၁၆ကြိမ်မြောက် ကချင်ပြည်နယ်လွတ်တော် ပုံမှန် အစည်းအဝေးကြီးက စိတ်ဝင်စားစရာ အချက်အလက်များ

1692
ကချင်ပြည်နယ်လွှတ်တော်
ဓာတ်ပုံ - စည်သူ(မြစ်ကြီးနား)

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကြီးဟာတော့ မေးခွန်းပေါင်းများစွာနဲ့ ပြီးဆုံးခဲ့ပြန်ပါပြီ။

၈ ရက်တိုင်တိုင် ကျင်းပခဲ့တဲ့ ဒီအစည်းဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၅၃ ဦးက မိမိတို့ရဲ့ မဲဆန္ဒနယ်မြေက အခက်အခဲတွေ၊ လိုအပ်ချက်တွေကို အင်တိုက်အားတိုက် ဆွေးနွေးခဲ့ကြတာပါ။ မေးခွန်းအများစုကတော့ အရင်အစည်းဝေးတွေတုန်းကလိုပဲ ရေရရှိရေး၊ လမ်းတံတားရရှိရေး စတဲ့ မေးခွန်းတွေပဲ အမေးများခဲ့ပါတယ်။

ဒီမေးခွန်းတွေအပေါ်မှာလည်း သက်ဆိုင်ရာ ပြည်နယ်အဆင့်ဝန်ကြီးတွေက ‘ ပြည်ထောင်အစိုးရသို့ တင်ပြပြီး(သို့မဟုတ်) ဘတ်ဂျတ်ခွဲဝေမှုအပါ်မူတည်ပြီး ရန်ပုံငွေ ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း’ စတဲ့ ပုံမှန်ဖြေနေကျ အဖြေတွေကိုပဲ ပေါ့ပေါ့ပါးပါး ဖြေဆိုခဲ့ကြပါတယ်။

ပြည်နယ်ရဲ့ ဥပဒေပြုရေးမဏ္ဍိုင်တစ်ခုဖြစ်တဲ့ လွှတ်တော်မှာ ဥပဒေပြုရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေကိုတော့ လွှတ်တော်တွင်း ဆွေးနွေးတာမတွေ့ခဲ့ရပါဘူး။ ဥပမာအားဖြင့် ကျောက်မျက်နဲ့ ပတ်သက်ပြီး အသေးစား၊အလတ်စားကို ပြည်နယ်အစိုးရက တိုက်ရိုက်ကိုင်တွယ်လို့ ရတဲ့အရာမျိုးပါ။ လွှတ်တော်ကိုယ်စားလှယ်တွေက ဒီလို ဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ ဒီအစည်းအဝေးမှာ ဆွေးနွေးသွားတာ မရှိပါဘူး။

သို့ပေမယ့်လည်း အစည်းအဝေး(ပထမနေ့) က ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့တဲ့  “ကချင်ပြည်နယ်၏ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်၊ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်း” နဲ့ “၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း” ကိုတော့ ဆွေးနွေးအတည်ပြုနိုင်ခဲ့ပါတယ်။

၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတင်ပြရာမှာ လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ၊ နောင်မွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်က ပြည်နယ်အစိုးရအနေနဲ့ ဘတ်ဂျတ်ဥပဒေကြမ်း မဆွေးနွေး/အတည်မပြုရသေးဘဲ ကချင်ပြည်နယ်အစိုးရအနေဖြင့် လုပ်ငန်းများကြိုတင်ဆောင်ရွက်ထားသည်ကို ထောက်ပြပြောဆိုပြီး လွှတ်တော်တွင် ရှင်းလင်းပေးရန် ပြောကြားခဲ့သည်။

“လွှတ်တော်က အတည်မပြုရသေးမီ အကြမ်းပဲဖြစ်ပါတယ်။ အဲဒီရဲ့ ပုဒ်မ ၁(ခ)မှာ ၂၀၁၉-၂၀ အောက်တိုဘာလ ၁ ရက်နေ့က စမယ်လို့ ပြောတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့လွှတ်တော်က အတည်မပြုမီ ဥပဒေဟာ အာဏာမသက်ရောက်ပါဘူး။ တစ်ကယ်လို့ အတည်ပြုပြီးရင်တောင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉၅ (ခ) အရ လွှတ်တော်က အတည်ပြုပြီး ဝန်ကြီးချုပ်က လက်မှတ်ထိုးမှ သက်ရောက်မှာ ဖြစ်ပါတယ်” လို့ ဥပဒေနဲ့ ညီ/မညီ ကိုဆန်းစစ်ရမည်ဖြစ်ကြောင်း ဦးချန်တန်ခင်က ထောက်ပြပြောဆိုခဲ့ပါတယ်

ဒါ့အပြင် ပြည်သူလူထုနဲ့ တိုက်ရိုက်ပတ်သက်တဲ့ သဘာဝဘေးအန္တရာယ် ကိစ္စမဟုတ်ဘဲ သာမာန် ကိစ္စရပ်များတွင် လွှတ်တော်မှာ အတည်မပြုခင် ဒီလို ကြိုတင်ဆောင်ရွက်တာတွေဟာ ဥပဒေပြုနေတဲ့ လွှတ်တော်အပေါ်အလေးမထားရာ ရောက်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

ဥပဒေကြမ်းနှစ်ခုနဲ့ ပတ်သက်ပြီးတော့ ပြည်နယ် ဘဏ္ဍာအခွန် စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီး ဦးဝေလင်းက သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများမှ အသုံးပြုမည့် ဘတ်ဂျတ်အသေးစိတ်စာရင်းကို လွှတ်တော်တွင် တင်ပြခဲ့ပြီး ကြိုတင်ဆောင်ရွက်ထားသည့် လုပ်ငန်းများ ရှိနေသည်မှာ မှန်ကန်ပါကြောင်း၊ နောင်အခါတွင် အသေးစိတ် ကြပ်မတ်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

နောက်ထက်စိတ်ဝင်စားစရာ တစ်ခုကတော့ လွှတ်တော်မှာ မေးခွန်းတွေ အများဆုံးမေးနေတဲ့ ရွှေကူမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်ယုဦး ပြောဆိုချက်တစ်ခုပါ။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေကို သက်ဆိုင်ရာ ပြည်နယ်အဆင့် ဝန်ကြီးများက ပြန်လည်ဖြေကြားတဲ့အခါမှာ စာဖတ်ပြီးမှသာ စဉ်းစဉ်းစားစားဖြေသင့်ကြောင့် ပြောကြားခဲ့တာပါ။

လွှတ်တော်နောက်ဆုံးရက်မှာ ‘စည်ပင်သာယာရေးဋ္ဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင် ရောင်းချခြင်းနှင့် ပတ်သက်ပြီး အခြေခံဥပဒေနှင့် ကွဲလွဲဆန့်ကျင်၍လည်းကောင်း၊ အခက်အခဲအမျိုးမျိုး အကြောင်းပြ၍ ပွင့်လင်းမြင်သာမှုမရှိ၊ ခေတ်နှင့် မလျှော်ညီတော့သည့် လေလံစည်းကမ်းအား ပြန်လည်ပြင်ဆင်ပေးရန်နှင့် ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်များဆိုင်ရာ အခန်း(၁၅) ပုဒ်မ ၈၄ အရ သက်ဆိုင်ရာမဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံဉာဏ်ပေးနိုင်ရေး၊ လေလံစည်းကမ်းများ ရေးဆွဲရာတွင် ပါဝင်ခွင့် ရှိ/မရှိ’ ဆိုတဲ့ ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခဲ့ပါတယ်။

ဆက်လက်ပြီး ဦးတင်ဦးယုက စည်ပင်ဋ္ဌာန လက်အောက်ရှိ လေလံတင်ရောင်းချခြင်းကိစ္စ၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန လက်အောက်ရှိ ရေချိုအင်းများလေလံတင် ရောင်းချခြင်းများသည် ပွင့်လင်းမြင်သာမှု အားနည်းသည့်အပြင် စည်ကမ်းသတ်မှတ်ချက်အချို့သည် ၂၀ဝ၈ ခြေ/ဥ နှင့် ဆန်ကျင်နေကြောင်း၊ အစုအဖွဲ့များကို လေလံဆွဲခွင့် မပေးသည့် ကိစ္စရပ်များ၊ လေလံဆွဲသူသည် တစ်ကယ်လုပ်ကိုင်မည့် သူသာ ဆွဲရမည်ဟု သတ်မှတ်ထားသော်လည်း တစ်ခါမျှ မလုပ်ကိုင်ဖူးသည့် ငွေရှင်ကြေးရှင်များ ပါဝင်နေကြောင်း စသည်ဆို့ကို ဆွေးနွေးမေးမြန်းခဲ့ပါတယ်။
မေးခွန်းနဲ့ပတ်သတ်ပြီးတာ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဝန်ကြီးနဲ့ စည်ပင်သာယာရေးဝန်ကြီး နှစ်ဦးတို့က ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်းက ရေချိုငါးလုပ်ငန်းဥပဒေ(ကချင်ပြည်နယ်) လေလံစည်းကမ်းများရေးဆွဲရာတွင် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ရမည်ဟု ပြဋ္ဌာန်းမထားကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဦးတင်ဦးယုက ပြန်လည်ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူလူထု အကျိုးစီးပွားအား ဆောက်ရွက်ရမည့်သူများ ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များကို ပါဝင်ခြင်းမပြု ဆိုသည်မှာ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း တုန့်ပြန်ဆွေးနွေးခဲ့ပါတယ်။

ဆက်လက်ပြီး ဦးကျော်ကျော်ဝင်းက ကချင်ပြည်နယ်တွင် နှစ်ရှည် ဂရန်အင်းပေါင်း ၄၀ ကျော်အား ၃ နှစ်တာကာလအတွက် ရောင်းချခဲ့ပြီးဖြစ်ကြောင်း၊ သမဝါယမအသင်းက ၂ သင်းက အင်းများအား လုပ်ကိုင်ခွင့်တောင်းဆိုခဲ့ကြောင်း၊ ငါးထုတ်လုပ်မှုအကောင်းဆုံးဖြစ်သည့် ရွှေကူမြို့ရှိ အင်းတော်လဟာကြီးအင်းကို နှစ်ရှည် ဂရန်အင်းအဖြစ်လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း ဆက်စပ် ဖြေကြားခဲ့ပါတယ်။

အထက်ကအဖြေနဲ့ ပတ်သက်ပြီး ဦးတင်ဦးယုက “သမဝါယမအသင်းကို ပေးတယ်ဆိုတာလည်း ရေချိုငါးလုပ်ငန်းဥပဒမှာ ဝန်ကြီးရဲ့ လုပ်ပိုင်ခွင့်မှာ အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်တယ်။ ဝန်ကြီးရဲ့လုပ်ပိုင်ခွင့်နဲ့ အခြေခံဥပဒေပုဒ်မ ၃၁၊ နိုင်ငံသည် အများပြည်သူများ အလုပ်လက်မဲ့ နည်းပါးစေရန် ကူညီဆောင်ရွက်မည်ဆိုတာကို ကျင့်သုံးပြီး ချပေးရင် ရပါတယ်။ ဝန်ကြီးချပေးလိုက်တဲ့ အင်းရွာ ၂ ရွာမှာ ရှိတဲ့ သမဝါယမအသင်းဟာ လူပေါင်း ၄၀ဝ လောက်ရှိတဲ့ အင်းကို အင်းတစ်အင်းထဲ လုပ်စားရအောင် ထမင်းတစ်ဆုပ်ကို တစ်စစီကောက်စားနိုင်လောက်တဲ့ အခြေအနေဖြစ်အောင် ပေးလိုက်တာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ အဲဒါကို” လို့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီကလည်း စည်ပင်ဋ္ဌာနလက်အောက်ရှိ လေလံတင်ကိစ္စများနဲ့ ပတ်သတ်ပြီး မေးခွန်းရှင်ပြောကြားခဲ့သည့်အတိုင်းမဟုတ်ဘဲ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ရမှာ ဦးတင်ဦးယုက အားလုံးကိုဆိုလိုခြင်း မဟုတ်ကြောင်း အချို့နေရာများတွင် ဥပဒေနှင့်ဆန့်ကျင်လျက်ရှိနေသည်ကို ထောက်ပြခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဖြေကြားချက်တွင်လည်း ဥပဒေနှင့် ဆန့်ကျင်နေသည်မှာ ပေါ်လွင်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။
”ကျွန်တော်တို့တွေဟာ ဘယ်ဥပဒေပဲဖြစ်ဖြစ် ခေတ်နှင့် တစ်ပြေးညီ ဥပဒေကိုလည်း ပြောင်းလဲရပါမယ်။ စည်းကမ်းချက်တွေလည်း ပြောင်းလဲသတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ ရေရှည်ကြီးကို တစ်သမတ်ထဲ သွားနေရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အားလုံးဟာ စာဖတ်ကြပြီးတော့ စဉ်းစဉ်းစားစား ဖြေသင့်ပါကြောင်း ပြောကြားလိုပါတယ်” လို့လည်း ဦးတင်ဦးယုက ထောက်ပြပြောဆိုခဲ့ပါတယ်။

ကချင်ပြည်နယ်လွှတ်တော်
ဓာတ်ပုံ – စည်သူ(မြစ်ကြီးနား)

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တွေက ကြယ်ပွင့်ပြထားသည့် မေးခွန်း ၇၈ ခု မေးခဲ့ကြပြီးတော့ နောက်ကျန်ရှိတဲ့ သက်တမ်းအတွင်းမှာလည်း ဘယ်လိုမေးခွန်းတွေကို မေးမြန်းဖြေကြားပြီးတော့ ဘယ်လိုဥပဒေတွေကို ဆွေးနွေးအတည်ပြုမလဲဆိုတာ စောင့်ကြည့်လေ့လာရဦးမှာပါ။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here