ဇွန်၊ ၁၀
ရေအားလျှပ်စစ်ထုတ်လုပ်ရေးမှာ ရင်းနှီးမြုပ်နှံမှုတွေပိုရအောင် ဆောင်ရွက်ရမယ်လို့ အာဏာသိမ်း စစ်တပ်အကြီးအကဲဟောင်း သမ္မတဦးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
မနေ့က နေပြည်တော်မှာလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးမှာ သူက အဲဒီလိုပြောခဲ့တာပါ။
မြန်မာနိုင်ငံမှာ ရေအားကနေ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းဟာ မဂ္ဂဝါပ် တစ်သိန်းကျော်ရှိပြီး လက်ရှိထုတ်လုပ်နေတာဟာ ၃,၅၀၀ လောက်သာရှိတာကြောင့် ၃ ဒဿမ ၅ ရာခိုင်နှုန်းပဲ ထုတ်လုပ်နိုင်သေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မနေ့ကလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာလည်း ဦးမင်းအောင်လှိုင်က ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီး ထုတ်ပြောခဲ့ပါသေးတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားကြတဲ့ ပြည်တွင်းပြည်ပက လှုံ့ဆော်သူတွေကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာရမယ့် ရေအားလျှပ်စစ်စီမံကိန်းကြီးတွေဟာ အခုအချိန်ထိ နှောင့်နှေးနေရတယ်လို့ ဦးမင်းအောင်လှိုင်က စွပ်စွဲခဲ့တာပါ။
ကန့်ကွက်မှုတွေသာမရှိရင် မြန်မာနိုင်ငံဟာ အခုအချိန်မှာ လျှပ်စစ်လုံလုံလောက်လာက်ရနေမှာ ဖြစ်တာကြောင့် ရေရှည်ကိုမျှော်တွေးကြဖို့လိုတယ်လို့ ဦးမင်းအောင်လှိုင်က အပြစ်တင်ထားပါတယ်။
လက်ရှိအချိန်မှာလည်း အာဏာသိမ်းစစ်အုပ်စုဟာ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းထားသလို ကချင်ပြည်နယ်ထဲမှာ ကော်မတီဖွဲ့ပြီး ဒေသခံတွေကို ဆက်တိုက်စည်းရုံးမှုတွေ လုပ်ဆောင်နေတာဟာ အကြိမ် ၂၀ ထက်မနည်း ရှိနေပါတယ်။
မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ရင် အကျိုးအမြတ်နဲ့ ရင်းနှီးမြုပ်နှံမှုကို ဘယ်လိုလုပ်မလဲ ဆိုတာကိုတော့ စစ်အုပ်စုကနေ အခုထိ ပွင့်ပွင့်လင်းလင်း မပြောသေးပါဘူး။
တဖက်မှာလည်း အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေကတော့ မြစ်ဆုံဆည်မဆောက်ဖို့ စာထုတ်ကန့်ကွက်ကြသလို မြေပြင်မှာလည်း မကြာခဏဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်နေကြ ပါတယ်။






