၂၀၁၈ – ၁၉ ပညာသင်နှစ်တွင် နည်းပညာတက္ကသိုလ်သို့တက်ရောက်ခွင့်ရရှိသော ကျောင်းသူ/သားများ အဆောင်ရရှိမည်

2899

မြစ်ကြီးနား၊ စက်တင်ဘာ ၂၀
၂၀၁၈ – ၁၉ ပညာသင်နှစ်တွင် နည်းပညာတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိမည့် ကျောင်းသူ/သားများအနေဖြင့် နေစရာအဆောင်များရရှိတော့မည်ဖြစ်ကြောင်း မြစ်ကြီးနား နည်းပညာတက္ကသိုလ်မှ သိရသည်။


ယခု ပညာသင်နှစ်၏ ကျောင်းဖွင့်ချိန်ဖြစ်သော ဒီဇင်ဘာလတွင် နယ်ဝေးမှလာရောက် ကျောင်းတက်ကြရမည့် ကျောင်းသူကျောင်းသားများ လုံခြုံစွာနေထိုင်နိုင်ရေးအတွက် ကျောင်းမှနေစရာ အဆောင်များ ပြင်ဆင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိအချိန်တွင် မြစ်ကြီးနား နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ သုံးထပ် ကျောင်းဆောင်သစ် နှစ်ဆောင်နှင့် အလုပ်ရုံတစ်ရုံကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်လျက်ရှိသည်။

ထိုဆောက်လုပ်နေသောကျောင်းဆောင်များကို မီနီဘတ်ဂျက်အတွင်း ပြီးစီးအောင် ဆောက်လုပ်သွားမည်ဖြစ်ပြီး အဆိုပါအဆောင်များတွင် နယ်ဝေးမှ ကျောင်းသူများထဲမှ ပြင်ပဆောင်နေထိုင်ရန် ခက်ခဲသည့် ကျောင်းသူများအတွက် ဦးစားပေးစီစဉ်ထားသည်ဟု ကျောင်းအုပ်ဆရာကြီး ဒေါက်တာမြတ်သူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“အမှန်တော့ နယ်ကလူတွေအကုန်လုံးကို ထားချင်တာ။ ဒါပေမဲ့ ကျောင်းသားက ဘာပဲဖြစ်ဖြစ် ယောကျ်ားလေးဆိုတော့ လိမ္မာနေတယ်ဆိုရင် အပြင်မှာက စိုးရိမ်စရာမရှိဘူး။ မိန်းကလေးတွေကအပြင်မှာဆိုရင် ကျောင်းထက်တော့ လုံခြုံမှုနည်းတာပေါ့”ဟု ဒေါက်တာမြတ်သူက ပြောသည်။

၂၀၁၈ – ၁၉ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျောင်းဆောင်များကို တစ်နိုင်ငံလုံးအတိုင်းအတာ ခွဲဝေချထားပေးပြီး လိုအပ်သည်များကို ၂၀၁၉ – ၂၀ ပညာသင်နှစ်ဘတ်ဂျက်ကြီးတွင် ဖြည့်စွက်သွားရန်ရှိသည်ဟု ဒေါက်တာမြတ်သူက ဆက်ပြောသည်။
“၂၀၁၈ ဒီဇင်ဘာကျောင်းဖွင့်ချိန် မီနိုင်ပါတယ်။ အမှန်တော့ ဆရာတို့အနေနဲ့က ဒီဘက်နှစ်ကို ပြီးစေချင်တယ်။ တကယ်လို့ ၂၀၁၈ – ၁၉ ပညာသင်နှစ်ရဲ့ ဒုတိယနှစ်ဝက်ကို ထားနိုင်မယ်လို့ မျော်လင့်ပါတယ်”ဟု ဒေါက်တာမြတ်သူကပြောကြားသည်။

လက်ရှိ ဆောက်လုပ်နေသော ၃ ထပ်ကျောင်းဆောင်များမှာ ၁၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ အလုပ်ရုံမှာ ၈ ရာခိုင်နှုန်းခန့်သာ ပြီးစီးနေသေးကြောင်းသိရသည်။
ဆိုင်း(ကချင်မြေ)

LEAVE A REPLY

Please enter your comment!
Please enter your name here