မြန်မာပြည်မြောက်ပိုင်းအရပ်ကြီးနှင့် သူ့အမြင်နှင့်သူ့အတွေး

1853

 

၁၉၆၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် စစ်ကိုင်းဦးဘိုးသင်း၏ သူ့အမြင်နှင့် သူ့အတွေးစာအုပ်နှင့်ပတ်သက်၍ “အတွေ့အကြုံများခဲ့သော သက်ကြီးရွယ်အို စာရေးဆရာတစ်ယောက်ဖြစ်၍ ဗဟုသုတစုံ၏။ လောကကို တည့်တည့်ကြည့်တတ်၍ ရယ်ရင်းပြုံးရင်းနှစ်သိမ့်ရ၏။ ပညာရေးအရာရှိဟောင်းတစ်ဦးဖြစ်၍ အတွေးအခေါ်ခေတ်မီ၏။ အစိုးရအရာရှိအဖြစ် အနယ်နယ်အရပ်ရပ်စုံခဲ့သောကြောင့် ဒေသန်္တရှဗဟုသုတတိုး၏။”ဟု ဝေဖန်ခဲ့သည်။ နိုဝင်ဘာ ၃၀ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာတွင်မူ “စာရေးဆရာကြီးဦးဘိုးသင်း၏ အတွေ့အကြုံများအပေါ် အမြင်နှင့်သဘောတရားတို့ကို ပေါင်းစပ်၍ဖွင့်ဆိုထားသော  ဗဟုသုတဟင်းလေးအိုးတစ်မျိုးဖြစ်သည်”ဟု ဝေဖန်ခဲ့လေသည်။

ဆရာကြီးဦးဘိုးသင်းသည် မြစ်ကြီးနားနှင့် ဗန်းမော်မြို့များတွင် ကျောင်းဆရာအဖြစ် ဆောင်ရွက်ဖူးသည့်အလျောက်သူ၏ သူ့အတွေးနှင့်သူ့အမြင်များတွင် မြန်မာပြည်မြောက်ပိုင်းနေ့ရက်များကို ထည့်သွင်း ရေးသားခဲ့သည်။ မြစ်ကြီးနားမြို့နှင့်ပတ်သက်၍ “ကျွန်တော်ရောက်ဖူး နေဖူးသောမြို့များတွင် မြစ်ကြီးနားမြို့သည် နှစ်သက်ဖွယ်၊ နေစမ်းချင်စဖွယ် အကောင်းဆုံးဟု ထင်ရပေသည်။ ရေမှာလည်း အလွန်ကောင်းပေသည်။ ရေခဲမထည့်ရပဲ ဆယ့်နှစ်ရာသီ အေးနေပေသည်”ဟု မှတ်တမ်းတင်ခဲ့သည် မဟုတ်ပါလား။ ဒုတိယကမ်္ဘာစစ်ကြီးမဖြစ်မီ မြစ်ကြီးနားမှဆန်ကို ရန်ကုန်သို့တင်ယူသဖြင့် မိုးညှင်း၊ နန်းမား၊ ဟိုပင်၊ မိုးကောင်းစသည့် ဘူတာစဉ်လောက်မှာပင် ဆန်စက်များရှိခဲ့ကြသည်။ မြစ်ကြီးနားမှရန်ကုန်သို့တင်သော ဆန်တွဲခနှုန်းမှာ မန်္တလေးမှရန်ကုန်သို့တင်သော ဆန်တွဲခနှုန်းဖြင့် အတူတူပင်ဖြစ်သည်။ မြစ်ကြီးနားခရိုင်မှထွက်သော ဆန်ကို အင်္ဂလန်မှပင် မှာယူသည်ကို ဆရာကြီးဦးဘိုးသင်း စဉ်းစားမရခဲ့။

၁၉၃၇ ခုနှစ်၊ ကိုးဆယ့်တစ်ဌာနအုပ်ချုပ်ရေးစနစ်အရ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခု မဟုတ်တော့သည့်နောက်ပိုင်းကာလတွင် ဦးဘိုးသင်းသည် မြစ်ကြီးနားသို့ ရောက်သွားခဲ့သည်။ အင်္ဂလန်မှ မြစ်ကြီးနားဆန်မှာသည့်ကိစ်္စကို သေချာစုံစမ်းကြည့်သည်။ ကိုးဆယ့်တစ်ဌာနအုပ်ချုပ်ရေးသည် ပြည်သူမှရွေးချယ်တင်မြောက်သောအမတ်များ လွှတ်တော်ထဲ ရောက်ရှိသွားသော်လည်း ကချင်၊ ကယား၊ ချင်း၊ ရှမ်းတို့ကို ဘုရင်ခံက သီးသန့်နယ်မြေများအဖြစ် ချုပ်ကိုင်ထားဆဲဖြစ်သည်။ မြစ်ကြီးနားခရိုင်တစ်ခုလုံးမှာပင် ရွှေမှုန်များပျံ့နှံ့နေ၍ မြစ်ကြီးနားခရိုင်သည် ရွှေမြေဖြစ်နေသည်။ ထိုအခါမှာ မြစ်ကြီးနားကထွက်သောဆန်ကို ရွှေဓာတ်များစွာပါသောကြောင့် အင်္ဂလန်မှ အလွန်ကြိုက်ကြောင်း၊ ထို့ကြောင့် မီးရထားတွင် ဆန်တွဲနှုန်းတင်ခနှုန်းသည် မန္တလေးကတင်ခြင်းနှင့်အတူ ထားကြောင်း ဦးဘိုးသင်းသိလိုက်ရသည်။ “ထို့ကြောင့်မြစ်ကြီးနားခရိုင်သည် အဆီခဲကြီးဖြစ်နေ၍ အလွန်အဖိုးတန်ပြီးသော် ခေတ်မီအလုပ်သမားများကို  မြေများသည် မျှော်ငံ့ကာ ရှိနေကြပေတော့သည်။” ဟု မှတ်တမ်းတင်ခဲ့သည်။

မြောက်ပိုင်းမြေသည်မှထွက်မည့်ဝါသည်လည်း သရက်မြို့ခရိုင်နယ်၊ မင်းတုန်းနယ်အနောက်ရိုးမ  တောင်စွယ်များ၊ တောတန်းများတွင် စိုက်ပျိုး၍ရသော ဝါကြီးထက်သာသည်ဟု ဦးဘိုးသင်းကဆိုသည်။ မြစ်ကြီးနားထွက် ကော်ဖီသည် အနံ့အရသာအလွန်ကောင်းပြီး သွေးအားကောင်းကြောင်း၊ ဖျားချင်သည်ရှိ သော်ထိုကော်ဖီပူပူကို  နွားနို့၊ နို့ဆီမပါဘဲ သကြားနှင့်ပင်ဖျော်သောက်ရုံဖြင့် ဆေးတစ်ပါးဖြစ်ပြီဖြစ်ကြောင်း အမွှန်းတင်သည်။ တညင်းသီးပင် မတူ။ မြစ်ကြီးနားတညင်းသီးကမနံ၊ စေး၍အလွန်ဆိမ့်သည်ဟု ဆိုသည်။   “ဒုတိယကမ္ဘာစစ်မဖြစ်မီက ကြက်ဥ၊ ဘဲကင်ခြောက်၊ ဝက်ပေါင်ခြောက် စသည်တို့သည် တရုတ်ပြည်မှအကြီးအကျယ်ဝင်လာ၍ မြစ်ကြီးနားမြို့ပေါ်မှာ ကြက်ဥတစ်ပြားနှစ်လုံးရသည်။ အပုပ်မပါ၊ ထား၍လည်း မပုပ်၊ အကောင်ဖောက်ခဲ့လျှင်လည်း  မပေါက်ချေ။ တရုတ်မှလာသော ဝက်ပေါင်ခြောက်မှာ ပေါင်ကြီးတစ်ပေါင်လုံးမှ ငါးကျပ်ထက်မများပေ။ အမေရိကန်မှလာသော ဝက်ပေါင်ခြောက်မှာ ဝက်ပေါင်တစ်ပေါင်လျှင် သုံးဆယ်လောက်ပေးရသည်။ အရသာမှာ ယူနန်ကလာသော ဝက်ပေါင်ခြောက်က သာ၍ကောင်းသည်။  ထိုဝက်ပေါင်ခြောက်ထက် ပွဲကျောင်းဘုန်းတော်ကြီးများ၏ တပည့်များဖြစ်သည့် ရှမ်းတရုတ်များက လုပ်သည့်  ဝက်ပေါင်ခြောက်သည် သာ၍သာ၍ကောင်းသည်”ဟု ဆိုခဲ့သည်။

ထိုကာလတွင် ဆမားဒူဝါဆင်ဝါးနောင်သည် ကချင်ပြည်နယ်၌ အုပ်ချုပ်ရေးတိုးတက်ရေး၊ ကချင်တိုင်းရင်းသားများဖွံ့ဖြိုးရေး၊ နယ်ချဲ့ဆန့်ကျင်ရေးတို့ကို ဦးဆောင်လှုပ်ရှားလျက်ရှိလေသည်။ ဒူဝါဇော်လွန်းသည်လည်း ကျောင်းအုပ်ဆရာကြီးအဖြစ် လုပ်ကိုင်ရင်း  ဗန်းမော်ခရိုင်အနှံ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ကချင်နိုင်ငံထူထောင်ရေးအတွက်   လိုက်လံလှုံ့ဆော်စည်းရုံးလျက် ရှိခဲ့သည်။ ဒူဝါဇော်ရစ်မှာ အင်းစိန်မြို့ စက်မှုလက်မှုသိပ်္ပံကျောင်း (Government Technical Institute)တွင်  မြို့ပြအင်ဂျင်နီယာပညာရပ်ကို သင်ကြားနေခဲ့သည်။ ထိုစဉ်က ဦးဘိုးသင်း၏အမြင်တွင်မူ တိုင်းရင်းသားဖြစ်သော ရှမ်းဗမာများနှင့် ကချင်များသည် အားမရခဲ့ပေ။ ဝမ်းစာထက်ပို၍လုပ်သူအလွန်နည်းပါးသည်ဟုဆိုသည်။ တရုတ်များ၊ ရှမ်းတရုတ်များသည် နွားထွန်တို့မပါဘဲ ပေါက်ပြားတစ်လက်နှင့် လယ်လုပ်၍ စပါးအထွက်များကောင်းကာ ဝမ်းစာပို၍ လယ်ထွက်စပါးများကို ရောင်းချလျက်ရှိကြသည်။ “တရုတ်များသည် ထိုရပ်ကွက်ကြီးတွင် တစ်နှစ်ထက်တစ်နှစ် အလွန်တိုးတက်ကာ ဝင်ရောက်လာကြပေသည်။ ထိုသို့ လာခြင်းအားဖြင့် တရုတ်လူမျိုးများ ထိုနယ်တွင်များစွာပျံ့နှံ့လူဦးရေများပြီးလျှင် လွှမ်းမိုးလာချေသော ခေတ်သဘောအရ အများသဘောကျနည်းစနစ်ဖြင့် ထိုနယ်သည် အခြောက်တိုက်တရုတ်နယ်ပင် ဖြစ်သွားသတတ်ဟု သတိပြုထားသင့်သည်”ဟု သူ့အမြင်ကို ရေးသည်။

ဆရာကြီးဦးဘိုးသင်းသည် ဒုတိယကမ်္ဘာစစ်ကြီးဖြစ်ခါနီးတွင် မြန်မာပြည်မြောက်ပိုင်းမှ ပြန်ခဲ့သည်။ သို့သော် သူ၏အတွေးအမြင်များကို သတင်းစာများတွင် ဆက်လက်ရေးသားဖော်ပြခဲ့သည်။ သူ၏ဝတ်္ထုများတွင်လည်း ထည့်သွင်းဖော်ပြခဲ့သည်။ “ကုလားနှင့်တရုတ်နယ်ချဲ့ခြင်းမှာလည်း အောက်ခြေသိမ်းကစ၍ စီးပွားရေးကိုကိုင်ပြီးလျှင် တိုင်းရင်းသူမိန်းမများကို  ငွေနှင့်မျှားကာသိမ်းယူခြင်းဖြင့် နယ်ချဲ့သောကြောင့် အလွန်ပင်သတိထားဖို့ သင့်ပေသည်။ ငါတို့ တိုင်းရင်းသားများသည် ထိုသဘောကို ဝင်စား၍မြန်မာပြည်တိုင်းရင်းသားတို့၏ဂုဏ်ကျက်သရေကို မြှင့်တင်သည့် သဘောရောက်အောင်မြေသြဇာကောင်း၍ ထက်သန်ဖွံ့ဖြိုးနေသော မြန်မာပြည်မြောက်ပိုင်းသည် သိန်းပေါင်းများစွာသော မြန်မာလူမျိုးများအား ဖိတ်မန္တကပြုနေသည်ကိုသိရှိအားထားကြရန် အခါတိုင်နေပြီဖြစကြောင်း၊ အစစ်နယ်ချဲ့ခြင်းကိုမြင်၍ ငါတို့သည် မြို့ရွာတည်ထောင်ခြင်းဖြင့်  နယ်ချဲ့ရန်ကိုမကာကွယ်ခဲ့သော် ငါတို့၏နယ်ပယ်များသည် တစ်ဖြည်းဖြည်း နယ်ချဲ့များ၏လက်တွင်းသို့ ကျရောက်သတတ်တည်း…မြေသြဇာကောင်းနေသောတိုင်းပြည်ရှိ မြေလွတ်များကို ဆင်းရဲနေသောတိုင်းပြည်ကလူများသည် အလွန်နှစ်သက်တပ်မက်ခြင်းကို သတိပြုပါ၊ ကျည်ဆန်နှင့် နယ်ချဲ့ခြင်းထက် လူတစ်မျိုးကို လူတစ်မျိုးကမျို၍ နယ်ချဲ့ခြင်းသည် သာ၍ ကြောက်စရာကောင်းပေသည်ဓဟု သူ့အတွေးကိုဖော်ပြခဲ့လေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here