(ဘာသာပြန်)
၂၀၁၁ ခုနှစ်တွင် ပြည်သူ့ဆန္ဒပြမှုများကြောင့် မြန်မာနိုင်ငံသည် မြစ်ဆုံဆည် တည်ဆောက်မှုကို ရပ်ဆိုင်းခဲ့ရပြီးနောက် အဆိုပါစီမံကိန်းသည် ဒီမိုကရေစီ၊ အမျိုးသားရေးစိတ်ဓာတ်နှင့် တရုတ်နိုင်ငံကို ဆန့်ကျင်ခြင်း၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် တရုတ်ကျောထောက်နောက်ခံပြုထားသည့် ဆည်စီမံကိန်းများအနက် ပြည်သူ့ဆန္ဒကြောင့် ရပ်ဆိုင်းခဲ့ရသည့် ဆည်မျိုး အလွန်ရှားပါးသည်။
သို့သော် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် စစ်ကောင်စီ၏ ဒုတိယအကြီးအကဲ စိုးဝင်းက တရုတ်နိုင်ငံနှင့် ဆည်စီမံကိန်းကို ပြန်လည်စတင်ရန် သဘောတူညီချက် ရရှိထားကြောင်း ပြောကြားခဲ့သည်။
ဧရာဝတီမြစ်ဆုံတွင် ဆည်ခုနှစ်ခု တည်ဆောက်ရန် စီစဉ်ထားပြီး၊ မြန်မာနိုင်ငံသား အများစုက ၎င်းကို နိုင်ငံ၏ အသက်သွေးကြောမြစ်ဟု သတ်မှတ်ထားကြသည်။ မြစ်ဆုံသည် ထိုဆည်များ၏ အဓိကနေရာဖြစ်ပြီး အငြင်းပွားမှုအများဆုံးလည်း ဖြစ်သည်။
ဤဆည်ကို အဘယ်ကြောင့် ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေသနည်း။
————————
ယခင်က ဤစီမံကိန်းကို ပြည်သူများက အကြီးအကျယ် ကန့်ကွက်ခဲ့ကြသည်။ စီမံကိန်းဆိုင်ရာ သဘောတူညီချက်မှာ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားအများစုကို တရုတ်နိုင်ငံသို့ ပေးပို့မည်ဖြစ်ခြင်း၊ ရေကြီးမှုများ ပိုမိုဆိုးရွားလာစေခြင်းနှင့် မြစ်အောက်ပိုင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ လူနေမှုဘဝနှင့် သန့်ရှင်းစင်ကြယ်သော နေရာများကို ပျက်စီးစေခြင်း စသည့်အချက်များကြောင့်ဖြစ်သည်။
ယနေ့အချိန်အထိ ထိုအခြေအနေများမှာ ပြောင်းလဲခြင်းမရှိသေးပေ။ ထို့အပြင် တရုတ်နိုင်ငံသည်လည်း လျှပ်စစ်ဓာတ်အားကို အရေးတကြီး လိုအပ်နေခြင်း မရှိပါ။
ထို့ကြောင့် ဤစီမံကိန်းသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်ထက် နိုင်ငံရေးအရ အသုံးချရန် ဖြစ်လာသည်။ တရုတ်ကို ပိုမိုမှီခိုနေရသည့် စစ်ကောင်စီသည် တရုတ်၏ ထောက်ခံမှုကို ရရှိရန်နှင့် ကချင်ပြည်နယ်အများစုကို ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အား ဖိအားပေးရန်အတွက် အမုန်းခံထားရသည့် ဤစီမံကိန်းကို အသုံးပြုနေခြင်း ဖြစ်သည်။
ဤစီမံကိန်းသည် တရုတ်နိုင်ငံနှင့် ညှိနှိုင်းမှုအတွက် အရေးပါသော ကုန်ပစ္စည်းတစ်ခု ဖြစ်လာသလို၊ အတိုက်အခံများကို ဖိနှိပ်ရန်အတွက် အကြောင်းပြချက်တစ်ခုလည်း ဖြစ်လာသည်။
စစ်ကောင်စီသည် ဆည်ကို “ခိုင်လုံသော အထောက်အထားမရှိဘဲ” ကန့်ကွက်သူတိုင်းကို ဥပဒေကြောင်းအရ အရေးယူမည်ဟု အမိန့်ထုတ်ပြန်ခဲ့ပြီး ဝေဖန်သူများကို တိတ်ဆိတ်စေရန် ဥပဒေနှစ်ခုကို အသုံးပြုလျက်ရှိသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့သည့် ဆိုက်ဘာလုံခြုံရေးဥပဒေဖြင့် လိုင်စင်မဲ့ VPN များကို အသုံးပြုခြင်းနှင့် အွန်လိုင်းပေါ်မှ အချို့သော ပြောဆိုမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့သည်။
ဇူလိုင်လက ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဥပဒေဖြင့်လည်း ရွေးကောက်ပွဲကို ဝေဖန်မှုအများစုကို တရားမဝင်ကြောင်း ကြေညာခဲ့သည်။ အဆိုပါဥပဒေများကို ချိုးဖောက်ပါက ထောင်ဒဏ်မှသည် သေဒဏ်အထိ ချမှတ်နိုင်သည်။ ဒေသခံများမှာ မကျေနပ်ကြသော်လည်း ကြောက်ရွံ့နေကြသည်။
မေလတွင် NGO (၄၉) ခုက ဆည်စီမံကိန်းနှင့်ပတ်သက်သည့် အမိန့်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် တိုက်ခိုက်မှုအဖြစ် ရှုတ်ချခဲ့ပြီး၊ စစ်ကောင်စီသည် သဘောတူညီမှုရရှိရန် အတုအယောင်ဆွေးနွေးပွဲများ ပြုလုပ်နေကြောင်း စွပ်စွဲခဲ့သည်။ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ ဆိုင်းမိုင်က စစ်ကောင်စီသည် ဒေသတွင်း၌ ထိုကဲ့သို့သော အစည်းအဝေးပေါင်း ၁၅ ခုထက်မနည်း ကျင်းပခဲ့ကြောင်း ပြောသည်။
တစ်ချိန်က ဆည်ဆန့်ကျင်ရေး NGO များတွင် လုပ်ကိုင်ခဲ့ဖူးသည့် ကချင်လူမျိုး အများအပြားမှာ ယခုအခါ စီမံကိန်းပြန်စရန်အတွက် ဖွဲ့စည်းထားသည့် ကော်မတီတွင် ပါဝင်ရန် ဖိအားပေးခံနေရသည်။ သူမ၏အဆိုအရ ၎င်းတို့၏ ရည်ရွယ်ချက်မှာ “ကျွန်ုပ်တို့လူမျိုးအချင်းချင်း ပြန်လည်တိုက်ခိုက်စေရန်” ဖြစ်သည်။
မြစ်ကြီးနားမြို့ (ဆည်တည်ဆောက်မည့်နေရာနှင့် နီးကပ်သောနေရာ) နေထိုင်သူတစ်ဦးက ဒေသခံခေါင်းဆောင်များမှာ စောင့်ကြည့်ခံနေရပြီး အကယ်၍ တစ်စုံတစ်ရာ ပြောဆိုပါက ၎င်းတို့၏ မိသားစုများကို ဖမ်းဆီးခြင်း သို့မဟုတ် လက်တုံ့ပြန်ခြင်းများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခံထားရကြောင်း ပြောကြားခဲ့သည်။
ဒုတိယပစ်မှတ်မှာ ကချင်နယ်မြေဖြစ်သည်။ စစ်ကောင်စီသည် မြစ်ကြီးနားမြို့နှင့် ဆည်တည်ဆောက်မည့်နေရာကို ထိန်းချုပ်ထားသော်လည်း၊ ပတ်ဝန်းကျင်ရှိ တောတောင်များမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံတွင် ရှိသည်။
ဤစီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဖြင့်၊ စစ်ကောင်စီသည် KIA ကို နယ်မြေစွန့်လွှတ်စေရန် တိုက်ပွဲများကို နှိုးဆော်လိုကောင်း နှိုးဆော်နိုင်သည်။ နှစ်ဖက်စလုံးသည် ကုန်သွယ်ရေးနှင့် လက်နက်အတွက် တရုတ်ကို မှီခိုနေရသည်။
စီမံကိန်းကို စတင်အဆိုပြုစဉ်က ၎င်းမှထွက်ရှိမည့် လျှပ်စစ်ဓာတ်အား၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပေးပို့ရန်ဖြစ်သည်။ ယနေ့တွင် နိုင်ငံ၏လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းမှာ နေရောင်ခြည်နှင့် လေအားလျှပ်စစ်တို့အပါအဝင် လိုအပ်ချက်ထက် ပိုမိုများပြားနေပြီဖြစ်သည်။
ထို့ကြောင့် ဤဆည်သည် မလိုအပ်ပေ။ စစ်ကောင်စီသည် တရုတ်နိုင်ငံမှ တောင်ပိုင်းယူနန်နှင့် မြန်မာနိုင်ငံမြောက်ပိုင်း မန္တလေးကို ဆက်သွယ်မည့် ရထားလမ်းနှင့် ဘင်္ဂလားပင်လယ်အော်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေးကို ပိုမိုဦးစားပေးလိုသည်။ ၎င်းသည် ဖြစ်လာနိုင်ခြေများသည်။
(ဇွန်လ ၂၀ ရက် ထုတ် The Economist တွင်ပါသည့် ဆောင်းပါးကို ဘာသာပြန်ဆိုသည်)






