ရေးသူ – ခါကာဘို
ကချင်ပြည်နယ်မြောက်ဖျားက နှင်းဖုံးတောင်တန်းတွေ ဝန်းရံထားတဲ့ ပူတာအိုဒေသကို ရောက်ဖူးသူတိုင်း လှပတဲ့ မူလာရှီးဒီ ကြိုးတံတားကြီးနဲ့ အဲဒီဒေသထွက် ကမ္ဘာကျော် ဂရိတ်ဖရု (Grapefruit) သီးနှံကို သတိရကြမှာပါ။
ဒါပေမဲ့ ဒီအလှတရားတွေရဲ့ နောက်ကွယ်မှာ ဒေသခံ တိုင်းရင်းသားတွေအတွက် ဘဝတစ်ခုလုံး ပုံအောပြီး လာရောက် အလင်းပြခဲ့တဲ့ အမေရိကန် သာသနာပြု ရောဘတ်မောစ်(Robert Morse)နဲ့ သူ့မိသားစုရဲ့ရင်နင့်ဘွယ်သမိုင်းကြောင်း ရှိနေတာကိုတော့ လူသိနည်းလှပါတယ်။
ပူတာအိုမြို့ရဲ့ အရှေ့ဘက် မူလာချောင်းနံဘေးက မူလာရှီးဒီရွာလေးဟာ ရဝမ်လူမျိုးစုတို့ အတွက်တော့ စာပေနဲ့ ဘာသာတရား စတင်ခဲ့ရာနဲ့ လူမှုဘဝ အလှည့်အပြောင်းဖြစ်ခဲ့ရာ သမိုင်းဝင်နေရာတစ်ခုပါ။
၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ဖခင်ဖြစ်သူ ရုစဲလ် မော့စ် (Russell Morse) ရဲ့ တိဗက် – ယူနမ် – ပူတာအိုဒေသ သာသနာပြုလုပ်ငန်းတွေကို ဆက်ခံပြီး ရောဘတ်မော့စ်(Robert Morse) တစ်ယောက် ဒီရွာလေးကို ရောက်ရှိလာခဲ့ပါတယ်။
ရောဘတ်မော့စ်ဟာ ရိုးရိုးသာသနာပြုတစ်ဦးတင် မဟုတ်ပါဘူး။ သူဟာ အမေရိကန် အင်ဒီယားနားတက္ကသိုလ် (Indiana University) ကနေ ဘာသာစကားပညာ မဟာဘွဲ့ (MA in Linguistics) ရရှိထားသူ ဖြစ်တာကြောင့်၊ ကိုယ်ပိုင်စာပေမရှိသေးတဲ့ တိုင်းရင်းသားမျိုးနွယ်စု ၆ ခုအတွက် ပထမဆုံး ကိုယ်ပိုင်စာပေအက္ခရာကို စတင်တီထွင်ပေးပြီး ဘဝအလင်းဖွင့်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ စာပေအက္ခရာ မရှိသေးတဲ့ ရဝမ်လူမျိုးစုတွေအတွက် ရောမအက္ခရာကို အခြေခံပြီး ယနေ့ ရဝမ်စာပေရေးထုံးကို စတင်တီထွင်ပေးခဲ့သူ ဖြစ်သလို အသုံးပြုတတ်အောင် ပြန်လည် သင်ကြားပေးခဲ့ပါတယ်။ ပညာရေးအတွက်လည်း စာသင်ကျောင်းတွေ ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းရင်းသားတွေအတွက်တော့ နားမျက်စိ ဖွင့်ပေးခဲ့ပါတယ်။
စာပေမရှိတဲ့ လူမျိုးစုတစ်စုကို စာပေအက္ခရာ တီထွင်ပေးခဲ့တာဟာ ဒီလူမျိုးတစ်မျိုးလုံး ကမ္ဘာတည်သရွေ့ မပျောက်ပျက်အောင် အသက်သွေးကြော ထည့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ရောဘတ်မော့ဟာ ရဝမ်လူမျိုးစုအတွက် ဒီသမိုင်းမှတ်တိုင်ကို စိုက်ထူပေးခဲ့သူပါ။
ဒါ့အပြင် သမ္မာကျမ်းစာ (Bible) ကိုလည်း ရဝမ်ဘာသာသို့ အောင်မြင်စွာ ပြန်ဆိုပြီး သင်ကြားပေးခဲ့ပါတယ်။
၁၉၆၁ ခုနှစ်မှာတော့ ဒေသခံတွေ သွားလာရေး အဆင်ပြေစေဖို့အတွက် မိုးရာသီမှာ ရေစီးသန်လှတဲ့ မူလာချောင်းကို ဖြတ်ပြီး ပထမဆုံး ‘မူလာရှီးဒီ ကြိုးတံတား’ ကို သူကိုယ်တိုင်ပဲ ဦးစီးတည်ဆောက် ပေးခဲ့ပါတယ်။
ဒီနေ့ခေတ် ပူတာအိုကို ရောက်ရင် မဖြစ်မနေ သွားရောက်လည်ပတ်ကြတဲ့၊ ပူတာအိုရဲ့ အထင်ကရ Landmark နာမည်ကျော် မူလာရှီးဒီတံတားရဲ့ သမိုင်းအစဟာလဲ သူကနေပဲ စတင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်က ဒေသခံ ရဝမ်နဲ့ လီဆူတိုင်းရင်းသားတွေအတွက် သစ်တောဟာ အသက်ရှင်ရပ်တည်မှုရဲ့ အဓိက အားထားရာဖြစ်နေခဲ့ပါတယ်။ မိသားစုစားဝတ်နေရေးအတွက် မုဆိုးလိုက်ခြင်း၊ ထင်းခုတ်ခြင်း တို့ကို အဓိက လုပ်ကိုင်နေကြရတာပါ။
ဒါကြောင့် မော့စ်ဟာ တစ်ဖက်မှာ ဒေသတွင်း သားရဲတိရိစ္ဆာန်တွေနဲ့ သစ်တောသဘာဝတွေ တဖြည်းဖြည်း ပြုန်းတီးသွားမှာကို စိုးရိမ်ခဲ့သလို၊ တစ်ဖက်မှာလည်း ဒီလုပ်ငန်းတွေကို လျှော့ချကန့်သတ်လိုက်ရင် သူတို့ရဲ့နေ့စဉ်ဘဝ ပိုမိုခက်ခဲသွားနိုင်တာကို နက်နက်နဲနဲ တွေးပူနေခဲ့ပါတယ်။
ဒါကို ဖြေရှင်းဖို့အတွက် သူဟာ အမေရိကန်နိုင်ငံကနေ ဝါရှင်တန် လိမ္မော် (Navel Orange) မျိုးစေ့တွေနဲ့အတူ ဂရိတ်ဖရု (Grapefruit) မျိုးစေ့တွေကို ယူဆောင်လာပြီး၊ စိုက်ပျိုးရေး နည်းစနစ်တွေကိုပါ သင်ကြားပေးခဲ့တာကြောင့် ဒေသခံတွေအတွက် ရေရှည်အကျိုးရှိတဲ့ အသက်မွေးဝမ်းကြောင်းသစ်တစ်ခုကို လမ်းဖောက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဂရိတ်ဖရုဟာ ပူတာအိုဒေသရဲ့ အအောင်မြင်ဆုံးနဲ့ အထင်ကရ နာမည်ကြီးထွက်ကုန်တစ်ခုအဖြစ် ယနေ့ထိ ရပ်တည်နေဆဲ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ “အနောက်နိုင်ငံသား မုန်းတီးရေးဝါဒ” (Xenophobia) ကို ရိုက်သွင်းကာ တစ်ကမ္ဘာလုံးနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး၊ ၁၉၆၅ ခုနှစ်မှာတော့ နိုင်ငံခြားသား သာသနာပြု (မစ်ရှင်နရီ) တွေအားလုံး နိုင်ငံထဲကနေ အပြီးအပိုင် ထွက်ခွာသွားကြဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
မြန်မာအာဏာရှင် အဆက်ဆက်ဟာ “တိုင်းရင်းသား ဒေသတွေ ဖွံ့ဖြိုးတိုးတက်လာရင်၊ တော်လှန်ပုန်ကန်ကြလိမ့်မယ်” ဆိုတဲ့ အတွေးမျိုးနဲ့ နားမျက်စိပွင့်လာမယ့် အရေးတွေကို မလိုလားဘဲ အမှောင်ချထားလိုကြပါတယ်။
ဒီလှိုင်းလုံးကြီးဟာ ပူတာအိုက မော့စ်မိသားစုဆီကိုလည်း ရိုက်ခတ်လာခဲ့ပါတယ်။ စစ်အစိုးရဟာ မော့စ်နဲ့ သူ့မိသားစုကို “သူတို့ဟာ အမေရိကန် သူလျှိုတွေ ဖြစ်တယ်၊ တိုင်းရင်းသားတွေကို လက်နက်တပ်ဆင်ပေးပြီး အစိုးရကို တော်လှန်ဖို့ သွေးထိုးပေးနေတယ်၊ သစ်နဲ့ သစ်တောထွက် ပစ္စည်းတွေကို ခိုးထုတ်နေတယ်” ဆိုတဲ့ စွပ်စွဲချက်တွေကို လုပ်ကြံဖန်တီးပြီး ၁၉၆၅ ခုနှစ်မှာ နိုင်ငံက အပြီးအပိုင် ထွက်ခွာဖို့ အမိန့်ထုတ် ပြည်နှင်ဒဏ် ပေးခဲ့ပါတယ်။
ဒေသခံ ရဝမ်နဲ့ လီဆူး တိုင်းရင်းသား ရာပေါင်းများစွာဟာ သူတို့ရဲ့ ကျေးဇူးရှင်ကို အာဏာရှင်တွေ လက်ထဲ မထည့်နိုင်ကြတာမို့ မော့စ်မိသားစုကို ကာကွယ်ပြီး တောထဲကို အတူတူ လိုက်ပါ သွားခဲ့ကြပါတယ်။
သူတို့ဟာ ကြမ်းတမ်းတဲ့ တောအထပ်ထပ်ကို ဖြတ်ပြီး အိန္ဒိယနိုင်ငံကို ထွက်ခွာဖို့ ကြိုးစားခဲ့ကြပါတယ်။
နိုင်ငံရေး အခြေအနေတွေကြောင့် အိန္ဒိယဘက်က လက်မခံခဲ့တာမို့ မြန်မာ၊ အိန္ဒိယနဲ့ တရုတ်နယ်စပ် ကြားက လူသူမနီးတဲ့ တောနက်ကြီ (Hidden Valley )ထဲမှာ ၆ နှစ်ခွဲနီးပါး ခိုလှုံရင်း ၁၉၇၀ ပြည့်နှစ် မှာတော့ ရောဘတ်မာ့စ်ဟာ အတူတူ ပုန်းအောင်းနေထိုင်ခဲ့ကြတဲ့ အသက် ၇၀ ရှိပြီဖြစ်သော ဖခင်ကြီး ရုစဲလ်မော့စ်၊ ယူဂျင်းမော့စ်တို့နဲ့ အတူ သူတို့ရဲ့ ဇနီးသည်တွေ၊ ကလေးငယ်တွေပါ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံခဲ့ရပါတယ်။
မန္တလေးထောင်ထဲမှာ ၃ လကြာ အကျဉ်းချခံရပြီး ထောင်ကလွတ်လာတဲ့ ၁၉၇၂ ခုနှစ်မှာတော့ ဘန်ကောက်ကို လေယာဉ်နဲ့ ထွက်ခွာခဲ့ကြပြီး၊ အဲဒီကတစ်ဆင့် ၁၉၇၂ ခုနှစ်တွင် အမေရိကန်ကို ပြန်ခဲ့ကြရပါတယ်။
အဲဒီနောက် မော့စ်ဟာ ကွယ်လွန်ချိန်အထိ ချင်းမိုင်မှာ နေထိုင်ခဲ့ပါတယ်။
ဒေသတွင်း တိုင်းရင်းသား တွေအတွက် သာသနာပြုလုပ်ငန်းတွေနဲ့ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ်၊ အသက် ၈၇ နှစ်အရွယ်မှာ ချင်းမိုင်မြို့မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
သူမရှိတော့ပေမဲ့ သူချန်ရစ်ခဲ့တဲ့ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုနဲ့ ကချင်ပြည်နယ်ရဲ့ ဂုဏ်ယူဖွယ်ရာ ဂရိတ်ဖရု အသီးအနှံတွေကတော့ ပူတာအိုမြေမှာ ယနေ့တိုင် အမြစ်တွယ် ရှင်သန်နေဆဲ ဖြစ်ပါတယ်။
မော့စ်မိသားစုရဲ့ အိမ်၊ ဆေးပေးခန်း၊ စာသင်ခန်းအပါအဝင် အဆောက်အအုံဟောင်းကြီးတွေနဲ့ ကျောင်းပျက်ကြီးတွေကတော့ အာဏာရှင်တွေရဲ့ ရက်စက်တဲ့ နှိပ်ကွပ်မှုဒဏ်ကြောင့် စွန့်ပစ်ခံအဖြစ် ကြေကွဲဝမ်းနည်းဘွယ် ပျက်စီးယိုယွင်းနေကြပြီး တိုင်းရင်းသားလူမျိုးစုတွေအပေါ် ထားရှိတဲ့ အာဏာရှင်တွေရဲ့ သဘောထားအမှန်နဲ့ အတိတ်က ရင်နာစရာ သမိုင်းကြောင်းတွေကို သက်သေထူဘို့ ယနေ့တိုင် မူလာရှီးဒီမြေပေါ်မှ တိတ်ဆိတ်စွာ စောင့်နေဆဲပါ။
ကိုးကား –
North Burma Christian Mission History
Exodus to a Hidden Valley
(The Morse Family) ၏ ပူတာအိုဒေသ သာသနာပြုနှင့် ဖွံ့ဖြိုးရေး သမိုင်းမှတ်တမ်းများ။






