ဖေဖော်ဝါရီ၊၁၈
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဝဝမ်ကျေးရွာအနီးတွင် ယမန်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူများ နီးစပ်ရာ ဘုရားကျောင်းဝင်များတွင် ထွက်ပြေးတိမ်းနေရဆဲ ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ (၁၂)ဝန်းကျင်ခန့်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နယ်မြေထဲသို့ စစ်ကောင်စီတပ် ခ.မ.ရ(၄၃၇)တို့ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိ စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုများ ရှိနေသေးသောကြောင့် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“ကျောင်းဝင်းထဲမှာပဲ နေနေကြတယ်ခုထိ။ တချို့ကတော့ ရွာမှာပဲ နေသေးတယ်။ ခုထိလည်း စိုးရိမ်နေရသေးတယ်။ စစ်ကောင်စီတပ်သားတွေလည်း လှုပ်ရှားသွားလာနေကြတော့။ စစ်တပ်ဘက်က စစ်ကြောင်းထိုးနေဆဲပဲ”ဟု ၎င်းက ပြောသည်။
ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ အစရှိသူတို့က ယမန်နေ့ကတည်းကပင် မိုးမောက်မြို့ရှိ သက်ဆိုင်ရာ အသင်းတော်အလိုက် သွားရောက် ခိုလှုံနေကြပြီ ဖြစ်ကြောင်းနှင့် စစ်ရေးပိုမိုတင်းမာလာမည်ကို ဒေသခံများ စိုးရိမ်နေရကြောင်း ၎င်းက ဆက်လက်ပြောသည်။
“တချို့က မိုးမောကဘက် ကိုယ်အသင်းတော်တွေ ရှိတဲ့စခန်းကို ဆင်းသွားကြပြီ။ ဘယ်လောက်လဲဆိုတော့ အတိအကျ မပြောနိုင်သေးဘူး။ ကလေး၊ သက်ကြီးရွယ်အိုတွေပါမယ်ပေါ့။ အရမ်းစိုးရိမ်နေရတယ်။ ဘယ်မှလည်း မပြေးတတ်။ မိုးမောက်ဘက် ပြေးမယ်ဆိုရင်လည်း နေရာ၊ ထိုင်ခင်းကအစ ခက်မှာလည်း စိုးတယ်”ဟု ၎င်းကဆိုသည်။
ဝဝမ်ကျေးရွာတွင် နေထိုင်သည့် လူဦးရေ ခန့်မှန်းခြေမှာ (၅၀၀) ဝန်းကျင် ရှိကြောင်းလည်း သိရသည်။







