၂၀၁၈ မတ်လအထိ ဖားကန့်မြေစာပုံပြိုကျ လူဦးရေ ၃၀ ခန့်သေဆုံး

1614

မတ် ၂၀

ဖားကန့်ဒေအတွင်း ယခုနှစ် မတ်လ ၂၀ ရက်နေ့အထိ မြေစာပုံပြိုကျမှု ကမ်းပါးယံပြိုကျမှုများကြောင့် လူဦးရေ  ၃၀ ဦးခန့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယခုလ ၁၅ ရက်နေ့က တစ်သုံးလုံးကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှစွန့်ပစ်သည့် ကန်ခါမြေစာပုံပြိုကျခဲ့ခြင်းကြောင့် ရေမဆေး ၄ ဦးခန့်ပျောက်ဆုံးနေကြောင်းသိရပြီး ထိုအရေအတွက်ထက် ပိုမိုများပြားနိုင်ကြောင့် မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။

    “မြေစာပုံက အလယ်ကပြိုကျတာဗျ။ ကျွန်တော်တို့က ထွက်ပြေးလို့လွတ်သွားတာ။ အောက်ကိုကြည့်လိုက်တော့ ဓာတ်မီးဝင်းဝင်းနဲ့ဟာတွေ အကုန်ပျောက်သွားတယ်။ နှစ်ယောက်ပဲ တွေ့ရတော့တယ်။ အယောက်နှစ်ဆယ် အစိတ် လောက်တော့ပါသွားမယ်ထင်တယ်”ဟု မျက်မြင်သက်သေ ကိုဇော်မျိုးခိုင်မှ ပြောသည်။

ထို့ပြင် ဇန်န၀ါရီလ ၄ ရက်နေ့တွင် မော်မောင်းဘွမ်ကျေးရွာရှိ ဂျိတ်လန်းကျောက်မျက်တူးဖော်ရေးကုမ်္ပဏီ၏ စွန့်ပစ်မြေစာပုံပြိုကျပြီး ရေမဆေးလုပ်သား ၆ ဦး၊ ဇန်န၀ါရီလ ၆ ရက်နေ့က ဝှေခါကျေးရွာရှိ မြေစာပုံပြိုကျမှုကြောင့် ၅ ဦး နှင့် ဇန်န၀ါရီလ ၁၁ ရက်နေ့က ဆိပ်မူကျေးရွာအုပ်စု၊နမ့်မှော်ကျေးရွာအနီးမှာရှိတဲ့ ရတနာစမ်းရွှင်ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံပြိုကျခဲ့လို့ ရေမဆေး ၄ ဦး၊  ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် ဘက်ဟိုးဆရာတစ်ဦး၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ချောင်းဆုံမြေစာပုံတွင် အမျိုးသမီးတစ်ဦးအား မြေစာသယ်ယာဉ်ကြိတ်မိပြီး သေဆုံးခဲ့ရကြောင်းလည်း သိရသည်။

ထိုသို့ မြေစာပုံပြိုကျသေဆုံးမှုများနှင့်ပတ်သတ်ပြီး သက်ဆိုင်ရာမှ ရေမဆေးရှာဖွေသူများအနေဖြင့် အန္တရာယ်ရှိနိုင်သော မြေစာပုံများတွင် သွားရောက်ရှာဖွေကြခြင်းမပြုရန်နှင့် သတိထားဆင်ခြင်ပြီးမှသာ  ရှာဖွေကြရန်နှင့် တပိုင်တနိုင်လုပ်ကိုင်ခွင့်များကို ချထားပေးမည်ဆိုပါက ထိုသို့ မြေစာပိသေဆုံးခြင်းများမှ လျော့ကျသွားနိုင်ကြောင်းလည်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးမှ ပြောသည်။

    “မရှာနဲ့လို့လည်း ပြောလို့မရဘူးလေ။ တစ်ချို့ကျတော့လည်း အသက်အန်္တရာယ်ကို ပဓာနမထားဘဲ ရှာကြတယ်။ အန္တရာယ်ရှိနိုင်တဲ့နေရာမျိုးတော့ ရှောင်သင့်တယ်။ ကိုယ်ပိုင်တပိုင်တနိုင်တူးဖော်ခွင့်လေးတွေ ပေးထားရင်တော့မြေစာပုံမှာ လာရှာတာတွေနည်းသွားပြီးတော့ သေဆုံးမှုနည်းသွားနိုင်တယ်”ဟု ဦးတင့်စိုးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ထို့ပြင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရက်နေ့ကလည်း တစ်သုံးလုံးစွန့်ပစ်မြေစာပုံပြိုကျခဲ့ခြင်းကြောင့် လူဦးရေ ၁၄၄ ဦးခန့်ကို အလောင်းဆယ်ယူနိုင်ခဲ့ပြီး ၄၀၀ ခန့်သေဆုံးခဲ့သည်ဟုလည်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

စည်သူ(မြစ်ကြီးနား)၊

ဇော်မိုးထက်(ဖားကန့်)

LEAVE A REPLY

Please enter your comment!
Please enter your name here