၀န်ကြီးများအနေဖြင့် အောက်ခြေဝန်ထမ်းများမှ သနပ်ခါးလိမ်း၊ ရေမွှေးဆွတ်ပြီး ပို့လိုက်သည့် အဖြေများကို လွှတ်တော်အတွင်း လာရောက် ဖတ်ခြင်းမျိုးမပြုလုပ်ရန် ဆော့လော်အမတ် အဆိုတင်

1774
ဒေါ်ခေါမာဝူ

ဖေဖော်ဝါရီ ၂၅

ဆော့လော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခေါမာဝူမှ ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ လိုအပ်ချက်များအရ ပြည်သူကိုယ်စား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ မေးခွန်းများ မေးမြန်းခြင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှ လွှတ်တော်သို့ အလေးအနက်ထား ကိုယ်တိုင်ဖြေကြားပေးရန် အဆိုတင်သွင်းခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ အနေဖြင့် အောက်ခြေဝန်ထမ်းများမှ သနပ်ခါးလိမ်း ရေမွှေးဆွတ်ပြီး ပို့လိုက်သည့် အဖြေများကို လွှတ်တော်အတွင်း လာရောက် ဖတ်ခြင်းမျိုးမပြုလုပ်ရန် တောင်းဆိုခဲ့သည်။
“ဝန်ကြီးများ နှုတ်ဖြင့် ပြောဆိုရာတွင် အောက်ခြေမှ သနပ်ခါးလိမ်း၊ ရေမွှေးဖြန်းပြီး ပို့လိုက်တဲ့အဖြေလွှာကို လာဖတ်ခြင်းထက် အမှန်ကန်ဆုံး၊ အဖြစ်သင့်ဆုံး အဖြေလွှာကို လေ့လာသုံးသပ်ပြီး လာရောက်ဖြေကြားစေလိုပါတယ်”ဟု ဒေါ်ခေါ်မာဝူက ထောက်ပြပြောဆိုခဲ့သည်။

အစိုးရ အဖွဲ့ဝင်များသည် လွှတ်တော်မှ မွေးထုတ်လိုက်သည့် ဝန်ကြီးများဖြစ်သည့်အတွက် မည်မျှပင်အလုပ်များစေကာမူ လွှတ်တော်သို့ ကိုယ်တိုင်လာရောက် ဖြေကြားစေလိုကြောင်း၊ လွှတ်တော်သည် ဂုဏ်သိက္ခာရှိသည့် မဏ္ဍိုင်ဖြစ်သည့်အတွက် ရင်ထဲထည့်မှတ်ထားစေလိုကြောင်းလည်း ထပ်ဆင့်တိုက်တွန်းပြောကြားသည်။

“ပြည်သူများယုံကြည်စွာ မေးမြန်းလိုက်တဲ့ မေးခွန်းကို အရေးတကြီးဖြေကြားရမည့် မေးခွန်းပါသည်ကို သိပါလျက် ဝန်ကြီးကိုယ်တိုင် ဖြေကြားခြင်းမဟုတ်ဘဲ ကိုယ်စားလာဖြေတဲ့ အခါမှာ အောက်ခြေနဲ့ ကွဲလွဲတာတွေ ရှိပါတယ်။ ထပ်ဆင့်မေးခွန်းများကို မေးမြန်းချင်သော်လည်း သက်ဆိုင်ရာ ဝန်ကြီးမဟုတ်သည့်အတွက် မေးခွန်းနှင့်ဆိုင်သော ပြည်သူများ များစွာနစ်နာပါတယ်”ဟု ဒေါ်ခေါ်မာဝူက ဆိုသည်။

တချို့အဆိုများ အောင်မြင်သည်မှာ ၄ နှစ်ကြာပြီဖြစ်သော်လည်း လက်တွေ့အောက်ခြေတွင် အကောင်အထည်ဖော်ဆောင်ရွက် ခြင်းမရှိသည့်အတွက် ကြယ်ပွင့်ပြမေးခွန်း ပြန်လည် မေးမြန်းရာတွင် မြေပြင်သို့ ကွင်းဆင်းခြင်းအလုပ်ပင် မလုပ်ရသေးကြောင်း ဖြေကြားမှုသည် ပြည်သူများကို မလေးစားရာ ရောက်ကြောင်းလည်း ထောက်ပြဝေဖန်ခဲ့သည်။
ဒေါ်ခေါ်မာဝူ တင်သွင်းသည့် အဆိုနှင့် ပတ်သက်ပြီး မိုးညှင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးမှ ထောက်ခံဆွေးနွေးခဲ့သည်။

၂၀၁၃ ခုနှစ် တိုင်း၊ ဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ် လွှတ်တော်ဆိုင်ရာဥပဒေနဲ့ ၂၀၁၃ ခုနှစ် ကချင်ပြည်နယ်လွှတ်တော် ဆိုင်ရာ ဥပဒေများနဲ့ အညီဥပဒေပုဒ်မ (၁၀၃)မေးခွန်းများ မေးမြန်းခြင်း၊ ဥပဒေပုဒ်မ(၁၀၅) နှုတ်ဖြင့် ဖြေဆိုရမည့် မေးခွန်းများနှင့်အညီ လွှတ်တော် ကိုယ်စားလှယ်များဟာ ဤဥပဒေချက်များနှင့် အညီ လွှတ်တော်ဥက္ကဋ္ဌ၏ခွင့်ပြုချက်များနှင့် လွှတ်တော်သို့ တင်ပြတောင်းဆိုခဲ့ကြောင်း ဦးတင်အေးက ပြောသည်။
“လွှတ်တော်ဥက္ကဋ္ဌရဲ့ တင်ပြချက်အရ တောင်းဆိုမှုများပေါ်မှာ အချို့ဝန်ကြီးများဟာ လွှတ်တော် ကိုယ်စားလှယ်များရဲ့ တင်ပြမေးမြန်းချက်များကို ပြီးစလွယ်ဖြေဆိုသွားတာကို ကျွန်တော်တို့ တွေ့ရှိရပါတယ်။ တစ်နည်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းတဲ့ မေးခွန်းဟာ သက်ဆိုင်ရာဝန်ကြီးများက ဖြေကြားတဲ့ အခါမှာ သက်ဆိုင်ရာ အောက်ခြေအဆင့်ဆင့်က တင်ပြအတိုင်းသာ အလေးအနက် ထားခြင်းမရှိတာကို သိပြီးတော့မှ ဖြေသွားတာကို တွေ့ရှိရပါတယ်”ဟု ဦးတင်အေးက ဆိုသည်။

အချို့ဝန်ကြီးများ ဖြေကြားချက်များသည် တိကျသော်လည်း အချို့ဝန်ကြီးများမှာ ကိုယ်စားလှယ်တော်များ၏ ကျေနပ်သည့် အဖြေကို မရှိကြောင်းလည်း တစ်ဆက်တည်း ပြောကြားခဲ့သည်။
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ စတင်ကျင်းလျက်ရှိသည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here