တစ်မိုင်တစ်ယောက်နှုန်း လူသေခဲ့တဲ့ လီဒိုလမ်းမ

2
AI နည်းပညာဖြင့် သရုပ်ဖော်ပုံ ရေးဆွဲထားခြင်းဖြစ်ပါသည်။

 

စိုင်းခေ- ရေးသည်။

(ဖွင့်ဆိုရှင်းပြ ဆောင်းပါး)

  • အစပျိုးဖြစ်စဉ်

တရုတ်ရဲ့ပင်လယ်ထွက်ပေါက်မြို့တွေကို ၁၉၃၇၊ ဇူလိုင်ကစပြီး ဂျပန်တွေကျူးကျော် သိမ်းပိုက် လိုက်တော့ တရုတ်နဲ့ မဟာမိတ်တွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်သွားပါတယ်။ ဒါဟာ ဂျပန်ရဲ့ ကျူးကျော်မှုကို ခုခံဖို့အရေး တရုတ်နိုင်ငံထဲ ထောက်ပံ့ရေးပစ္စည်းတွေ တင်သွင်းလို့မရအောင် ဖြစ်သွားတာပါ။

ဒါကြောင့် တရုတ်ချန်ကေရှိတ် အစိုးရဟာ လမ်းကြောင်းသစ်အတွက် အပူတပြင်းစီမံရပါတော့တယ်။

ပစ္စည်းတွေသွင်းနိုင်ဖို့အရေး ၁၉၃၇ နှောင်းပိုင်းကစလို့ ကူမင်းမြို့ကနေ လားရှိုးမြို့အထိ ပေါက်မယ့် Burma Road ကို ချန်ကေရှိတ်ဟာ လူအင်အားသိန်းချီ သုံးပြီး စဖောက်လုပ်ခဲ့ပါတယ်။ ၁၉၃၈ နှောင်းပိုင်းမှာ ပြီးစီးခဲ့ပါတယ်။ ပစ္စည်းတွေကိုတော့ ရန်ကုန်ဆိပ်ကမ်းကနေ တစ်ဆင့် ရထားနဲ့ လားရှိုးအထိပို့၊ အဲဒီကနေ ကူမင်းအထိ ကားတွေနဲ့ပို့ခဲ့တာပါ။

ဒါပေမဲ့လည်း ၁၉၄၂ ခုနှစ်မှာ ဂျပန်တွေ မြန်မာကိုကျူးကျော်ပြီးနောက် နိုင်ငံမြောက်ဘက်က မြစ်ကြီးနားမြို့ အထိ ထိန်းချုပ်ခဲ့သလို တရုတ်ဘက်ခြမ်း၊ သံလွင်မြစ်အနောက်ပိုင်းမှာရှိတဲ့ Burma Raod လမ်းပိုင်းကိုလည်း ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။

ဒါကြောင့် တရုတ်ဘက်ခြမ်းကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ဖို့အရေး မဟာမိတ်တွေဟာ လေကြောင်းကိုပဲ အားပြုခဲ့ရပါတယ်။ ဒါပေမဲ့လည်း အိန္ဒိယကနေ မြန်မာပြည်ကိုဖြတ်ပြီး တရုတ်နိုင်ငံဆီသွားတဲ့ လေယာဉ်တွေကို မြစ်ကြီးနားမှာရှိတဲ့ ဂျပန်တွေက ဒီတိုင်းထိုင်ကြည့် နေတာတော့ မဟုတ်ခဲ့ပါဘူး။

ဒါကြောင့် မဟာမိတ်တွေဟာ မြစ်ကြီးနားရဲ့ အပေါ်ဘက် ခပ်ဝေးဝေး၊ ရာသီဥတုအင်မတန်ကြမ်းတဲ့ ဟိမဝန္တာတောင်တန်းတွေ ပေါ်ကနေ ပျံသန်းပြီး တရုတ်နိုင်ငံထဲကို ကုန်စည်တွေပို့ဆောင်ခဲ့ရပါတယ်။ ဒါဟာလည်း လွယ်ကူတဲ့ အလုပ်တော့မဟုတ်ပါဘူး။ အဲဒီလေယာဉ်လမ်းကြောင်းကို The Hump လို့ ခေါ်ပါတယ်။

မဟာမိတ် လေယာဉ်မှူးတွေကတော့ အဲဒီလမ်းကြောင်းအတိုင်း အောက်ကိုကြည့်လိုက်ရင် လေယာဉ်ပျက်တွေ တန်းစီးနေတာကြောင့် “အလူမီနီယံ လမ်းကြောင်း” (The Aluminum Trail) အတိုင်းသာ လိုက်သွားရင် လမ်းမမှားနိုင်တော့ဘူးလို့ နောက်ပြောင်ခဲ့ကြတဲ့အထိပါ။ အဲဒီလမ်းကြောင်းမှာ စစ်မပြီးခင်ထိ လေယာဉ်ပေါင်း ၆၀၀ နီးပါး ပျက်စီးခဲ့ပါတယ်။

  • လမ်းစဖောက်ပြီ

၁၉၄၂ ခုနှစ်၊ နှစ်ဆန်းပိုင်းကစလို့ အမေရိကန်ရဲ့ CBI (China, Burma, India) စစ်မျက်နှာကို ဦးဆောင်ရတဲ့သူက ဗိုလ်ချုပ်ကြီး စတီးဝဲလ်ဖြစ်ပါတယ်။

ကံမကောင်းတာက သူမြန်မာပြည်ကိုရောက်ခါစမှာပဲ ဂျပန်တွေရဲ့ ထိုးစစ်ကြောင့် ဗိုလ်ချုပ်ကြီးလည်း ကချင်ပြည်နယ်ကနေ အိန္ဒိယထိ သူ့လူတွေနဲ့ လမ်းလျှောက်ဆုတ်ခွာခဲ့ရပါတယ်။ အဲဒီနောက်တော့ တရုတ်ပြည်မှာ အစာရေစာရှားပါးတာနဲ့ တရုတ်ကို ကမ္ဘာစစ်ကြီးထဲကနေ ထွက်မသွားအောင်လုပ်ဖို့ အတွက် ပစ္စည်းတွေ ပို့ဖို့ လိုအပ်လာပါတယ်။

ဒါကြောင့် စတီးဝဲလ်ဟာ သူဆုတ်ခွာလာတဲ့လမ်းအတိုင်း အိန္ဒိယနိုင်ငံ လီဒိုကနေ ကချင်ပြည်နယ်ကို ဖြတ်ပြီး တရုတ်တွေ ဖောက်ထားတဲ့ Burma Road နဲ့ ဆက်သွယ်နိုင်ဖို့အတွက် လီဒိုလမ်းမစီမံကိန်းကို ၁၉၄၂ ဒီဇင်ဘာမှာ စအကောင်အထည်ဖော်ခဲ့ပါတယ်။

ဒီလမ်းကို ဖောက်မယ့်အချိန်ထူးခြားချက်က တခြားစီမံကိန်းတွေလို စီမံကိန်းကိုပြင်ဆင်၊ ထောက်ပို့အတွက် ပြင်ဆင် ပြီးမှ တိုက်ပွဲဝင်ရတာမျိုးမဟုတ်ဘဲ တစ်ခါထဲ စီမံကိန်းပြင်၊ တစ်ခါထဲ ထောက်ပို့၊ တစ်ခါထဲ တိုက်ပွဲဝင်ရင်း အကုန်လုံးကို တပြိုင်ထဲ အကောင်အထည် ဖော်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလမ်းကြောင်း ဖောက်ဖို့အတွက် အင်္ဂလန်ဝန်ကြီးချုပ် ဝန်စတန်ချာချီကတော့ ကန့်ကွက်ခဲ့ဖူးပါတယ်။

၁၉၄၂ ကနေ စဖောက်လိုက်တဲ့ ဒီ လီဒိုလမ်းကြောင်းဟာ သဘာဝဘေး၊ စစ်ဘေးနဲ့ အခက်အခဲ အမျိုးမျိုးကြောင့် လီဒိုကနေ မြစ်ကြီးနားအထိလမ်းပိုင်းကို ၁၉၄၄ ဆောင်းဦးရောက်မှသာ ပွင့်သွားတာပါ။

မြစ်ကြီးနားကိုမရောက်ခင်အထိ မြန်မာနိုင်ငံထဲမှာ ဂျပန်တွေရဲ့ တပ်စခန်းတွေကို အိန္ဒိယစစ်သားတွေ၊ တရုတ်စစ်သားတွေ၊ အမေရိကန်စစ်သားတွေ၊ အင်္ဂလိပ်စစ်သားတွေ၊ ကချင်စစ်သားတွေ၊ နာဂနဲ့ တခြားလူမျိုးစစ်သားတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရပါတယ်။ မြစ်ကြီးနား တိုက်ပွဲတစ်ခုထဲမှာတင်ပဲ မဟာမိတ်တွေရဲ့ ဂျပန်တွေအပေါ် ဗုံးကြဲတိုက်ခိုက်မှုဟာ တန်ပေါင်း ၇၅၄ တန်လောက် ရှိခဲ့တာပါ။

မြစ်ကြီးနားကနေ တရုတ်ဘက်ကို ပေါက်ဖို့အတွက်ကတော့ ကြားထဲက ဂျပန်တွေထိန်းချုပ်ထားတဲ့ နေရာတွေကို ဆက်ရှင်းလင်းခဲ့ရပါတယ်။ ဒါကြောင့် Burma Road နဲ့ လီဒိုလမ်းမကြီး ဆက်မိသွားတဲ့အချိန်ဟာ ၁၉၄၅ ခုနှစ် ဇန်နဝါရီနောက်ဆုံးအပတ်မှ ဖြစ်ပါတယ်။

  • လီဒိုရဲ့ အချက်အလက်

လီဒိုလမ်းမကြီးဟာ တံတားပေါင်း ၇၀၀၊ မြစ်ကြီးတွေကို ဖြတ်ကူးတဲ့နေရာ ၁၀ နေရာနဲ့ မြစ်လက်တက်ပေါင်း ၁၅၅ ခုကို ဖြတ်ကျော် တည်ဆောက်ခဲ့ရတာဖြစ်ပြီး လမ်းအရှည်ကတော့ လီဒိုကနေ တရုတ်-မြန်မာနယ်စပ်အထိ ၄၇၈ မိုင်ပါ။ အဲဒီနေရာကနေ တရုတ်ပြည် ကူမင်းအထိ ပေါက်တဲ့ Burma Road ကတော့ ၅၆၆ မိုင်ဖြစ်ပါတယ်။ လမ်းရဲ့ ဘေးမှာလည်း ရေနံပိုက်လိုင်းတွေပါပြီး လမ်းတလျှောက်မှာလည်း ဆီဆိုင်တွေရှိခဲ့ပါတယ်။

လီဒိုလမ်းမကြီးကိုဖောက်တဲ့အချိန်မှာတော့ အလုပ်သမားတွေနဲ့ ပညာရှင်တွေဟာ ရာသီဥတုနဲ့ ဂျပန်တွေရဲ့ တိုက်ခိုက်မှုကြောင့် တစ်မိုင်ကို တစ်ယောက်နှုန်းလောက် သေဆုံးခဲ့ပါတယ်။ ဒါဟာ လမ်းဖောက်နိုင်ရေးအတွက် ဂျပန်စခန်းတွေကိုတိုက်ပြီး အသက်စွန့်ခဲ့ရသူတွေရဲ့ အရေအတွက်ကို ထည့်မတွက်ထားပါဘူး။

  • လမ်းဖွင့်ပြီးနောက်ဆက်တွဲ

ဗိုလ်ချုပ်ကြီးစတီးဝဲလ်ဟာ CBI စစ်မျက်နှာကို ရောက်ပြီးနောက်ပိုင်း ချန်ကေရှိတ်နဲ့ သိပ်မတည့်တာကနေ ချန်ကေရှိတ်က ကြည့်မရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ စတီးဝဲလ်က အမှန်တွေပြောလွန်းပြီး ချန်ကေရှိတ်ကတော့ အာဏာရှင်ဖြစ်နေတာကြောင့်ပါ။

ဒါကြောင့် ချန်ကေရှိတ်ရဲ့ အနောက်နိုင်ငံခေါင်းဆောင်တွေဆီ အကြိမ်ကြိမ်တိုက်တွန်းမှုကြောင့် ဗိုလ်ချုပ်ကြီးဟာ လမ်းမဖွင့်ခင် ၃ လလောက်ကတည်း အဲဒီစစ်မျက်နှာကနေ နေရာပြောင်းခဲ့ရပါတယ်။

ဒါပေမဲ့ ၁၉၄၅၊ ဇန်နဝါရီ ၂၈ ရက်နေ့ လီဒိုနဲ့ Burma Road တို့ ဆက်မိတဲ့ ဖွင့်ပွဲနေမှာတော့ ချန်ကေရှိတ်က အဲဒီလမ်းနာမည်ကို စတီးဝဲလ်လမ်းမကြီးလို့ နာမည်ပေးခဲ့ပါတယ်။

နောက်ထပ် စိတ်မကောင်းစရာတစ်ခုကတော့ လမ်းဖွင့်ပြီးတဲ့အချိန်မှာပဲ မဟာမိတ်တွေဟာ အဲဒီလမ်းကြောင်းကနေ ဂျပန်တွေကို တိုက်စစ်မဆင်ဘဲ ပစိဖိတ်ကျွန်းတွေကနေပဲ တိုက်စစ်ဆင်မယ်လို့ ဆုံးဖြတ်ပြီးသားဖြစ်နေတာပါ။ ဒါကြောင့် လီဒိုလမ်းမကြီးဟာ ဖွင့်ပြီးပြီးချင်း သိပ်အရေးမပါတော့တဲ့ လမ်းမကြီး ဖြစ်သွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီလမ်းကြောင်းထဲက လမ်းပိုင်းတချို့ကိုသာ မြန်မာပြည်မှာ အသုံးပြုခဲ့ကြပြီး အိန္ဒိယဘက်ကတော့ သူပုန်တွေကြောင့်ဆိုပြီး အဲဒီလမ်းကို အသုံးမပြုတော့ပါဘူး။

  • လက်ရှိအခြေအနေ

အခုအချိန်မှာတော့ အိန္ဒိယဟာ ကချင်ပြည်နယ်က မြေရှားတွေသယ်ယူနိုင်ရေးအတွက် လီဒိုလမ်းမကြီးကို ပြန်ဖွင့်ဖို့ စီစဉ်နေကြပြီဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေပါပြီ။

လီဒိုလမ်းမကြီးဟာ ဆယ်စုနှစ် ၈ ခုကျော်ကြာပြီးတဲ့အချိန် ပြန်အသက်ဝင်လာတော့မှာလား ဆိုတာကတော့ နိုင်ငံကြီးတွေနဲ့ ကချင်ပြည်နယ်က ဒေသခံတွေ၊ နယ်မြေထိန်းချုပ်ထားနိုင်တဲ့သူတွေ ပေါ်မှာ မူတည်နေပါပြီ။

 

ကိုးကား – The Burma Road by Donovan Webster (2003) /Stiwell Road documentary (1945)AI နည်းပညာဖြင့် သရုပ်ဖော်ပုံ ရေးဆွဲထားခြင်းဖြစ်ပါသည်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here