်အလိုလိုက်ပြီး သွားလာရင် ကိုယ့်လုံခြုံရေးကို တန်ဖိုးမထားရာရောက်လာမယ်။ အဲဒါကြောင့် ပိတ်ထားတဲ့‌နေရာတွေဘက် မသွားကြဖို့ ပြန်ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

ရွှေကူဘက်က မြေပြင်စစ်ရေးအနေအနေနဲ့ ပတ်သက်ပြီး လက်ရှိ စစ်အုပ်စုက ငါးအိုးဘက်ကနေ ရွှေကူမြို့ဘက် စစ်ကြောင်းသုံးခုနဲ့ တက်လာပြီး မနေ့က မနက်ပိုင်းမှာတော့ ငါးအိုးအနီးဝန်းကျင် KIAပူးပေါင်းတပ် ကင်းလှည့်သူတွေနဲ့ စစ်အုပ်စုကင်းလှည့်တဲ့အဖွဲ့ မိနစ် ၃၀လောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာ ရှိတယ်လို့ သိရှိရပါတယ်။

အထက်ပါ စစ်အုပ်စုစစ်ကြောင်းအတွင်း လူအင်အား ၄၀၀ ကျော်လောက်ရှိ နိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုမှုတွေ ရှိနေပါတယ်။

အထက်ပါ စစ်ကြောင်းတွေကို KIAပူးပေါင်းတပ်ကနေ လမ်းခုလတ်တွေမှာ ဟန့်တားပစ်ခတ်တာတွေ ရှိနေတာကြောင့် လက်ရှိအချိန်အထိ ရွှေကူမြို့ဘက် ဝင်ရောက်နိုင်ခြင်း မရှိသေးဘူးလို့လည်း ထပ်မံ သိရှိရပါတယ်။

ဒါ့အပြင် ဗန်းမော်စစ်မျက်နှာပြင်ဘက်လည်း ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေဆဲလို့ ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်နဲ့ တပ်မဟာ၂၊ ၅၊၇၊ ၈၊ ၉၊တပ်မဟာ ၁၁ နယ်မြေတွေဘက်မှာ ဇွန်လ ပထမပတ်အတွင်း တိုက်ပွဲ ၃၄ကြိမ် ဖြစ်ပွားတယ်လို့ ကချင်လွတ်လပ်ရေး အဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးဌာနရဲ့မနေ့က ဇွန်လ၇ ရက်က ထုတ်လွှင့်တဲ့ သတင်းရုပ်သံအစီအစဉ်ကနေ တဆင့် သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here