ကချင်ပြည်နယ်အစိုးရ၊ စည်ပင်သာယာရေး ၀န်ကြီးဌာန ၀န်ကြီးဦးနေ၀င်းနှင့် တွေ့ဆုံမေးမြန်းချက်များ

2907
U Nay Win

ကချင်ပြည်နယ်ထဲက ဘီးခွန်ဂိတ်တွေ ဖျက်သိမ်းလိုက်တဲ့ကိစ္စ၊ စည်ပင်ဘဏ္ဍာငွေရရှိမှုအခြေအနေ၊ မြစ်ကြီးနား လမ်းဘေးကခုတ်လှဲလိုက်တဲ့ကုက်္ကိုလ်ပင်တွေ တရုတ်ပြည်ကို ရောင်းစားတယ်လို့ ပြည်သူကြားမှာ အငြင်းပွားနေတဲ့ကိစ်္စတွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရ၊ စည်ပင်သာယာရေး ၀န်ကြီးဌာန ၀န်ကြီးဦးနေ၀င်းနှင့် တွေ့ဆုံမေးမြန်းချက်များကို ဖော်ပြလိုက်ပါတယ်။

စည်ပင်သာယာရေးဝန်ကြီး ဦးနေ၀င်းသည် ၂၀၁၅  ခုနှစ် ရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် NLD ပါတီဝင်တစ်ဦးဖြစ်ပါသည်။ ယင်းမတိုင်မီက မြစ်ကြီးနားဈေးတွင် နေမာလာအမည်ဖြင့် ရွှေဆိုင်ဖွင့်လှစ်ကာ လင်းရောင်ခြည်ရပ်ကွက်တွင် နေထိုင်ခဲ့သည်။

 

ပထမဦးဆုံးအနေနဲ့ မေးချင်တာက ဘီးခွန်ဂိတ်တွေပိတ်လိုက်တဲ့ကိစ်္စပါ။ ဘာကြောင့်ပိတ်လိုက်ရတာလဲ ခင်ဗျ။

အဓိက ဘီးခွန်ဂိတ်တွေ ပိတ်လိုက်တာကတော့ ပြည်သူတွေသွားလာမှု လွယ်ကူစေဖို့ရယ်၊ ဒီလိုသွားလာတာ လွယ်ကူရင် ကုန်စည်စီးဆင်းမှုက ပိုမိုသွက်လက်မယ်။ ပြည်သူတွေအကျိုးကို ရှေ့ရှုပြီးတော့လုပ်တာပါ။ ဒါပေမယ့် တစ်ပိုင်းတော့ရှိတာပေါ့။ ဒီလိုပိတ်လိုက်တယ်ဆို တစ်ဖက်က ဘာလာဖြစ်လဲဆိုတော့ စီမံကိန်းလျာထားချက်တွေ ရှိတယ်။ တိုင်းပြည်ဖွံ့ဖြိုးဖို့က အခွန်နဲ့ပဲလုပ်ရတာလေ။ အဲဒီတော့ အခွန်ဝင်ငွေလျော့သွားမယ်။ ပြည်သူတွေကို သိစေချင်တာက အခွန်ကောက်တယ်ဆိုတာ ပြည်သူ့အကျိုးအတွက် ကောက်တယ်ဆိုတာ သိစေချင်ပါတယ်။

 

ကျွန်တော်တို့ ကချင်ပြည်နယ်မှာ ဖျက်သိမ်းလိုက်တဲ့ ဘီးခွန်ဂိတ်အရေအတွက် ဘယ်လောက်ရှိပါသလဲ။ အဲဒီဂိတ်တွေကနေ အခုဘတ်ဂျက်အပြောင်းအလဲကြား ကာလအတွက် လေလံကြေးဘယ်လောက် ရရှိပါသလဲခင်ဗျ။

ဘီးခွန်ကောက်တဲ့ ဂိတ်ပေါင်းက ၁၈ ခုရှိတယ်။ ဒီ ၁၈ ခုကို အန်ကယ်လ်တို့ ဒီ ၆ လအတွက် ကြမ်းခင်းဈေး လျာထားတာက ကျပ်သိန်းပေါင်း ၃၅၁၃ လျာထားတယ်။ ဒါပေမယ့် ရရှိတဲ့ငွေက ၉၃၅၅ သိန်း ရတယ်။ ကြမ်းခင်းဈေးထက်ကို သိန်း ၆၀၀၀ ကျော်လောက်ပိုရတာပေါ့လေ။ ဒါတွေတိုးလို့ ပြည်သူက ဘီးခွန်ခ တိုးဆောင်ရတာမဟုတ်ဘူး။ လေလံဆွဲတဲ့သူတွေက သူတို့ကိုက်လို့ပေးတာ။ အဲဒါလည်း သိဖို့လိုပါတယ်။

 

လက်ရှိလေလံပိုင်ရှင်တွေ ပေးသွင်းထားတဲ့ ငွေတွေကိုရော ဘယ်လိုပြန်လုပ်ပေးသွားမလဲ သိပါရစေ။

အန်ကယ်လ်တို့ ပြန်ပေးရမှာပေါ့။ သူတို့ကောက်ထားတဲ့ ၁၈ ရက်စာကတော့ နိုင်ငံတော်ကိုပေးရမှာ။ ကျန်တဲ့သူတွေ သွင်းထားတဲ့ငွေတွေ အကုန်ပြန်ပေးရမှာပေါ့။

 

အခု မြစ်ကြီးနားမြို့ပေါ်မှာရော ကျန်မြို့နယ်တချို့မှာရော လမ်းတွေပြင်တဲ့အခါ ရေမြောင်းစနစ်တွေရော ပါလို့  တော်တော်လေး ကောင်းပါတယ်။ ဆရာတို့အနေနဲ့ အဲဒီအတွက် ဘတ်ဂျက်ဘယ်လောက်သုံးစွဲပြီး လုပ်ဆောင်နေတယ်ဆိုတာလေးရော ပြောပြပေးပါဦး။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးနဲ့တွက်ရင် စည်ပင်ကနေရတဲ့ရရှိငွေနဲ့  ၉၀၉၃ ဒသမ ၈၇ သန်း လျာထားတယ်။ ပြုပြင်ပြီး လျာထားငွေက သန်းပေါင်း ၁၂၀၇၃ ဒသမ ၆၄၇ ဖြစ်တယ်။ အမှန်ရရှိတဲ့ငွေက သန်းပေါင်း ၁၂၁၁၆ ဒသမ ၄၅၅ အဲဒီကရတဲ့ငွေတွေနဲ့ ပြည်နယ်ရဲ့ဖွံဖြိုးတိုးတက်မှုကို လုပ်တာဖြစ်တယ်။

 

လက်ရှိဘတ်ဂျက်လမှာရော ဘယ်လောက် အကုန်ကျခံပြီးလုပ်သွားဖို့ ရှိသလဲခင်ဗျ။

လျာထားငွေတွေ ဘာတွေရှိတယ်။ တကယ်တော့ ကောက်ခံရတဲ့ငွေနဲ့ပဲ အဓိကလုပ်ရမှပေါ့။ ၆ လစာအတွက် ဆွဲထားတာက သန်းပေါင်း ၅၃၆၂ ဒသမ ၄၈၆ သန်းလျာထားပါတယ်။

 

လမ်းတွေချဲ့ဖို့အတွက် သစ်ပင်တွေခုတ်တဲ့ ကိစ်္စနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေကြားမှာ ပြောဆိုနေကြတာတွေ ရှိပါတယ်။ ဆရာတို့အနေနဲ့ ဒီအပင်တွေခုတ်ဖို့ ဘယ်လို စီမံဆောင်ရွက်ခဲ့လဲဆိုတာ သိပါရစေခင်ဗျ။  

လမ်းတွေချဲ့တော့ အရင်က ၁၂ ပေလမ်းတွေပဲရှိတာကိုး။ လူဦးရေကလည်း များတယ်။ ကားတွေကလည်း များလာတယ်ဆိုတော့ လမ်းချဲ့တယ်။ လမ်းနဲ့မလွတ်တဲ့အပင်ကြီးတွေကို ခုတ်ရတယ်။ ခုတ်တယ်ဆို တာက ဒီလမ်းလုပ်တဲ့ ကုမ်္ပဏီပေးရတာ။ ခုတ်တာရောဘာရော စီမံခန့်ခွဲမှုလည်း သူတို့ပဲလုပ်တာ။ နောက်တစ်ခုက အဲဒီအပင်ကို ခုတ်တဲ့ ခုတ်ခက သိန်းငါးဆယ်ခြောက်ဆယ်လောက် ရှိတယ်။ အဲဒီလောက်ရှိတော့ အန်ကယ်လ်တို့ ဘတ်ဂျက်က မထုတ်ပေးနိုင်ဘူး။ လမ်းလုပ်တဲ့သူကပဲ အောက် အမြစ်အကုန်လုံးကို တူးထုတ်ရမယ်။ သစ်ပင်တွေကို ဘာပဲလုပ်လုပ် လမ်းလုပ်တဲ့သူက စီမံခန့်ခွဲတယ်။  တင်ဒါရရှိတဲ့ ကုမ္ပဏီကပဲ သူ့ဟာသူ စီမံခန့်ခွဲတာ။ အန်ကယ်လ်တို့စည်ပင်က ဘာတာဝန်ယူလဲဆိုတော့ လမ်းတွေပြီးရင် သစ်ပင်တွေပြန်စိုက်ပေးတယ်။

 

ပြည်သူတွေကြားထဲ ကြားနေရတာက ဒီအပင်တွေကို တရုတ်ကို ရောင်းစားနေကြတယ်လို့ ပြောနေကြတယ်။ အဲဒီအပေါ်မှာ ၀န်ကြီးအနေနဲ့ ဘာပြောချင်ပါသလဲ။

ဒီလောက်အပင်နည်းနည်းလေးနဲ့ တရုတ်ပြည်ကို ရောင်းစားလို့မရဘူးလေ။ မြစ်ကြီးနားမှာ ခုတ်နေတာက တစ်ခါတည်း လေးငါးဆယ်ကြီးပဲ ခုတ်နေသလိုလို အော်နေကြတယ်။ တကယ်ခုတ်တာက ဆယ်ဂဏန်းလောက်ပဲ ရှိတယ်။ နောက်ပြီးဒီသစ်ပင်တွေက အရမ်းကြီးတယ်။ အန်ကယ်တို့ဆို မိုးရွာရင်တောင် အောက်က မဖြတ်ရဲကြဘူး။ ကျိုးကျတယ်။ လူတွေကားတွေပေါ်ပိတယ်။ ဒီသစ်ပင်တွေက နှစ်ဆယ်ချီရှိတယ်ဆိုလည်း မထားသင့်တဲ့အပင်တွေ။ အမျိုးအစားအရရော ခုတ်ကိုခုတ်ရမယ့်အပင်တွေ။ အမြစ်ကလည်း အောက်မှာအရမ်းပြန့်တော့ လမ်းတွေလည်းပျက်တယ်။ အသားပွတွေ။ အစားထိုးအပင်တွေပဲစိုက်သင့်တယ်။ အရိပ်လည်းရမယ်။ မြို့အင်္ဂါရပ်နဲ့အညီ လှလည်းလှပရမယ်။ အခု စိုက်လည်းစိုက်နေပါပြီ။ ရှေ့ဆက်ပြီးလည်း စိုက်နေဦးမှာပဲ။

 

တိုးဂိတ်တွေလုပ်မယ်လို့ ကြားတယ်။ ဘယ်နှစ်ဂိတ်လောက်လဲ။ ဘယ်တော့လောက်စလုပ်မှာလဲ ခင်ဗျ။

အဲဒါကတော့ လမ်းဦးစီးနဲ့ပဲဆိုင်တယ်။ အစီအစဉ်တော့ရှိတယ်။ ကျန်တာကတော့ လမ်းဦးစီးကပဲ လုပ်မှာ။ သူတို့တင်ပြလာတဲ့အပေါ် မူတည်မှာပေါ့။

 

အခုဆိုရင် ရပ်ကွက်တွေမှာ လမ်းတွေခင်းကြတယ်ဆရာ။ ဒါပေမယ့် တချို့ရပ်ကွက်တွေမှာ လူသုံးများပေမယ့် ကျန်နေသေးတာတွေ့ရတယ်။ ဥပမာ မြို့သစ်ကြီးကွက်သစ်လိုနေရာမျိုးတွေပေါ့။ အဲဒီရပ်ကွက်မှာရော ကတ္တရာလမ်းခင်းဖို့အစီအစဉ်တွေ ရှိပါသလား။

လမ်းတွေကတော့ နှစ်အလိုက်လျာထားချက်တွေရှိပါတယ်။ စည်ပင်ဆိုရင် အန်ကယ်ပြောချင်တာက  အများပြည်သူ အများဆုံးအသုံးပြုတဲ့လမ်းကို ဦးစားပေးလုပ်ရတယ်။ ကျောင်းရှိလား၊ လမ်းရှိလား၊ ဘာသာရေး အဆောက်အအုံတွေရှိသလား အဲဒါတွေကြည့်ပြီး ဦးစားပေးစနစ်နဲ့ သွားပါတယ်။ မြစ်ကြီးနားမှာဆိုရင် စည်ပင်ပြည်သူလမ်းက တင်ထားတဲ့လမ်းတွေက အများကြီးပဲ။ လုပ်ပေးချင်တာပေါ့၊ ဘတ်ဂျက်မရှိလို့ လုပ်မပေးနိုင်တာလေ။

 

ဟုတ်ပါတယ်ခင်ဗျ… ဒါကဘတ်ဂျက်အခက်အခဲပေါ့။ စည်ပင်အခွန်ကောက်ခံရရှိမှုနှုန်းကျတော့ရော ကချင်ပြည်နယ်က တိုင်းနဲ့ပြည်နယ်တွေထဲမှာ အဆင့်ဘယ်လောက်လောက်ရှိလဲခင်ဗျ။

မြစ်ကြီးနားမြို့အနေနဲ့ တစ်နိုင်ငံလုံးမှာ စည်ပင်အခွန်အများဆုံးရတယ်။ ၁၈ မြို့နယ်မှာ လုံးဝအခွန်မရတဲ့မြို့နယ်တွေရှိတယ်။ ခေါင်လန်ဖူးတို့ ချီဖွေ၊ ဆော့လော်ဘက်တွေက လုံးဝမရဘူး။ သူတို့ဆီက ၀န်ထမ်းစရိတ်က အခွန်ရရှိတဲ့ မြို့နယ်တွေက ထောက်ပံ့ရတာ။ စည်ပင်သာယာရေးအဖွဲ့ရဲ့ အခွင့်အရေးလိုင်စင်တွေကနေ အခွန်အများဆုံးရတာပါ။

 

ဟုတ်ကဲ့… ကျွန်တော့်မေးခွန်းကတော့ ဒီလောက်ပါပဲခင်ဗျ။ စာဖတ်ပရိသတ်ကို ၀န်ကြီးအနေနဲ့ တစ်ခုခုဖြည့်စွက် ပြောကြားပေးစေချင်ပါတယ်။

အန်ကယ်လ်တို့ အစိုးရလက်ထက်မှာ လူတိုင်းလူတိုင်း တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်အောင် အစွမ်းကုန် လုပ်နေတယ်။ အထူးသဖြင့် ပြည်သူတွေကို ပေးဆပ်ပြီးမှ လုပ်ဖို့လိုတယ်။ အခုဆို လမ်း၊ ရေမြောင်းတွေက ဘယ်တုန်းကနဲ့မှ မတူပါဘူး။ အရင်အစိုးရအဆက်ဆက်ကလည်း ဒီဘတ်ဂျက်ပဲရတာပဲ။ ဒီအစိုးရလည်း ဒီဘတ်ဂျက်ပဲရတာပဲ။ လမ်းကြီးတွေပြီးသွားပြီ။ အခုမြစ်ကြီးနားမှာဆိုရင် အရင်တုန်းက ပန်းခြံဆိုတာ ခြုံပုတ်သာသာလောက်ပဲဖြစ်နေတာ။ အခုဆိုရင် ပန်းခြံကို သွားကြည့်ရင်တွေ့မှာပါ။ အများပြည်သူတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ သုံးစွဲနိုင်တယ်။ မိသားစုတွေ လည်ပတ်နိုင်တယ်။ ဧရာဦးပန်းခြံဆိုလည်း ညနေညနေဆို တော်တော်စည်တယ်။ အများအကျိုးရှိတဲ့ လုပ်ငန်းတွေကို စည်ပင်ကနေ လုပ်ပေးနေတယ်ဆိုတာ ပြည်သူတွေသိစေချင်ပါတယ်။

အခုလိုဖြေကြားပေးတဲ့ ၀န်ကြီးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျ။

LEAVE A REPLY

Please enter your comment!
Please enter your name here