လာမည့် ဧပြီလကုန် (သို့မဟုတ်) မေလဆန်းပိုင်းတွင် ကျင်းပရန် လျာထားသည့် ၂၁ရာစုပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေးကို KIO အနေဖြင့် မြောက်ပိုင်းအဖွဲ့နှင့် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
“KIO သီးသန့်တက်ဖို့ဆိုတာတော့ မကြားမိသေးဘူး။ ဒါပေမယ့် FPNCC အဖွဲ့အနေနဲ့တော့ အစိုးရတရားဝင်ဖိတ်ကြားလာရင်တော့ အဖွဲ့နဲ့ တက်မယ်လို့ ထုတ်ပြန်ချက်ထုတ်ထားတာရှိတယ်။ KIO အနေနဲ့ သီးသန့်တက်ဖို့က အခုထက်ထိ ဘာမှပြောသံဆိုသံမကြားရသေးဘူးဗျ”ဟု ကေအိုင်အိုအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေးသို့ သီးသန့်တက်ရောက်ရန် အစိုးရဘက်မှ KIO အဖွဲ့အား တရားဝင်ဖိတ်ကြားထားခြင်း မကြားမိသေးကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
“ဗဟိုကော်မတီဆီမှာ ဖိတ်တာလား။ ဒါမှမဟုတ် မဖိတ်ရသေးဘူးလား မသိရသေးဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
၂၁ ရာစု ပင်လုံညီလာခံတတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် အစိုးရက တရားဝင်ဖိတ်ကြားလာပါက ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်အားလုံး စုံစုံညီညီ တက်ရောက်မည်ဟု မတ်လ ၂၈ ရက်တွင် သဘောထားထုတ်ပြန်ထားသည်။
ထို့အတူ အစည်းအဝေးတက်ရောက်ရာတွင်လည်း လုံခြုံရေး အာမခံချက်ရှိရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအနေဖြင့် ထိုခရီးစဉ်အတွက် ကူညီထောက်ပံ့ပေးရန် မေတ်္တာရပ်ခံထား ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြောက်ပိုင်းလက်နက်ကိုင် ခုနှစ်ဖွဲ့မှ ခေါင်းဆောင်များ ပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ ဒုတိယအကြိမ် အမြဲတမ်းကော်မတီအစည်းအဝေးကို ပန်ဆန်းမြို့၌ မတ်လ ၂၆ ရက်မှ ၂၈ ရက်အထိပြုလုပ်ခဲ့ပြီး အထက်ပါအတိုင်း သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ FPNCC အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)မှ ဥက်္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လက ဥက္ကဋ္ဌ-၂ နေရာတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
FPNCC သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရက်္ခိုင် အမျိုးသားအဖွဲ့ချုပ် (ULA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ရှမ်းပြည်နယ် အရှေ့ပိုင်းငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC)၊ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ဖြင့် ဖွဲ့စည်းထားသည့် ကော်မတီဖြစ်သည်။
Salai







